BREAKING
January 15, 2025

လောင်းလုံးမြို့ပေါ်က စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို PDF ပူးပေါင်းအဖွဲ့ဝင်ပစ်

September 21, 2023

လောင်းလုံးမြို့ (ဃ) ရပ်ကွက် အထက်တန်းကျောင်းရှေ့ရှိ စစ်ကောင်စီတပ်စစ်ဆေးရေးဂိတ်ကို ယနေ့ နံနက် အစောပိုင်းတွင် PDF ပူးပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ကြောင်း အဆိုပါပူးပေါင်းအဖွဲ့ထံမှ သိရသည်။

ယနေ့ စက်တင်ဘာလ ၂၁ရက် နံနက် ၆နာရီကျော်တွင် ဝင်ရောက်ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

“ဆယ့်ငါးချက်လောက် ရှိမယ်။ ကြားရတယ် အတိုင်းသား။ နှစ်ဖက်ညှပ်တိုက်တယ်။ ကျောင်းဝင်းထဲမှာလည်း ပေါက်ကွဲသံကြားရတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်ကို Dawei Defense Team -DDT တပ်ခွဲ (၃) ထားဝယ်-ပကဖနှင့် Guerrilla Dawei -ထားဝယ်မြို့ပြ‌ ပျောက်ကြားတပ်ဖွဲ့တို့က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အလစ်ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပူးပေါင်းအဖွဲ့၏ ထုတ်ပြန်ချက်အရသိရသည်။

တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား နှစ်ဦးထိမှန်‌သေဆုံးကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

လောင်းလုံးဒေသခံအမျိုးသမီးတစ်ဦးကမူ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ဆေးရေးဂိတ်က ပြန်လည်စစ်ဆေးနေပြီဖြစ်ကြောင်း ပြောဆိုသည်။

“ပစ်ခတ်မှုဖြစ်ပြီးတာနဲ့ သူတို့ပုံမှန်ပဲ စစ်ဆေးနေတယ်။ လူနာသယ်တာ အရေးပေါ်ကား သွားတာတွေ မတွေ့ရဘူး” ဟု ၎င်းက ပြောသည်။

အဆိုပါစစ်ဆေးရေးဂိတ်သည် ပြည်သူ့စစ် (ခေါ်) ပျူစောထီးနှင့် စစ်ကောင်စီတပ်ဖွဲ့ပူးပေါင်း၍ ခရီးသွားပြည်သူများအပေါ် စစ်ဆေးငွေညှစ်မှုများ ဆိုးဆိုးရွားရွားလုပ်ဆောင်လေ့ရှိသည့်ဂိတ်ဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။

ကား၊ ဆိုင်ကယ် မှတ်ပုံတင်၊ နံပတ်ပြား၊ ဖုန်း စသည်တို့ကို စစ်ဆေးပြီး ငွေတောင်းခံလေ့ရှိကြောင်း ၎င်းတို့က ဆိုသည်။

“ဆိုင်ကယ်နံပါတ်ပြား သံချေးတက်တာနဲ့ကို သိန်းဂဏန်းချီပေးရတယ်။ အကြောင်းမရှိ အကြောင်းရာ အမျိုးမျိုးကို စစ်နေတော့တာပဲ” ဟု ခရီးသွားဒေသခံတစ်ဦးက ပြောဆိုသည်။

ပစ်ခတ်မှုဖြစ်ပြီးနောက် ယနေ့ နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် ပူးပေါင်းအဖွဲ့သည် အထက ကျောင်းရှေ့ စစ်ဆေးရေးဂိတ်နှင့် တစ်ဖာလုံခန့်အကွာ ညောင်ပင်လမ်းဆုံးတွင် ခရီးသွား ဒေသခံတွေကို ထပ်မံစစ်ဆေးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။