BREAKING
January 22, 2025

ပုလောတွင် စစ်ဘေးရှောင်များပါသည့်စက်လှေ ပင်လယ်အတွင်းနစ်မြုပ်ပြီး လူရှစ်ဆယ်နီးပါး ပျောက်ဆုံး

October 21, 2024

ပုံစာ - ကျောက္ကာကျေးရွာ (ပုံဟောင်း)

ပုလောမြို့နယ်၊ ကျောက္ကာရွာအနီး ပင်လယ်ပြင်တွင် စစ်ဘေးရှောင်များလိုက်ပါလာသည့် စက်လှေတစ်စီး မနေ့ညက နစ်မြှုပ်သွားရာ လူရှစ်ဆယ်နီးပါး ပျောက်ဆုံးနေကြောင်း ကနဦးရရှိထားသည့် သတင်းများအရ သိရသည်။

ကျောက္ကာကျေးရွာမှ မြိတ်မြို့သို့ သွားသည့် စက်လှေသည် အောက်တိုဘာ ၂၀ ရက်နေ့ ည ၉ နာရီခန့်တွင် ကျောက္ကာရွာအထွက်ပင်လယ်ပြင်တွင် နစ်မြုပ်သွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။

စက်လှေသည် ကင်းမွန်ငါးဖမ်းသည့် မီးထွန်းလှေဖြစ်ပြီး ပလမြို့နှင့် အနီးဝန်းကျင်နေ စစ်ဘေးရှောင်များ အပါအဝင် အခြားခရီးသွားများလည်း လိုက်ပါလာခြင်းဖြစ်သည်။

ယင်းအပြင် ပုလော- မြိတ် ပြည်ထောင်စုလမ်းပေါ်ရှိ မီးလောင်ချောင်းရွာနှင့် ကြဲရွာတစ်ဝိုက်တွင် တိုက်ပွဲဖြစ်နေ၍ ခရီးသွားကားများ ပိတ်မိနေခြင်းကြောင့် မြိတ်သို့သွားမည့် ခရီးသွားများလည်း လှေဖြင့်လိုက်ပါလာကြောင်း ဒေသခံများက ဆိုသည်။

“လှေပေါ်မှာက ခရီးသည်အရမ်းများတော့ ဝန်နဲ့လှေ မနိုင်ဖြစ်ပြီးနစ်မြုပ်တာပါ။ အခု မနက်ရှစ်နာရီခွဲဝန်းကျင်အထိ ကျွန်တော်သိရသလောက်ကတော့ အလောင်း ၂၀လောက်ကို ပြန်တွေ့ထားရတယ်” ဟု ကျောက္ကာဒေသခံတစ်ဦးက Dawei Watch ကို ပြောသည်။

နစ်မြှုပ်သွားသည့် လှေပေါ်တွင် ခရီးသည် တစ်ရာကျော်လိုက်ပါသွားပြီး လက်ရှိတွင် ရှစ်ဆယ်ဝန်းကျင် ပျောက်ဆုံးနေဆဲဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးကို ကျေးရွာနေပြည်သူများက ကိုယ်ထူကိုယ်ထလုပ်ဆောင်နေကြောင်း အဆိုပါ ဒေသခံက ဆိုသည်။

လက်ရှိ ပြန်တွေ့သည့် သေဆုံးသူအလောင်းများတွင် ကလေးများလည်း ပါဝင်နေပြီး လေးဦးခန့်ကိုလည်း အသက်ရှင်လျက်ကယ်ဆယ်ထားနိုင်ကြောင်း အဆိုပါကျေးရွာရှိ အခြားဒေသခံတစ်ဦးက ပြောသည်။

ကျောက္ကာကျေးရွာသည် ပင်လယ်အတွင်းရှိသည့် ကျွန်းပေါ်တွင်တည်ရှိပြီး အောက်တိုဘာလ ၁၄ ရက်နေ့ကစကာ တိုက်ပွဲပြင်းထန်နေသည့် မီးလောင်ချောင်းရွာနှင့် မနီးမဝေးတွင် တည်ရှိသည်။