BREAKING
September 21, 2024

မြေကမ္ဘာအတွက် ဧည့်သည်လတစ်စင်း အလည်လာမည်

September 21, 2024

ကမ္ဘာကြီးသည် ဒုတိယလတစ်စင်းကို အချိန်နှစ်လခန့် ခေတ္တ ပိုင်ဆိုင်ရတော့မည် ဖြစ်သည်။

သေးငယ်သော ဂြိုဟ်သိမ်ဂြိုဟ်မွှားတစ်ခုက ကမ္ဘာ့ဆွဲငင်အားကြောင့် ကမ္ဘာကို လှည့်ပတ်မည့် ဂြိုဟ်ပတ်လမ်းကြောင်းထဲ အချိန်နှစ်လခန့်အကြာ ဝင်ရောက်လည်ပတ်တော့မည် ဖြစ်သည်။ သို့သော် ထိုလအငယ်စား (mini-moon) ကို သာမန်မျက်စိဖြင့် ကြည့်၍ မြင်နိုင်မည် မဟုတ်ပေ။

2024 PT5 ဟု နာမည်ပေးထားသော အဆိုပါ ဂြိုဟ်အငယ်စားကို အခုနှစ် ဩဂုတ်လ ၇ ရက်နေ့တွင် ပထမဆုံး စတင်တွေ့ရှိခဲ့သည်။ နာဆာမှ ရန်ပုံငွေထောက်ပံ့ထားသည့် တောင်အာဖရိကနိုင်ငံအခြေစိုက် ဂြိုဟ် သိမ်ဂြိုဟ်မွှားလေ့လာရေးဌာနတစ်ခုမှ သုတေသီများက စတင်တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အရွယ်အစားမှာ အချင်း ၃၇ ပေ ဝန်းကျင် ရှိနိုင်သည်။ ၎င်း၏ အရွယ်အစားကို အတည်ပြုနိုင်ရန် နောက်ထပ်လေ့လာရဦးမည်ဟု စပိန်နိုင်ငံ Complutense University of Madrid မှ သုတေသီတစ်ဦးက ပြောသည်။ ၁၆ ပေမှ ၁၃၈ ပေ အတွင်း ရှိနိုင်သည်ဟုလည်း ၎င်းက ဆိုသည်။

2024 PT5 သည် စက်တင်ဘာလ ၂၉ ရက်နေ့မှ နိုဝင်ဘာလ ၂၅ ရက်နေ့အထိ ကမ္ဘာကို လှည့်ပတ်မည်။ ကမ္ဘာဂြိုဟ်နှင့် မိုင်ပေါင်း ၂.၆ သန်း အကွာအဝေးတွင် မြင်းခွာပုံသဏ္ဍာန်ဂြိုဟ်ပတ်လမ်းဖြင့် ကမ္ဘာကို လှည့်ပတ်မည် ဖြစ်သည်။ ထိုအကွာအဝေးသည် ကမ္ဘာနှင့် လအကြားအကွာအဝေး၏ ဆယ်ဆဖြစ်သည်။

နက္ခတ္တဗေဒပညာရှင်များက 2024 PT5 ၏ ဂြိုဟ်ပတ်လမ်းကြောင်းကို ၂၁ ရက်ကြာ ခြေရာခံ စောင့်ကြည့်ခဲ့ကြသည်။ Arjuna ဟု ခေါ်သော နေကို လှည့်ပတ်သည့် ဂြိုဟ်ပတ်လမ်းကြောင်းတစ်ခုမှ လာခဲ့သည်ကို တွေ့ရသည်။

၎င်းသည် ကမ္ဘာဂြိုဟ်ကို လှည့်ပတ်သည့် ဂြိုဟ်ပတ်လမ်းမှ ထွက်ခွာသွားပြီးနောက် ကမ္ဘာနှင့် အနီးအနားတွင် လအနည်းငယ် ရှိနေဦးမည် ဖြစ်သည်။ ၂၀၂၅ ဇန်နဝါရီလ ၉ ရက်နေ့တွင် ကမ္ဘာနှင့် အနီးဆုံးသို့ ရောက်မည်ဟု သိရသည်။

ထို့နောက်များမကြာမီတွင် ၎င်းသည် ကမ္ဘာ၏ အနီးပတ်ဝန်းကျင်မှ ဝေးရာသို့ ထွက်ခွာသွားတော့မည် ဖြစ်သည်။ နောက်နှစ်ပေါင်း ၃၀ ခန့်အကြာတွင် ကမ္ဘာကို လှည့်ပတ်မည့် ဂြိုဟ်ပတ်လမ်းကြောင်းအတွင်း ပြန်ရောက်လာမည်ဟု သိရသည်။

2024 PT5 သည် ၂၀၁၃ ခုနှစ်က ရုရှားနိုင်ငံ Chelyabinsk ဒေသအပေါ်ဘက် ကမ္ဘာ့လေထုထဲ ဝင်ရောက်ပေါက်ကွဲခဲ့သည့် ဂြိုဟ်သိမ်ဂြိုဟ်မွှားထက် အရွယ်အစား ပိုကြီးနိုင်ခြေရှိသည်ဟု သိရသည်။ ပေါက်ကွဲခဲ့သည့် အဆိုပါ ဂြိုဟ်မွှားသည် အရွယ်အစားအားဖြင့် အချင်း ၅၅ ပေနှင့် ၆၅ ပေအကြား ရှိပြီး နေထက် ပိုတောက်ပသည့် အလင်းရောင်ဖြင့် ပေါက်ကွဲခဲ့သည်။

၎င်း၏ ပေါက်ကွဲအားမှာ ဂျပန်နိုင်ငံ၊ ဟီရိုရှီမားမြို့ကို ကြဲချခဲ့သည့် အဏုမြူဗုံးထက် ပိုပြင်းထန်သည်။ အဆိုပါ ပေါက်ကွဲမှုမှ လွင့်စင်ကျဆင်းလာသည့် အစအနများကြောင့် အဆောက်အအုံပေါင်း ၇၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့သည်။ လူပေါင်း ၁၀၀၀ ကျော် ထိခိုက်ပျက်စီးခဲ့ရသည်။

2024 PT5 အနေဖြင့်မူ အခုနှင့် နောက်လာမည့်ဆယ်စုနှစ်အနည်းငယ်အတွင်း ကမ္ဘာဂြိုဟ်နှင့် ဝင်တိုက်မိမည့် အလားအလာ မရှိကြောင်း သုတေသီတစ်ဦးက ဆိုသည်။

Ref: CNN, CBS News