BREAKING
January 15, 2025

ကျိုက်ထိုတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်များရှိသည့် နေအိမ်ကို စစ်ကောင်စီ ဝင်ရောက်စီးနင်း

August 21, 2024

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ လက်ပြကျေးရွာ ဘဲလေးစားသောက်ဆိုင်အနီးရှိ ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့် နေအိမ်တစ်လုံးကို စစ်ကောင်စီတပ်က ယနေ့ (ဩဂုတ် ၂၁) နံနက်ပိုင်းတွင် ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့သည်။

အဆိုပါ နေအိမ်တွင် KRF တပ်ဖွဲ့ဝင်များ ရောက်ရှိနေသည့်သတင်းရရှိပြီး စစ်ကောင်စီတပ်က ယနေ့ နံနက် ၉ နာရီခန့်က အင်အားအလုံးအရင်းဖြင့် ဝင်ရောက်စီးနင်းခဲ့ခြင်းဖြစ်ပြီး အပြန်အလှန်ပစ်ခတ်မှုလည်း ဖြစ်ပွားခဲ့သေးကြောင်း ဒေသခံတို့က ပြောသည်။

နေအိမ်ဝင်စီးသည့်ဖြစ်စဉ်အတွင်း အသက် ၉၀ နှစ်အရွယ် အိမ်ရှင် အဘွားအိုနှင့် KRF တပ်ဖွဲ့ဝင်လူငယ်နှစ်ဦး၊ ယင်းနေရာသို့ ရောက်ရှိနေသည့် CJ သတင်းထောက်နှစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“အဲအိမ်မှာ PDF တွေ ရောက်နေတာကို ဟိုက သတင်းရသွားလို့ ဝင်စီးတယ်လို့ ပြောတယ်။ ဝင်စီးတော့ နှစ်ဖက် အပြန်အလှန် ပစ်ခတ်မှုဖြစ်ကြတယ်။ သတင်းပေါက်သွားလို့ ဖြစ်မယ်။ ဒီတလောမှာလည်း PDF တွေနဲ့ ပတ်သက်ပြီး ဖမ်းဆီးခံရတာတွေလည်း ရှိတယ်” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

ထိုပစ်ခတ်မှုဖြစ်ပွားပြီးနောက် ကျိုက်ထိုမြို့တွင် စစ်ကောင်စီတပ် လုံခြုံရေးတိုးမြှင့်ထားသလို စစ်ဆေးမှုလည်း တင်းကြပ်ထားကြောင်းလည်း မြို့ခံတို့ထံမှ သိရသည်။

စစ်ကောင်စီဘက်က ကျိုက်ထိုတော်လှန်ရေးအင်အားစု (KRF) တပ်ဖွဲ့ဝင်များ စုနေသည့် ဘဲလေးစားသောက်ဆိုင်အနီးရှိ နေအိမ်ကို ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး KRF တပ်ဖွဲ့ဝင် အလောင်း ၄ လောင်း တွေ့ရှိသည်ဟု တယ်လီဂရမ်ချန်နယ်တွင် ရေးသားဖော်ပြထားသည်။

KRF တပ်ဖွဲ့ထံမှ ပစ္စတိုသေနတ် ၃ လက်၊ ကျည် ၄၀ တောင့်နှင့် ကျည်အိမ် ၄ ခုကိုလည်း စစ်ကောင်စီက သိမ်းဆည်းသွားပြီး KRF တပ်ဖွဲ့ဝင် ၇ ဦးခန့် လွတ်မြောက်ခဲ့သည်။

ကျိုက်ထိုမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF ကို ထောက်ပံ့နေသည်ဆိုပြီး ယခုရက်ပိုင်း စစ်ကောင်စီက ဒေသခံပြည်သူများကို ဖမ်းဆီးမှု ဆက်တိုက်ပြုလုပ်လာခဲ့ပြီးနောက် ယခုလို နေအိမ် ဝင်ရောက်စီးနင်းသည့်ဖြစ်စဉ် ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။

၎င်းပြင် ကျိုက်ထိုမြို့နယ်ရဲမှူးနှင့် ရဲအုပ်တို့ကိုလည်း PDF ‌ထံ သတင်းပေးနေသည်ဆိုပြီး စစ်ကောင်စီက ဩဂုတ်လတတိယအပတ်အတွင်းက ဖမ်းဆီးခဲ့ပြီး စစ်ကြောရေးတွင် စစ်ဆေးမှုပြုနေသည်။