BREAKING
September 21, 2024

မြိတ်လေယာဉ်ကွင်းအနီး အမျိုးသားအလောင်း တစ်လောင်းတွေ့

September 21, 2024

ပုံစာ - မြိတ်လေယာဉ်ကွင်းအနီးတွေ့သည့် အလောင်းအားသယ်ယူနေစဉ်။ ဓာတ်ပုံ - ကရုဏာ။

မြိတ်မြို့၊ လေယာဉ်ကွင်းပန်းခြံ အနီးတွင် ယနေ့ (စက်တင်ဘာ ၂၁)​ နံနက်ပိုင်းက အသက် ၄ဝ ကျော်အရွယ် အမျိုးသားတစ်ဦး၏ အလောင်းကို တွေ့ရှိကြောင်း မြို့ခံများ နှင့် နာရေးကူညီမှုအသင်းများထံကသိရသည်။

လမ်းသွားလမ်းလာများက အလောင်းကိုမြင်တွေ့၍ ဆက်သွယ်အကူအညီ တောင်းခံမှုကြောင့် ကရုဏာနာရေးကူညီမှုအသင်းက သွား‌ရောက်သယ်ဆောင်ပြီး မြိတ်မြို့ ၅/၁ဝဝ ဆေးရုံ ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့သည်။

“ရင်ခွဲရုံကိုပို့ထားပေးပြီးပြီ ၊ အခုအထိပိုင်ရှင်မပေါ်သေးဘူး ။ ရဲတွေ စစ်ပြီးရင်တော့ သင်္ဂြိုဟ် ဖို့ သူတို့လုပ်လိုက်မယ်” ဟု ယင်းအသင်း ၏ တာဝန်ရှိသူတစ်ဦးက ယနေ့ညနေပိုင်းတွင် ပြောသည်။

အလောင်းကို သွားရောက်သယ်ယူစဉ် တွေ့ရှိချက်အရ အလောင်းတွင် ပြင်ပဒဏ်ရာမတွေ့ရကြောင်း ၎င်းကပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၃၁ ရက်ကလည်း ကျွန်းစုမြို့နယ် ၊ ဝါးအော်ငယ်ကမ်းခြေတွင် အမျိုးသားအလောင်းတစ်လောင်း တွေ့ခဲ့ရပြီး သင်္ဂြိုဟ်ပြီးချိန်မှ မိသားစုနှင့် အဆက်အသွယ်ရကြောင်း၊ မြိတ်မြို့တွင် ‌ရေငုပ်သမားအဖြစ်လာလုပ်နေသည့် ကချင်‌ပြည်နယ် ၊ မိုးညှင်းဒေသခံတစ်ဦး ဖြစ်ကြောင်း ပြန်လည်အတည်ပြုနိုင်ခဲ့သည်ဟု နီးစပ်သူတို့ကပြောပြသည်။

ယခုနှစ်အတွင်း၌ပင် မြိတ်မြို့တွင် ပိုင်ရှင်မဲ့အလောင်းအဖြစ် သင်္ဂြိုဟ်ပေးနေရသည့် အလောင်း ငါး လောင်း ရှိပြီဖြစ်ကြောင်း မြို့ခံနာရေးအသင်းများ၏ မှတ်တမ်းအရသိရသည်။