BREAKING
January 11, 2025

ထားဝယ်ထောင်က နိုင်ကျဥ်းတစ်ဦး လေဖြတ်ရောဂါဖြင့်သေဆုံး

October 21, 2024

ထားဝယ်အကျဥ်းထောင်တွင် အကျဉ်းကျနေသည့် သက်ကြီးပိုင်း နိုင်ငံရေးအကျဥ်းသားတစ်ဦး လေဖြတ်ရောဂါကို ဆေးကုသမှုခံယူနေစဥ် သေဆုံးကြောင်း ထားဝယ်ခရိုင် နိုင်ငံရေးအကျဥ်းသားများကွန်ရက် (DPPN) က အောက်တိုဘာလ ၂၀ ရက်တွင် ထုတ်ပြန်သည်။

အောက်တိုဘာလ ၁၇ ရက်ကတည်းက ကွယ်လွန်ခြင်းဖြစ်ပြီး မိသားစုနှင့် အဆက်အသွယ်မရသဖြင့် အကျဥ်းထောင် အစီအစဥ်ဖြင့် အောက်တိုဘာလ ၁၈ ရက်တွင် သင်္ဂြိုဟ်လိုက်ကြောင်း အကျဥ်းထောင်နှင့် နီးစပ်သူများထံမှ သိရသည်။

သေဆုံးသည့် နိုင်ငံရေးအကျဥ်းသားသည် ရေဖြူမြို့နယ်၊ အုန်းပင်ကွင်းရွာ၊ အမှတ် (၅) ရပ်ကွက်တွင် နေထိုင်သည့် အသက် ၆၂နှစ်အရွယ် ဦးရဲအောင် (ခေါ်) ဦးချင်းဖြစ်သည်။

ဦးချင်းသည် အကျဥ်းထောင်အတွင်းရှိနေစဥ် လေဖြတ်ဝေဒနာ စတင်ခံစားခဲ့ရကာ စက်တင်ဘာလ ၂၇ ရက်တွင် ထားဝယ် ဆေးရုံကြီးတွင် ဆေးကုသခွင့်ရခဲ့ပြီး အောက်တိုဘာ၁၇ တွင် ကွယ်လွန်ကြောင်း DPPN ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

၎င်းကို ယခုနှစ် ဧပြီလ ၁၈ရက်က အခြားဒေသခံသုံးဦးနှင့်အတူ မောရဝတီရေတပ်က တစ်ညတည်းတွင် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် ဦးချင်း ကို ထားဝယ်ထောင်သို့ ပို့ကာ ယခုနှစ် ဇွန်လ၌ ထားဝယ်မြို့နယ်တရားရုံးတွင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅ဝ (ည) ၊ ၅၂ (က) တို့ဖြင့် တရားစွဲခံရပြီး ထောင်ဒဏ် ဆယ်နှစ်ချမှတ်ခံခဲ့ရသည်။

၎င်းတို့နှင့်အတူ အဖမ်းခံရသည့် အခြားဒေသခံအမျိုးသားသုံးဦးအနက် တစ်ဦးသည် မောရဝတီရေတပ်တွင် ဖမ်းဆီးထားစဥ် သေဆုံးခဲ့ပြီး ကျန်နှစ်ဦးပြန်လည်လွတ်မြောက်ခဲ့ကြောင်း နီးစပ်သူများထံမှ သိရသည်။

“ဦးချင်းက အဖမ်းမခံရခင်က သွားသွားလာလာပဲ။ ဆိုင်ကယ်တောင် စီးနိုင်သေးတယ်။ ကျန်းကျန်းမာမာပဲ။ အထဲရောက်မှ လေဖြတ်ပြီး အာရုံကြောထိသွားတယ်၊ စကားမပြောနိုင်တော့ဘူးလို့ ကြားရတယ်။ မိသားစုကလည်း လင်မယားနှစ်ယောက်ပဲ ရှိတယ်။ အဖမ်းခံရပြီးကတည်းက သူ့မိန်းမလည်း ရွာမှာမရှိတော့ဘူး” ဟု အုန်းပင်ကွင်းရွာသားတစ်ဦးက ပြောသည်။

ထားဝယ်အကျဥ်းထောင်အတွင်း၌ လေဖြတ်ဝေဒနာခံစားနေရဆဲဖြစ်သည့် နောက်ထပ် နိုင်ငံရေးအကျဥ်းသားတစ်ဦး ရှိသေး ကြောင်း နိုင်ငံရေးအကျဥ်းသားအသိုင်းအဝိုင်းထံမှ သိရသည်။

ပြင်ပတွင် ဆေးကုသခွင့်နှင့် ပတ်သက်၍ နိုင်ငံရေးအကျဥ်းသားတစ်ဦး၏ မိခင်တစ်ဦးက “ဆေးကုခွင့်တော့ရတယ်။ အပြင် ခေါ်ကုမှ ရမယ်ဆိုရင်လည်း ခေါ်ကုလို့ရတယ်။ ဒါပေမဲ့ အပြင်ထွက်လာရင် လိုက်လာတဲ့ ရဲမေတွေ၊ စစ်သားတွေ ငါးယောက် လောက် လိုက်စောင့်တယ်။ အဲဒီလူတွေအတွက် စားစရိတ်ကို လူနာရှင်က လုပ်ပေးရတယ်။ ဆေးဝါးတွေကတော့ အပြင်လူတွေလိုပဲ ဆေးရုံမှာရှိတာဆို အခမဲ့ရတာရှိတယ်။ အပြင်မှာ ဝယ်ရတာလည်းရှိတယ်” ဟု ပြောသည်။

ယခု ၂၀၂၄ ခုနှစ်အတွင်း၌ပင် ကံပေါက်တိုက်နယ်အတွင်း မောရဝတီရေတပ်က ဖမ်းဆီး၍ အကြမ်းဖက်မှုတိုက်ရေးဥပဒေ ပုဒ်မ အပါအဝင် ပုဒ်မအမျိုးမျိုး ဖြင့် တရားစွဲဆိုထောင်ချထားမှုကြောင့် ထားဝယ်ထောင်တွင် အကျဥ်းကျနေသည့် ကံပေါက် ဒေသခံ ၁၁ ဦးရှိပြီး ၎င်းတို့အနက် ထောင်ဒဏ်ဆယ်နှစ်အထက် ချမှတ်ခံထားရသူမှာ ခြောက်ဦးရှိသည်။