BREAKING
January 11, 2025

စင်တာထဲ သေနတ်ဖြင့်ပစ်မည်ဟုရေးသူမှာ အကောင့်ပိုင်ရှင် မြန်မာလူမျိုး မဟုတ်ဟု ထိုင်းရဲဆို

October 21, 2024

ထိုင်းနိုင်ငံ ခွန်ကယ်ဒေသရှိ Cenral Plaza ရှောပင်းစင်တာထဲဝင်ရောက်ကာ သေနတ် ပစ်ခတ်မည်ဟု ခြိမ်းခြောက်ရေးသားသူမှာ အကောင့်ပိုင်ရှင် မြန်မာနိုင်ငံသား မဟုတ်ကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်ဟု ထိုင်းရဲတပ်ဖွဲ့က အတည်ပြု ပြောကြားလိုက်သည်။

ပြီးခဲ့သော အောက်တိုဘာလ ၁၇ ရက်နေ့က ခွန်ကယ် Facebook Group ထဲသို့ ပိုစ့်တင်ပြီး ရှောပင်းစင်တာထဲသို့ သေနတ်ဖြင့် အချက်ရေ ၅၀ ခန့် ဝင်ရောက်ပစ်ခတ်မည်ဟု မြန်မာနိုင်ငံသားတစ်ဦး၏ Facebook အကောင့်ဖြင့် ခြိမ်းခြောက်ရေးသားခဲ့သည်။

ပိုစ့်တွင် “နောက် ၃၀ မိနစ်အကြာမှာ စင်တာထဲ တွေ့ကြရအောင်။ လူ ၅၀ လောက်ကို ပစ်ဖို့လုပ်ထားတယ်။ အဲ့ထဲက ၂၀ လောက် သေနိုင်တယ်” ဟု အဓိပ္ပာယ်ရသည့် ခြိမ်းခြောက်စာကို ထိုင်းဘာသာဖြင့် ရေးသားခဲ့သည်။

ပိုစ့်ကိုလည်း ကျည်ဆန်အပြည့်ဖြည့်ထားသော သေနတ်တစ်လက်နှင့်အတူ ပူးတွဲတင်ခဲ့ပြီး သေနတ်ကိုရရှိရန် ၆ လအထိ စောင့်ဆိုင်ခဲ့ရကြောင်း ခြိမ်းခြောက်ရေးသားခဲ့သည်။

ခြိမ်းခြောက်စာကြောင့် ထိုင်းနိုင်ငံသားများကြား စိုးရိမ်မှုပိုများလာသဖြင့် စင်တာထဲ မသွားကြရန် တိုက်တွန်းခဲ့သလို စင်တာအတွင်းရှိ ဆိုင်များလည်း ပုံမှန်ထက် အချိန်စောပိတ်ခဲ့ကြပြီး ရဲတပ်ဖွဲ့များက လုံခြုံရေးအပြည့် ယူပေးခဲ့ကြသည်။

သို့သော်လည်း သံသယရှိသူ ထွက်ပေါ်လာခဲ့ခြင်းမရှိဘဲ နောက်တစ်နေ့တွင် ဈေးဝယ်စင်တာကို ပုံမှန်အတိုင်းပြန်လည်ဖွင့်လှစ်ခဲ့သည်။

ခြိမ်းခြောက်ခဲ့သော အကောင့်၏ Profile အမည်ကို ရှမ်းဘာသာစကားဖြင့် ရေးသားထားပြီး ဓါတ်ပုံကို တိုက်ဆိုင်စစ်ဆေးခဲ့ကာ နောက်တစ်နေ့ အောက်တိုဘာလ ၁၈ ရက်နေ့တွင် ခြိမ်းခြောက်ခဲ့သူဟု သံသယဖြင့် မြန်မာနိုင်ငံသားတစ်ဦးကို ဖမ်းဆီးစစ်ဆေးခဲ့သည်။

ဖမ်းဆီးခံရသူသည် အသက် ၂၂ နှစ်အရွယ် စိုင်းဆန်ဖောအမည်ရှိ မြန်မာနိုင်ငံသားတစ်ဦးဖြစ်ပြီး ပထုံဌာနီခရိုင် လမ်လုကာဒေသရှိ အလုပ်သမားတန်းလျားတွင် ရဲတပ်ဖွဲ့များက လာရောက်ဖမ်းဆီး ခေါ်ဆောင်ခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံသားကလည်း ခြိမ်းခြောက်ခဲ့သော အကောင့်နှင့်ပတ်သက်၍ လုံးဝမသိကြောင်း၊ ထိုင်းစကားကို ပြောဆိုနိုင်သော်လည်း ထိုင်းစာအရေးအဖတ်ကို နားမလည်ကြောင်း ဆက်တိုက်ငြင်းဆိုခဲ့သည်ဟု ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

ထို့ကြောင့် ခြိမ်းခြောက်ခဲ့သော အကောင့်၏ Facebook IP Address ကို ဆက်လက်စုံစမ်းစစ်ဆေးခဲ့ရာ မြန်မာနိုင်ငံသား၏ Facebook အကောင့်သည် အကောင့် “Hack” ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း အောက်တိုဘာ ၁၉ ရက်နေ့က ခွန်ကယ် ရဲမှူးကြီး၏ ပြောကြားချက်ကို ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

ခြိမ်းခြောက်ခဲ့သော အကောင့်ကို ထိုင်းနယ်စပ် ကမ္ဘောဒီးယားနိုင်ငံ ပွိုင်ပက်ဒေသက အမည်မသိသူတစ်ဦးက ခိုးယူသုံးစွဲနေသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်း ထိုင်းရဲတပ်ဖွဲ့က ဆိုသည်။

လက်ရှိတွင် မြန်မာနိုင်ငံသား၏ Facebook အကောင့်ကို ကမ္ဘောဒီးယားနိုင်ငံမှ မည်သူက ခိုးယူသုံးစွဲနေသည်ကို မသိရသေးကြောင်း ရဲတပ်ဖွဲ့က ဆိုသည်။

သို့သော်လည်း မြန်မာနိုင်ငံသားသည် ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်လာသူဖြစ်သဖြင့် ဥပဒေအရ အရေးယူခံရမည်ဖြစ်ပြီး နေရပ်ပြန်လည်ပို့ဆောင် သွားမည်ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။

Ref: Bangkok Post, Khaosod, MGR Online, khonkaenlink