BREAKING
December 22, 2024

ပုလောပင်လယ်ပြင် စက်လှေမှောက်မှု ကယ်ဆယ်ရေးအခြေအနေ

October 21, 2024

ပုလောမြို့နယ် ကျောက္ကာရွာအနီးရှိ ပင်လယ်ပြင်တွင် ခရီးသည်တင်စက်လှေတစ်စီး အောက်တိုဘာလ ၂၀ ရက်ညက တိမ်းမှောက်သွားခဲ့သည်။

အဆိုပါလှေပေါ်တွင် ခရီးသည် ၉၀ ခန့်လိုက်ပါလာပြီး လက်ရှိတွင် ဒေသခံ ကယ်ဆယ်ရေးအဖွဲ့များက ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေကြသည်။

ကျောက္ကာကျေးရွာအနီးရှိ မီးလောင်ချောင်းရွာနှင့် ကြဲရွာတစ်ဝိုက်တွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်များ ရက်ရှည်တိုက်ပွဲဖြစ်ပွားနေပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်နေခဲ့သည်။

ယင်းကြောင့် ဒေသခံစစ်ဘေးရှောင်များ၊ မြိတ်မြို့တွင် ကျောင်းတက်နေပြီး သီတင်းကျွတ်ကျောင်းပိတ်ချိန် နေရပ်ပြန်လာကာ ကျောင်းပြန်သွားတက်ကြမည့် ကျောင်းသူကျောင်းသားများလည်း အဆိုပါစက်လှေဖြင့်ပင် လိုက်ပါသွားကြသည်။

အဆိုပါ လှေမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးပျောက်ဆုံးခဲ့ရသည့် အရေအတွက်၊ အသက်ရှင်လျက် ကယ်ဆယ်ထားနိုင်သည့် အခြေအနေကို သိရှိနိုင်ရန် မြေပြင်ကယ်ဆယ်ရေးလုပ်ငန်းခွင်အတွင်းရောက်ရှိနေသည့် အရှင်သုန္ဒရအား ဆက်သွယ်မေးမြန်းထားမှုကို ကောက်နုတ်တင်ဆက်လိုက်သည်။

DW ။ စက်လှေမြုပ်တဲ့နေရာမှာ ရှာဖွေကယ်ဆယ်ရေးလုပ်နေတဲ့ နောက်ဆုံးအခြေအနေက ဘယ်လိုရှိလဲ ဘုရား။

ဖြေ ။ ကယ်ဆယ်ရေးသမားတွေ အခုထမင်းစားနေကြတယ် ဒကာကြီး။မြုပ်တဲ့လှေကတော့ တွေ့သွားပြီ။ အခုထမင်းစား ပြီးလို့ နားပြီးရင်အဲဒီမြုပ်တဲ့လှေဆီကို ပြန်သွားမှာလေ။

DW ။ အခုဆိုရင် အလောင်းက ဘယ်နှစ်လောင်းလောက် တွေ့ပြီလဲမသိဘူးနော်ဘုရား။

ဖြေ ။ အလောင်းကတော့ ၁၁ လောင်းပဲ တွေ့သေးတယ်။လှေ(မြုပ်သည့်လှေ) ထဲမှာ ဘယ်လောက်ကျန်ဦးမယ်မသိသေးဘူး။

DW ။ ဒါဆိုရင် လှေပေါ်မှာက ဘယ်နှစ်ဦးလောက်ပါသွားတယ်လို့ သိထားရလဲဘုရား။

ဖြေ ။ လှေပေါ်မှာကတော့ လွတ်လာတဲ့သူတွေပြောတာကတော့ ၉၀ လောက်ပါတယ်လို့ ပြောတယ်။မသေဘဲနဲ့ ပြန်လွတ်လာသူတွေ ပြောတာလေ။

DW ။ လှေပေါ်မှာက ကျောင်းသားတွေ အများကြီးပါတယ်လို့ သိရတာပေါ့နော်ဘုရား။

ဖြေ ။ ဟုတ်တယ် ကျောင်းသားဦးရေက များတယ်။ကျောင်းသားတွေက ကျောင်းပိတ်လို့လာတာ(မြိတ်ကပြန်လာကြ)။ (သီတင်းကျွတ်)ကျောင်းပိတ်ချိန် ပြန်လာပြီးတော့ အခုကျောင်းဖွင့်မှာမလို့ ပြန်လိုက်သွားတာလေ ကျောင်းသားတွေက။ မြိတ်မှာကျောင်းတက်နေတဲ့ ကျောင်းသားတွေက ကျောင်းဖွင့်တော့မှာမို့ ပြန်သွားကြတာ။

DW ။ ပလဘက်က စစ်ဘေးရှောင်တွေလည်း ပါသွားကြတယ်လို့ ကြားတယ်ဘုရား ။ အဲဒါမှန်လားဘုရား။

ဖြေ ။ စစ်ဘေးရှောင်တွေက သူတို့က ကျောက္ကာကနေပြီးတော့ မြိတ်ကို လိုက်မယ်ဆိုပြီးတော့ လာတာလေ။သေဆုံးတဲ့အထဲမှာ စစ်ဘေးရှောင်တွေလည်း ပါတယ်လေ။

DW ။ အခုဆိုရင် ဒေသခံတွေကပဲ ဦးဆောင်ပြီးတော့ ကယ်ဆယ်ရေးလုပ်နေတဲ့သဘောလားဘုရား။ လက်ရှိဆိုရင် အသက်ရှင်လျက် ကယ်ဆယ်နိုင်တဲ့သူက ဘယ်လောက်ရှိလဲဘုရား။

ဖြေ ။ ဟုတ်တယ်။ မြိတ်က ကယ်ဆယ်ရေးသမား ပရဟိတသမားတွေ ဆင်းလာကြတယ်လေ။ လာပြီးတော့ လာဆယ်ပေးတယ်သူတို့။အဲဒါသူတို့ စာရင်းဇယားလိုက်တောင်းလိုက်တာ ၁၇ ဦးလိုသေးတယ်လို့ ပြောတယ်။ ပျောက်ဆုံးနေဆဲပေါ့နော်။ အလောင်းက ၁၁ လောင်း၊ ပျောက်ဆုံးနေတာက ၁၇ ဦး။ကျန်တဲ့သူတွေက ပြန်ရပြီ မသေဘူးတဲ့။

DW ။ ပျောက်ဆုံးနေတဲ့ ၁၇ ဦးထဲမှာ ကလေးတွေက ဘယ်လောက်ပါတယ်လို့ သိထားရလဲဘုရား။

ဖြေ ။ ၁၇ ဦးထဲမှာ ကျောင်းသား ကျောင်းသူတွေများတယ်လို့ ပြောတယ်။ သူတို့(ကယ်ဆယ်ရေးသမားတွေ) ပြောနေကြတာတော့ ကျောင်းသား ကျောင်းသူတွေ မရသေးဘူးလို့ ပြောတယ်။ အခုသေဆုံးတဲ့အထဲမှာရော ၊ ကယ်ဆယ်လို့ရတဲ့သူတွေထဲမှာ ကျောင်းသားကျောင်းသူတွေ မပါသေးဘူး။ ပျောက်နေတဲ့အထဲမှာ ကျောင်းသားဘယ်နှစ်ဦးလောက်ပါလဲဆိုတာ ဦးဇင်းတို့လည်း မသိရဘူး။

DW ။ အဲဒီမှာ မြုပ်သွားတာက ခရီးသည်တင်လှေလို့လည်း ပြောတယ်။ ငါးဖမ်းလှေလို့လည်းပြောတယ်။ အဲဒါဘယ်လိုလှေအမျိုးအစားလဲ ဘုရား။

ဖြေ ။ ငါးဖမ်းလှေမဟုတ်ဘူး။ ခရီးသည်တင်လှေပါ။ ကျောက္ကာနဲ့ မြိတ်နဲ့ ဆွဲနေတဲ့ ခရီးသည်တင်လှေလေ။အဲလိုမျိုးပါ။

DW ။ အရှင်ဘုရားက မြေပြင်မှာရှိနေတယ်ဆိုတော့လေ အခုလှေမြုပ်တဲ့နေရာနဲ့ ကျောက္ကာရွာနဲ့ဆိုရင် ဘယ်လောက်ကွာဝေးလဲမသိဘူးနော်ဘုရား။

ဖြေ ။ ခန့်မှန်းခြေဆိုရင် မိနစ် ၂၀ လောက်မောင်းရမယ်။အခုလှေမှောက်တဲ့နေရာနဲ့ ကျောက္ကာရွာနဲ့ဆိုရင်။သိပ်တော့ မဝေးဘူးပေါ့။ရွာနဲ့ မနီးမဝေးလေးမှာပဲ။

DW ။ လှေမှောက်တဲ့အချိန်မှာ ပင်လယ်မှာ ရာသီဥတုအခြေအနေက ဘယ်လိုရှိတယ်လို့ သိထားရလဲဘုရား။

ဖြေ ။ ညက လှေမြုပ်တဲ့အချိန်မှာ မိုးမရွာဘူး ရေကကြီးတယ်။ ရေစီးကြမ်းတယ် ဒကာကြီး။ လှိုင်းရှိတယ်။

DW ။ မြုပ်သွားတဲ့လှေအရွယ်အစားဆိုရင် ဘယ်လောက်ကြီးလဲဘုရား။

ဖြေ ။ လှေကကျတော့ မြိတ်က ဝါလပ်လှေ အရွယ်လောက်ရှိတယ်။ ဒီမှာကကျတော့ နှစ်ထပ်လုပ်ထားတာလေ။ လူလည်းစီးလို့ရအောင် ပစ္စည်းလည်းတင်လို့ရအောင်လို့လေ။ အပေါ်ထပ်မှာက ပစ္စည်းတွေထားတာ။လူတွေက အောက်ထပ်မှာနေတာလေ။ အပေါ်ထပ်မှာနေတဲ့လူတွေကတော့ လွတ်သွားတာပေါ့နော်။အောက်ထပ်မှာ လှေဝမ်းထဲမှာနေတဲ့သူတွေက မလွတ်ဘူး အဲလိုမျိုး။