BREAKING
January 15, 2025

ထိုင်းတွင် မျောက်ကျောက်ရောဂါ မျိုးစိတ်သစ်ဟု သံသယရှိသူ စတွေ့

August 21, 2024

ပုံစာ - ယနေ့နေ့လယ်ပိုင်းတွင် DDC က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်။

ထိုင်းနိုင်ငံတွင် မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကို ပထမဆုံး ကူးစက်ခံထားသည်ဟု သံသယရှိသူတစ်ဦး စတွေ့ခဲ့ကြောင်း ရောဂါထိန်းချုပ်ရေးဌာန (DDC) က ယနေ့ (ဩဂုတ် ၂၁) တွင် ကြေညာလိုက်သည်။

သံသယရှိသောလူနာသည် အာဖရိကနိုင်ငံတစ်ခုမှ ထိုင်းသို့ ဩဂုတ်လ ၁၄ ရက်နေ့တွင် ပြန်လည်ရောက်လာသူဖြစ်ပြီး နောက်တစ်နေ့ နံနက်ပိုင်းမှစ၍ အဖျားတက်ကာ အဖုအပိမ့်များ ထွက်လာခဲ့ကြောင်းဆိုသည်။

ထို့နောက် ဆေးရုံသွား၍ စစ်ဆေးခဲ့ရာမှ မျောက်ကျောက်ရောဂါ ကူးစက်ခံထားရသည်ကို တွေ့ရှိခဲ့ကြောင်း DDC ကဆိုသည်။

ကနဦးစစ်ဆေးမှုအရ ယခင်က ကူးစက်ခံထားရသူများ၏ Clade 2 အမျိုးအစား မဟုတ်ကြောင်း DDC ကဆိုသည်။

Clade 2 အမျိုးအစားသည် ကူးစက်မှု မမြန်ဆန်သော မျောက်ကျောက်ရောဂါတစ်မျိုး ဖြစ်သည်။

ထို့ကြောင့် ဆရာဝန်များက မျိုးရိုးဗီဇအရ စစ်ဆေးမှုများ ထပ်မံပြုလုပ်ရမည်ဖြစ်ပြီး ရလဒ်ကို လာမည့် သောကြာနေ့အထိ စောင့်ဆိုင်းရဦးမည်ဖြစ်ကြောင်း DDC ကထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ဖြစ်မဖြစ် ၁၀၀ ရာခိုင်နှုန်း မ‌သေချာသေးပါဘူး။ မျိုးရိုးဗီဇစစ်ဆေးမှုတွေလုပ်ပြီး သောကြာနေ့မှာ အတည်ပြုပေးပါမယ်” ဟု DDC ၏ ဒါရိုက်တာ Thongchai Kiratihattayakorn က ဆိုသည်။

အကယ်၍ မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကို ကူးစက်ခံထားရပါက ကူးစက်မှု ပိုမိုမြန်လာနိုင်ကြောင်း DDC က ဆိုသည်။

ရလဒ်ကို စောင့်ဆိုင်းနေဆဲဖြစ်သော်လည်း ပြည်သူများ ကြိုတင်ကာကွယ်နိုင်ရန် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။

လူနာသည် ဥရောပနိုင်ငံသားဖြစ်ပြီး ထိုင်းနိုင်ငံတွင် နေထိုင်ကာ အာဖရိကတွင် အလုပ်လုပ်ကိုင်နေသူဖြစ်ကြောင်း ၎င်းကဆိုသည်။

လူနာနှင့်အတူ လေယာဉ်စီးလာသော ခရီးသည် ၄၃ ဦးကိုမူ ၂၁ ရက်အတွင်း ရောဂါလက္ခဏာ တစ်ခုခု ပြသပါက ဆရာဝန်နှင့် အမြန်ဆုံးပြသရန် တိုက်တွန်းထားသည်။

ယခုသံသယရှိလူနာသည် ရောဂါလက္ခဏာ ပြင်းထန်မှုမရှိကြောင်း ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) က Mpox Clade 1b မျောက်ကျောက်ရောဂါ ကူးစက်နေမှုကို နိုင်ငံတကာ အရေးပေါ်ကျန်းမာရေးအခြေအနေ (PHEIC) အဖြစ် ကြေညာထားပြီး မျောက်ကျောက်ရောဂါ ကူးစက်မှုနှင့် ပတ်သက်၍ နှစ်နှစ်အတွင်း နှစ်ကြိမ်မြောက် ကြေညာခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှစ၍ ယခုနှစ် ဩဂုတ်လ ၁၁ ရက်အတွင်း မျောက်ကျောက်ရောဂါ ဖြစ်ပွားသူ ၈၂၇ ယောက်ရှိခဲ့ပြီး အားလုံးသည် Clade 2 အမျိုးအစား ဖြစ်ကြောင်း ဖော်ပြထားသည်။ မျောက်ကျောက် ရောဂါ မျိုးစိတ်သစ် Clade 1b ကို ယခုအချိန်အထိ မတွေ့ရှိရသေးပေ။

မျောက်ကျောက်ရောဂါသည် အဓိကအားဖြင့် လိင်ဆက်ဆံခြင်း၊ အရေပြားချင်းထိတွေ့ခြင်းမှတစ်ဆင့် ကူးစက်တတ်ကြောင်း ဖော်ပြထားသည်။

ကူးစက်ခံရသူများသည် တုပ်ကွေးလက္ခဏာ ကနဦးပြသမည်ဖြစ်ပြီး အရေပြားတွင် အဖုအဖိမ့်များ ထွက်လာနိုင်ကြောင်း ဖော်ပြထားသည်။

မျောက်ကျောက်ရောဂါသည် လူ ၁၀၀ တွင် ၄ ဦးအထိ သေဆုံးနိုင်သော ရောဂါဖြစ်သည်။

Ref: The Nation Thailand, Bangkok Post