ကိုဗစ်ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရန်ဟုဆိုကာ မြိတ်မြို့မှ သား၊ ငါးများကို တနင်္သာရီမြို့ပေါ်ရှိ ဈေးများတွင် တင်သွင်းရောင်းချခွင့်ကို ပိတ်လိုက်ကြောင်း တနင်္သာရီမြို့နယ် စည်ပင်သာယာရေး ကော်မတီထံက သိရသည်။
ကနဦးအနေဖြင့် အောက်တိုဘာလ ၁၄ ရက်မှ လကုန်အထိ ပိတ်ထားမည်ဖြစ်သော်လည်း ရောဂါကူးစက်မှုအခြေအနေအရ ထပ်တိုးနိုင်ချေရှိကြောင်း ယင်းကော်မတီဥက္ကဋ္ဌ ဦးမင်းဝေက ပြောသည်။
ယင်းအတွက် တနင်္သာရီမြို့အဝင်ရှိ စစ်ဆေးရေးဂိတ်တွင် စစ်ဆေးနေကြောင်း ၎င်းက ပြောသည်။
စည်ပင်က ယင်းကဲ့သို့စည်းကမ်းသတ်မှတ်လိုက်သော်လည်း မြိတ်မှ သယ်လာသည့် သား၊ ငါးများမှာ တနင်္သာရီမြို့နယ်ရှိ ကျေးရွာအချို့တွင် အောက်တိုဘာလ ၁၅ ရက်အထိ ရောင်း ချနေဆဲဖြစ်သည်ကိုတွေ့ရသည်။
ထို့အပြင် ဆေးလိပ်ပို့ဆိုင်ကယ်များ၊ မုန့်ပိုဆိုင်ကယ်များသည်လည်း တနင်္သာရီမြို့ရှိ ကျေးရွာအချို့သို့ လာရောက်နေသည်ကို တွေ့နေရဆဲဖြစ်ကြောင်း ဒေသခံတစ်ဦးက အောက်တိုဘာလ ၁၄ ရက်တွင် ပြောသည်။
ယင်းသို့ရောင်းချနေသူများအား မေးမြန်းကြည့်ရာ မြိတ်မြို့သို့ နေ့ချင်းပြန်သွားသည့် ဈေးသည်များကို ခွင့်ပြုထားသည်ဟု ဆိုကြသည်။
ဦးမင်းဝေကမှုူ သတ်မှတ်စည်းကမ်း ဖောက်ဖျက်သူများကို ဒဏ်ငွေဆောင် စေမည်ဖြစ်ကြောင်း ပြောသည်။
မြိတ်မြို့မှ ငါးသယ်ယူပြီး ရောင်းချနေသည့် ဈေးသည်အချို့ကမူ အချိန်အကြာကြီး ဈေးရောင်းခွင့်ပိတ်ထားမည် ကိုမလိုလားကြောင်း ပြောသည်။
အောင်ဆန်းဦး