BREAKING
January 11, 2025

ပုလော ပင်လယ်ပြင် လှေမှောက်မှု ၁၁ လောင်းတွေ့ထားပြီး ၁၇ ဦးပျောက်ဆုံးနေဆဲ

October 21, 2024

ဓာတ်ပုံ - အရှင်ဣန္ဒက ကျောက္ကာကျွန်း

ပုလောမြို့နယ် ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် လှေမှောက်မှုဖြစ်စဉ်အတွင်း သေဆုံးသွားသည့် အလောင်း ၁၁ လောင်းတွေ့ရှိထားပြီး ၁၇ ဦး ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အခင်းဖြစ်ရာအနီး ရောက်ရှိနေသူအချို့ထံမှ သိရသည်။

ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် ခရီးသည်တင်စက်လှေသည် အောက်တိုဘာလ ၂၀ ရက် ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်တွင် နစ်မြုပ်သွားခြင်းဖြစ်သည်။

ကျန်သူများကိုမူ အသက်ရှင်လျက် ပြန်လည်ကယ်ဆယ်ထားနိုင်ကြောင်း အခင်းဖြစ်နေရာအနီးတွင် ရောက်ရှိကူညီနေသည့် ရဟန်းတစ်ပါးဖြစ်သော အရှင်သုန္ဒရက မိန့်သည်။

၆၀ ကျော်ခန့် ကယ်ဆယ်ထားနိုင်ပြီဟု သိရသော်လည်း အရေအတွက် အတိအကျကိုမူ မသိရသေးပေ။

အဆိုပါ လှေပေါ်တွင် ခရီးသည် ၉၀ ဦးခန့် လိုက်ပါသွားပြီး လှေမြုပ်ချိန်တွင် မိုးရွာသွန်းခြင်းမရှိသော်လည်း ရေစီးကြမ်းကာ လှိုင်းရှိနေကြောင်း၊ စက်လှေသည် ကျောက္ကာကျေးရွာမှမိနစ် ၂၀ ခန့် သွားရသည့်နေရာတွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ၎င်းက မိန့်သည်။

စက်လှေပေါ်တွင် မြိတ်မြို့ရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသွားတက်မည့် ကျောင်းသူကျောင်းသားများနှင့် စစ်ဘေးရှောင်အချို့လည်း ပါဝင်ကြောင်း ၎င်းက မိန့်သည်။

“ကျောင်းသားတွေက ကျောင်းပိတ်လို့လာတာ(မြိတ်ကပြန်လာကြ)။ (သီတင်းကျွတ်)ကျောင်းပိတ်ချိန် ပြန်လာပြီးတော့ အခုကျောင်းဖွင့်မှာမလို့ ပြန်လိုက်သွားတာလေ”ဟု အရှင်သုန္ဒရက မိန့်ကြားသည်။

ပျောက်ဆုံးနေသူများတွင် ကျောင်းသူ ကျောင်းသားအများစုပါဝင်နေပြီး စာရင်းအတိအကျကိုမူ မသိရသေးကြောင်း ၎င်းက မိန့်သည်။

လက်ရှိတွင် မြုပ်သွားသည့် လှေအားပြန်လည်တွေ့ရှိထားပြီး မြိတ်မြို့မှ ကယ်ဆယ်ရေးအဖွဲ့များအပြင် ဒေသခံကယ်ဆယ်ရေးသမားများက ယင်းလှေအတွင်း ရှာဖွေမှုများလုပ်ရန်ပြင်ဆင်နေကြောင်း ၎င်းက ဆိုသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်အတွင်းရှိသည့် ကျွန်းပေါ်တွင်တည်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့ကစကာ တိုက်ပွဲပြင်းထန်နေသည့် မီးလောင်ချောင်းရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။