BREAKING
October 18, 2024

အလုပ်သမားများ၏ အိမ်လွှဲငွေများကို ရနောင်းက ငွေလွှဲလုပ်ငန်းပိုင်ရှင် ယူဆောင်ထွက်ပြေး

August 21, 2024

ပုံစာ - ရနောင်းမြို့တစ်နေရာအား တွေ့ရစဉ်

ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့တွင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်နေသည့် မြန်မာအမျိုးသမီးတစ်ဦးက မြန်မာရွှေ့ပြောင်းလုပ်သားများက မိသားစုထံလွှဲသည့် ဘတ်ငွေများကို ယူဆောင်ထွက်ပြေးသွားကြောင်း အလိမ်ခံရသူအချို့နှင့် ရနောင်းမြို့နေသူ အချို့ထံမှသိရသည်။

ရနောင်းမြို့ဈေးကြီးတွင် ဆိုင်ခန်းဖွင့်ထားပြီး ရနောင်းတစ်ခွင်နာမည်ကြီးသည့် မငယ်အမည်ရှိ ငွေလွှဲလုပ်ငန်းပိုင်ရှင် အမျိုးသမီးက ယင်းလွှဲငွေများကို ယူဆောင်ထွက်ပြေးသွားခြင်းဖြစ်ကြောင်း ၎င်းတို့က ပြောသည်။

ဇာတိမြေတွင် အလှူလုပ်ရန်အတွက် ဘတ်ငွေကိုးထောင်ကျော်အား အဆိုပါဆိုင်မှတစ်ဆင့် ဩဂုတ်လ ၁၈ ရက်နေ့တွင် ငွေလွှဲခဲ့ကြောင်း ငွေအလိမ်ခံရသည့် ထားဝယ်မြို့နယ်နေ အမျိုးသမီးတစ်ဦးက ဆိုသည်။

ထိုသို့ငွေလွှဲလိုက်သော်လည်း ဇာတိမြေရှိမိသားစုထံ သုံးရက်ကြာသည်အထိ ငွေမရောက်သေးသဖြင့် သွားရောက်စုံစမ်းရာက လိမ်လည်ထွက်ပြေးသွားသည်ဟု သိရကြောင်း အထက်ပါအမျိုးသမီးက ပြောသည်။

အထက်ပါငွေလွှဲဆိုင်တွင် သွားရောက်စုံစမ်းချိန်တွင် ဆိုင်ခန်းဖွင့်ထားဆဲ ဖြစ်သော်လည်း ဆိုင်ပိုင်ရှင်အမျိုးသမီးကို မတွေ့ရဘဲ ဆိုင်အလုပ်သမားအချို့ကိုသာ တွေ့ရတော့ကြောင်း ၎င်းက ဆိုသည်။

“မငယ်(ငွေလွှဲဆိုင်ပိုင်ရှင်) ဆိုပြီး နာမည်ရကတည်းက လွှဲနေကျပဲ။ တစ်ခါမှ မကြုံဖူးဘူး အခုမှ။ ခံရသူတွေကတော့ အများကြီးပဲ။ သူများ ချွေးနှဲစာဆိုတော့ ပြန်ရချင်တယ်”ဟု အထက်ပါ အမျိုးသမီးက ပြောသည်။

ဆိုင်အလုပ်သမားများကို မေးမြန်းချိန်တွင်လည်း မသိကြောင်းသာ ပြန်လည်ဖြေဆိုကြသလို ဆိုင်အတွင်းရှိ ထိုင်ခုံများလည်းသိမ်းဆည်းထားသည်ကို တွေ့ရကြောင်း အဆိုပါအမျိုးသမီးက ပြောသည်။

လက်ရှိတွင် အလိမ်ခံရသည်ဆိုသည့် မြန်မာလုပ်သားအရေအတွက်နှင့် ငွေကြေးပမာဏကို မသိရသေးပေ။

ရနောင်းသူ ရနောင်းသားများဆုံဆည်းရာဆိုသည့် လူမှုကွန်ရက်ဂရုပေါ်တွင်မူ အလိမ်ခံရသူများက မှတ်ချက်များ ဝင်ရေးနေသည်ကို တွေ့ရသည်။

ရနောင်းမြို့နေ ထားဝယ်ဒေသခံအမျိုးသားတစ်ဦး၏အဆိုအရ ‘မငယ်’ ဆိုသည့် အမျိုးသမီးပိုင် ငွေလွှဲဆိုင်မှာ ရနောင်းတစ်ခွင် နာမည်ကြီးဖြစ်ပြီး မြန်မာရွှေ့ပြောင်းလုပ်သားအများစုက မိသားစုထံ ငွေလွှဲလေ့ရှိသည်ဟု ဆိုသည်။

“တစ်နေ့ကို လွှဲကြတဲ့ပမာဏဆိုရင် ပျမ်းမျှဆို ဘတ်ဆယ်သိန်းလောက်ရှိတယ်လို့ သိရတယ်။ ကျွန်တော်လည်း လွှဲဖူးတယ်။ တော်တော်များများက လွှဲကြတာ” ဟုအထက်ပါ အမျိုးသားက ပြောသည်။

ငွေလွှဲဆိုင်ပိုင်ရှင် မငယ်ဆိုသူမှာ ထိုင်းလူမျိုးနှင့် အိမ်ထောင်ပြုထားပြီး ရနောင်းမြို့တွင် ဖုန်းအရောင်းဆိုင်များ ဖွင့်ထားသလို တည်းခိုခန်းနှင့် ဥယျာဉ်ခြံလည်း ပိုင်ဆိုင်သူဖြစ်ကြောင်း ၎င်းက ဆိုသည်။

“သူ့ပိုင်ဆိုင်မှုက နည်းနည်းနောနောမဟုတ်ဘူး။ အခုက ဘယ်လိုဖြစ်သွားတယ် မသိဘူး”ဟု အထက်ပါ အမျိုးသားက ပြောသည်။

လက်ရှိတွင် ငွေလွှဲဆိုင်ပိုင်ရှင်ထံ ဖုန်းဖြင့်ဆက်သွယ်ခဲ့သော်လည်း ဖုန်းစက်ပိတ်ထားသလို ၎င်းပိုင်ဆိုင်သည်ဆိုသည့် ဖုန်းဆိုင်ကို ထိုင်းလူမျိုးက ပိုင်ဆိုင်ထားသည်ဟုသိရကြောင်း ငွေလိမ်ခံရသည့် အထက်ပါအမျိုးသမီးက ဆိုသည်။

ထိုကဲ့သို့ လိမ်လည်သွားသည်ဆိုသည့်ပြောဆိုချက်များနှင့် ပတ်သက်ပြီး မေးမြန်းနိုင်ရန် မငယ် ငွေလွှဲလုပ်ငန်း၏ လိပ်စာကတ်တွင် ဖော်ပြထားသည့် ထိုင်းဖုန်းနံပါတ် ၄ လုံးကို Dawei Watch ကဆက်သွယ်ခဲ့သော်လည်း ဖုန်းအားလုံး စက်ပိတ်ထားခဲ့သည်။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းအားလုံးနီးပါးက မိသားစုထံ ငွေလွှဲရာတွင် ပြင်ပငွေလွှဲလုပ်ငန်းများမှတစ်ဆင့် လွှဲပြောင်းလေ့ရှိသည်။

ထိုကြောင့်လည်း ငွေအလိမ်ခံရသည့်ဖြစ်စဉ်များ မကြာခဏကြုံတွေ့နေရပြီး ငွေကြေးဆုံးရှုံးမှုများ ဖြစ်လေ့ရှိသည်။