BREAKING
September 21, 2024

လောင်းလုံးတွင် စစ်ဘေးရှောင်တစ်ဦး ကားတိုက်သေဆုံး

September 21, 2024

လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်အမျိုးသားတစ်ဦး ယာဉ်တိုက်မှုဖြစ်ပြီး သေဆုံးသွားကြောင်း စုံစမ်းသိရှိရသည်။

စက်တင်ဘာလ ၁၉ ရက်နေ့က ဘုန်းတော်ကြီးတစ်ပါး ကိုယ်တိုင်မောင်းနှင်လာသည့်ကားနှင့် စစ်ဘေးရှောင် အမျိုးသားနှစ်ဦး မောင်းနှင်လာသည့်ဆိုင်ကယ်တို့ လောင်းလုံး-ထားဝယ် ကားလမ်းမပေါ်တွင် ယာဉ်တိုက်မှု ဖြစ်ပွားကြောင်း ဒေသခံတို့ထံမှ သိရသည်။

အဆိုပါယာဉ်တိုက်မှုတွင် ဆိုင်ကယ်မောင်းနှင်လာသည့် လူလတ်ပိုင်းအရွယ် စစ်ဘေးရှောင်အမျိုးသားတစ်ဦး နေရာတွင်ပင် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ထိခိုက်ဒဏ်ရာရကြောင်း ယာဉ်တိုက်မှုဖြစ်သည့်ကျေးရွာက ဒေသခံတစ်ဦးက ပြောသည်။

“သေသွားတဲ့သူကိုတော့ အရေးပေါ်ကားနဲ့ သူ့ရွာကို သယ်ပို့လိုက်ကြတယ်” ဟု ၎င်းဒေသခံက ဆိုသည်။

ယာဉ်တိုက်မှုဖြစ်သူ၏ ဆွေမျိုး မိသားစုဝင်တို့၏ တောင်းဆိုချက်အရ ယာဉ်တိုက်မှုဖြစ်သည့်နေရာအပါအဝင် အချက်အလက်အချို့ကို ဖော်ပြနိုင်ခြင်းမရှိဘဲ ချန်ထားခဲ့ရသည်။

စက်တင်ဘာလထဲတွင် လောင်းလုံးမြို့နယ် မြောက်ဘက်ပိုင်းရှိ မောင်းမကန်၊ ကျောက်ဆင်၊ သဘော့ဆိပ် စသည့် ကျေးရွာများနှင့် တောင်ဘက်တွင်ရှိသည့် ဇလွတ်၊ ‌အောက်ကျောက်ဝပ်၊ ညောပြင် စသည့် ကျေးရွာများဘက်သို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးဝင်ရောက်ခဲ့သည်။

အဆိုပါကျေးရွာတို့က ဒေသခံများမှာ အနီးအနားကျေးရွာများသို့ စစ်ဘေးရှောင်နေကြရခြင်းဖြစ်သည်။

စစ်ကောင်စီတပ်စစ်ကြောင်းထိုးချိန် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများအတွင်းသို့ လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် ဗုံးချတိုက်ခိုက်ခြင်း၊ နေအိမ်များကို ဖောက်ထွင်းပြီး အဖိုးတန်ပစ္စည်းများကို ယူဆောင်ခြင်း၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင်းတို့ လုပ်ဆောင်ခဲ့ကြသည်။