BREAKING
January 11, 2025

တစ်ပတ်အတွင်း မြန်မာ့ရေးရာ

September 21, 2024

မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် တနင်္ဂနွေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။

စက်တင်ဘာလ ၁၅ ရက်မှ ၂၁ ရက်အထိ

လူခြောက်သိန်းကျော်ရေဘေးသင့်ပြီး လူသုံးရာနီးပါးသေဆုံး

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆိုင်ကလုန်းမုန်တိုင် ယာဂိကြောင့် မြန်မာနိုင်ငံတစ်ဝန်း လူခြောက်သိန်းကျော် ရေဘေးသင့်ပြီး လူသုံးရာနီးပါးသေဆုံးခဲ့ပါတယ်။

တိုင်းနဲ့ပြည်နယ် ကိုးခုက မြို့နယ် ၅၉ ခုမှာ ရေဘေးဒဏ်ကို ခံစားကြရပြီး လူခြောက်သိန်းသုံးသောင်းကျော် ရေဘေးသင့် တယ်လို့ ကုလသမဂ္ဂက ထုတ်ပြန်ပါတယ်။ လူရာနဲ့ချီ သေဆုံးပြီး အများအပြား ပျောက်ဆုံးနေတယ်လို့လည်း ဆိုပါတယ်။

စစ်ကောင်စီရဲ့ စက်တင်ဘာလ ၁၉ရက်အထိ ထုတ်ပြန်ချက်မှာတော့ ပြည်သူ ၂၉၀ ကျော်သေဆုံးပြီး ၉၀နီးပါး ပျောက်ဆုံး နေတယ်လို့ ဖော်ပြပါတယ်။ နေအိမ်တစ်သိန်းခွဲကျော်ကတော့ ရေဝင်နစ်မြှုပ်ပြီး နေအိမ်နှစ်သောင်းကျော်နဲ့ စာသင်ကျောင်း တစ်ထောင်ကျော် ပျက်စီးခဲ့တယ်လို့ ဖော်ပြပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကတော့ သေဆုံး၊ ပျောက်ဆုံးနေတဲ့ ဒေသခံပြည်သူ ထောင်ချီရှိနေပြီး လူ ခုနစ်သိန်းကျော် ရေဘေးသင့်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ပြည်တွင်းသတင်းဌာနတချို့မှာတော့ ရေကြီး မြေပြိုတာတွေကြောင့် သေဆုံးသူဟာ သုံးရာကျော်ရှိနေပြီလို့ ဆိုပါတယ်။ ပအိုဝ်းလူငယ်အစည်းအရုံးရဲ့ စာရင်းတွေအရ ရှမ်းပြည်တောင်ပိုင်းတစ်ခုတည်းမှာတင် သေဆုံးသူ ၁၄၀ အထက်မှာရှိတယ်လို့ သိရပါတယ်။

ပဲခူးတိုင်း တောင်ငူမြို့နယ်မှာ ရေဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ စေတနာ့ဝန်ထမ်း သုံးတစ်ဦးလည်း ရေစီးနဲ့ မျောပါတာနဲ့ မတော်တဆမှုတွေကြောင့် သေဆုံးခဲ့ရပါတယ်။

ရေဘေးဘဏ်ခံရတဲ့ ပြည်သူတွေဟာ စားနပ်ရိက္ခာ ဆေးဝါးတွေ အရေးပေါ် အကူအညီတွေ လိုအပ်နေသလို သောက်သုံးရေ အခက်အခဲတွေနဲ့လည်း ကြုံတွေ့နေရပါတယ်။ စီးပွားရေးလုပ်ငန်းတွေ၊ နေအိမ်အဆောက်အအုံတွေ ပျက်စီးတာကြောင့် အခက်အခဲ ဒုက္ခများစွာနဲ့ ကြုံတွေ့နေရပါတယ်။ လက်နက်ကိုင်ပဋိပက္ခ ပြင်းထန်နေတဲ့ဒေသတွေက စစ်ဘေးရှောင် သောင်းနဲ့ချီဟာလည်း ရေဘေးဒဏ်ကိုပါ ထပ်မံခံစားနေကြရပါတယ်။

တောင်တရုတ်ပင်လယ်မှာ ဖြစ်ပေါ်နေတဲ့ အပူပိုင်းမုန်တိုင်းကြောင့် စက်တင်ဘာလ ၂၁ ရက်ကနေ ၂၅ ရက်အတွင်း မိုးကြီးပြီး ရေကြီးရေလျှံတာ၊ မြေပြိုတာတွေ ဖြစ်နိုင်သေးတယ်လို့လည်း မိုးဇလဌာနတွေက သတိပေးထားကြပါသေးတယ်။

……………………………………..

ရေဘေးကြောင့် စပါးနဲ့သီးနှံ စိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီး

Two men guide cattle through high flowing flood waters in Sin Thay village in Pyinmana, in Myanmar’s Naypyidaw region, on September 13, 2024, following heavy rains in the aftermath of Typhoon Yagi. – Typhoon Yagi brought a colossal deluge of rain that has inundated a swathe of northern Vietnam, Laos, Thailand and Myanmar, triggering deadly landslides and widespread river flooding. (Photo by Sai Aung MAIN / AFP)

ရေကြီးရေလျှံမှုတွေကြောင့် စပါးနဲ့ သီးနှံစိုက်ဧက ခုနစ်သိန်းခွဲကျော် ရေနစ်မြှုပ်ပျက်စီးခဲ့ပါတယ်။

မြို့နယ်ပေါင်း ၈၀ ကျော်က စိုက်ဧက ခုနစ်သိန်းခွဲကျော် ပျက်စီးခဲ့ပြီး ကျွဲ၊ နွားအပါအဝင် တိရစ္ဆာန်မျိုးစုံ တစ်သိန်းသုံးသောင်းနီးပါး သေဆုံးတယ်လို့ စစ်ကောင်စီက စက်တင်ဘာလ ၁၉ရက်မှာ ထုတ်ပြန်ထားပါတယ်။

ရေဘေးဒဏ်ကို တိုင်းနဲ့ ပြည်နယ်ကိုးခုမှာ ကြုံတွေ့နေရတာပါ။ ရေပြန်ကျသွားတဲ့ နေရာတွေမှာဆိုရင် ရွှံ့နွံ့တွေ ဖုန်းလွှမ်း နေတာကြောင့် ပြန်လည်စိုက်ပျိုးဖို့ ခက်ခဲသလို အရင်းအနှီးလည်း အခက်အခဲရှိနေတယ်လို့ တောင်သူတွေက ဆိုပါတယ်။

……………………………………..

NUG နဲ့ မပူးပေါင်း၊ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်မဆင်ဘူးလို့ ကိုးကန့်တပ်ပြော

အမျိုးသားညီညွတ်ရေးအစိုးရနဲ့ စစ်ရေး၊ နိုင်ငံရေးပူးပေါင်းတာ၊ စစ်ဌာနချုပ်တွေရှိတဲ့ မန္တလေးနဲ့ တောင်ကြီးကို ထိုးစစ်ဆင် တိုက်ခိုက်တာတွေ လုံးဝလုပ်မှာ မဟုတ်ဘူးလို့ ကိုးကန့်တပ် MNDAA က သဘောထား ထုတ်ပြန်ပါတယ်။

မြန်မာပြည်သူတစ်ရပ်လုံးနဲ့ လက်တွဲပြီး စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ရေးဆိုတဲ့ ကြွေးကြော်သံနဲ့ ၁၀၂၇ စစ်ဆင်ရေးကို စတင်ခဲ့ရမှာ ပါဝင်တဲ့ ကိုးကန့်တပ်ဟာ အခုတော့ သူတို့ရဲ့ စစ်ရေးရည်ရွယ်ချက်ကို သွေဖယ်နေပြီလားဆိုပြီး မေးခွန်းထုတ် ဝေဖန်ခံနေရပါတယ်။ မ

ကိုးကန်တပ်အနေနဲ့ နိုင်ငံတော်ကနေ ခွဲထွက်တာ၊ နိုင်ငံတော်အာဏာကို လုယူတာ၊ နိုင်ငံသစ်ထောင်တာ လုံးဝ လုပ်မှာ မဟုတ်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေးကိုပဲ လုပ်ဆောင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် တစ်ရက်ထက်တစ်ရက် ဆိုးဝါးနေတဲ့ မြန်မာနိုင်ငံ အခြေအနေကို တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့လည်း မေတ္တာရပ်ခံထားပါသေးတယ်။

အခုလို ထုတ်ပြန်တာဟာ တရုတ်ရဲ့ ဖိအားကြောင့်ဖြစ်နိုင်တယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိ မြန်မာနိုင်ငံကို လာရောက်ပြီးနောက်မှာ ရှမ်းမြောက်မှာ တိုက်ပွဲတွေ ရပ်ဖို့ ဖိအားပေးမှုတွေ ရှိလာတယ်လို့ သတင်းတွေ ထွက်နေပါတယ်။ ကိုးကန့်တပ်ရဲ့ ညီနောင်မဟာမိတ်အဖွဲ့တစ်ခုဖြစ်တဲ့ တအာင်းတပ် TNLA ကို တိုက်ပွဲတွေ ချက်ချင်း ရပ်ဆိုင်းဖို့ တရုတ်ဘက်က သတိပေးစာလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

……………………………………..

မြန်မာ ရေဘေးသင့်ပြည်သူတွေကို ပြည်ပနိုင်ငံတချို့ ကူမယ်

Myanmar, Yangon, 14 September 2024 The United Nations World Food Programme (WFP) is launching an emergency response this week in Myanmar to provide food assistance to people in areas submerged by floods following the passage of Super Typhoon Yagi. This response is a major scale-up in WFP flood relief efforts ongoing since July. Bago, Kayah, Kayin, Magway, Mandalay, Mon, Nay Pyi Taw and Shan states have been facing heavy rains, severe flooding and landslides caused by the Super Typhoon that hit Myanmar on

နိုင်ငံတစ်ဝန်း ရေဘေးဒဏ် ဆိုးဆိုးဝါးဝါး ခံစားနေရတဲ့မြန်မာပြည်သူတွေကို ပြည်ပနိုင်ငံတချို့က ကူညီမယ်လို့ သိရပါတယ်။

ဥရောပသမဂ္ဂ အီးယူက ယူရိုငွေ ၁ဒသမ ၂သန်းကျော် ကူညီမယ်လို့ ကြေညာထားသလို နော်ဝေနိုင်ငံကလည်း အမေရိကန် ဒေါ်လာ ငါးသိန်း ကနဦးထောက်ပံ့ကူညီသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။ အမေရိကန်နဲ့ စင်ကာပူနိုင်ငံတွေကလည်း အသုံးအဆောင်ပစ္စည်းတွေ၊ စားနပ်ရိက္ခာတွေ၊ ကယ်ဆယ်ရေးပစ္စည်းတွေ အပါအဝင် လူသားချင်း စာနာတဲ့အကူအညီတွေ ပေးအပ်သွားမယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားကတော့ အမေရိကန်ဒေါ်လာ ၁၃ သန်းထောက်ပံ့ကူညီမှာဖြစ်ပြီး အိန္ဒိယနိုင်ငံကလည်း စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အထည်တွေ အပါအဝင်က ကယ်ဆယ်ရေးပစ္စည်း တန် ၅၀ ကျော် ထောက်ပံ့ကူညီမယ်လို့ ဆိုပါတယ်။ ကမ္ဘာ့စားနပ်ရိက္ခညအဖွဲ့ WFP ကတော့ လူငါးသိန်းအတွက် စားနပ်ရိက္ခာ အကူအညီတွေ အခုသီတင်းပတ်အတွင်း စတင်ပေးအပ်မယ်လို့ စက်တင်ဘာလ ၁၈ ရက်က ထုတ်ပြန်ထားပါတယ်။

ရေဘေးသင့် ပြည်သူတွေကို အကူအညီပေးရာမှာ စစ်ကောင်စီ ဆီကနေ မပေးဘဲ အရပ်ဖက်အဖွဲ့တွေ၊ တော်လှန်ရေးအဖွဲ့ တွေနဲ့ ချိတ်ဆက်ပြီး အကူအညီတွေ ဖြန့်ဝေပေးဖို့ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုအဖွဲ့တချို့က တောင်းဆိုထားပါတယ်။

ပြည်တွင်းမှာတော့ ရေဘေး အကူအညီသွားပေးတာတွေကို စစ်ကောင်စီက ပိတ်ပင်တားဆီးတာတွေ လုပ်ဆောင်နေသလို ရေဘေးအလှူခံတဲ့ Kpay အကောင့်တွေကို ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေအရဆိုပြီး ယာယီပိတ်သိမ်းခံရတာတွေ လည်း ကြုံနေရပါတယ်။

……………………………………..

သေဒဏ်ကျ နိုင်ကျဉ်းငါးဦးကို ကွပ်မျက်တာ မလုပ်ဖို့ APHR တောင်းဆို

သေဒဏ်ချမှတ်ခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားငါးဦးကို စစ်ကောင်စီက ကွပ်မျက်ဖို့ စီစဉ်နေတာကို ချက်ချင်းရုပ်သိမ်းဖို့ အာဆီယံလွှတ်တော်အမတ်များအဖွဲ့ APHR က တောင်းဆိုလိုက်ပါတယ်။

အင်းစိန်ထောင်မှာ သေဒဏ်ချမှတ်ခံထားရတဲ့ ကိုကောင်းပြည့်စုံဦး၊ ကိုဇေယျာဖြိုး၊ ကိုကျော်ဝင်းစိုး၊ ကိုဆန်းလင်းမောင်နဲ့ မမြတ်ဖြိုးပွင့်တို့ကိုကို စက်တင်ဘာလ ၂၄ ရက်နေ့မှာ ကွပ်မျက်မယ်လို့ သတင်းတွေထွက်ပေါ်နေတာပါ။ သူတို့ဟာ ၂၀၂၁ ခုနှစ်က ရန်ကုန်မြို့ပတ်ရထားပေါ် ရဲခြောက်ဦးပစ်သတ်ခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြစ်ဒဏ်ချခံထားရသူတွေဖြစ်ပါတယ်။

သဘောထားကွဲလွဲတာတွေကို နှိမ်နှင်းဖို့ လက်နက်တစ်ခုအနေနဲ့ ပြစ်ဒဏ်ကြီးတွေကို ချမှတ်တာကို အပြင်းအထန်ရှုတ်ချပြီး နိုင်ငံတကာ စံနှုန်းတွေနဲ့အညီလုပ်ဖို့ APHR က ပြောဆိုထားပါတယ်။ ဒါ့အပြင် သူတို့ကို လွှတ်ပေးဖို့ တောင်းဆိုသလို ရှေ့နေ၊ မိသားစုဝင်တွေနဲ့ တွေ့ခွင့်ပေးဖို့၊ ကျန်းမာရေးစောင့်ရှောင်မှုပေးဖို့လည်း တောင်းဆိုထားပါတယ်။

စစ်ကောင်စီဟာ ၂၀၂၂ခုနှစ်ကလည်း ကိုဖြိုးဇေယျာသော်၊ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်ခဲ့ပါသေးတယ်။

……………………………………..

ဒရုန်းနဲ့ လေကြောင်းသုံးလက်နက်တွေ နည်းပညာပူးပေါင်းဖို့ တရုတ်ကုမ္ပဏီနဲ့ စစ်ကောင်စီဆွေးနွေး

စစ်ကောင်စီ ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီးတင်အောင်စန်းဟာ တရုတ်နိုင်ငံ ပေကျင်းမြို့မှာ ဒရုန်း၊ လေကြောင်းသုံး လက်နက်တွေ နည်းပညာပေါင်းဖို့ ဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

ပေကျင်း ရှန်ကျန်းဖိုရိမ်ကို တက်ဖို့ စက်တင်ဘာလ ဒုတိယပတ်က ပေကျင်းကို ရောက်ရှိနေတဲ့ ဗိုလ်ချုပ်ကြီး တင်အောင်စန်းဟာ စက်မှုနည်းပညာကုမ္ပဏီကို သွားရောက်ခဲ့တာလို့ ဆိုပါတယ်။

လေကြောင်းနည်းပညာဆိုင်ရာ ခေတ်မီလက်နက်တွေ၊ ဒရုန်းတွေ၊ အီလက်ထရောနစ် စစ်ဆင်ရေးနဲ့ လေကြောင်းရန် ကာကွယ်ရေး နည်းပညာဆိုင်ရာ လက်နက်တွေကို လေ့လာခဲ့ပြီး နည်းပညာပိုင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်ဖို့လည်း ဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။

ဖိုရမ်တက်ရောက်နေချိန်မှာလည်း စစ်ဘက်နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ဖို့၊ သင်တန်းသားတွေ စေလွှတ်ရေး တွေကို ဆွေးနွေးခဲ့တယ်လို့လည်း ဆိုပါတယ်။

……………………………………..