BREAKING
January 15, 2025

မြိတ်တွင် မွေးကင်းစကလေး စွန့်ပစ်ခံရ၊ ခွေးကိုက်ချီလာသဖြင့် ကလေးအလောင်းကိုတွေ့

August 21, 2024

ပုံစာ - ခွေးကိုက်ချီခံရပြီးနောက်မြင်ရသည့် ကလေးငယ်။

မြိတ်မြို့တွင် ဩဂုတ်လ ၁၈ ရက် ညနေပိုင်းက စွန့်ပစ်ထားသည့် မွေးကင်းစ ကလေးငယ်ရုပ်အလောင်းတစ်‌လောင်းကို တွေ့ရှိကြောင်း မြို့ခံများကပြောသည်။

ကမ်းနားလမ်းဘက်၊ မြန်အောင်ရပ်ကွက်၊ သဲကွင်း (၂) လမ်းတွင် ကလေးငယ်အား ခွေးတစ်ကောင်က ကိုက်ချီလာသည်ကို ရပ်ကွက်နေသူများက တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း မြို့ခံတို့က ပြောသည်။

ခွေးကို ရပ်ကွက်နေသူများက လိုက်လံမောင်းထုတ်သဖြင့် ကလေးငယ်ကို ပစ်ချထားခဲ့ကြောင်း ၎င်းတို့က ဆိုသည်။

Dawei Watch က မြင်တွေ့ရသည့် ဓာတ်ပုံမှတ်တမ်းများ၌ ကလေးငယ်တွင် ခွေးကိုက်ဆွဲခံထားရသဖြင့် ခန္ဓာကိုယ် အောက်ပိုင်း မရှိတော့ဘဲ ခွေးပြန်အန်ထားသည့် အန်ဖတ်တွင် ခြေထောက်အပါအဝင် အသားစများကို မြင်တွေ့ရသည်။

“ခွေးစပြီး ကိုက်ချီလာတာ ကမ်းနားဘက်က ကိုက်ပြီး လာတာလို့ပြောကြတယ်။ ကျွန်တော်တို့တွေ့ကတည်းက ခွေးကိုက်ချီပြီး လမ်းထဲမှာပဲ တွေ့တာမလို့ ဘယ်ကစချီလာလဲတော့ မသိဘူး။ ကလေးက ရက်ပိုင်းပဲရှိသေးတယ်ဗျ။ ဝမ်းထဲထွက်တဲ့ ပုံစံတိုင်း ဝမ်းတွင်းဆီနဲ့ ဆံပင်တွေတောင် မခြောက်သေးဘူး” ဟု ကလေးငယ်ရုပ်အလောင်းကို မျက်မြင်တွေ့ခဲ့ရသည့် မြိတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ကလေးငယ်ရုပ်အလောင်းအား သင်္ဂြိုဟ်နိုင်ရန် မြို့ခံပရဟိတအသင်းတစ်ခုထံ ဆက်သွယ်အပ်နှံပေးလိုက်ကြောင်း ရပ်ကွက်နေသူများထံမှ သိရသည်။

“ကလေးဖျက်ချပြီး ပလပ်စတစ်အိတ်နဲ့ ကမ်းနားမှာ လာပစ်သွားတယ်။ ကလေးကို ခွေးက ကိုက်လာတာနဲ့ ကလေးခေါင်းကို လူတွေမြင်လို့ (ခွေးကို)လန့်လိုက်မှ ကျန်ခဲ့တယ်။ သူတို့ပဲဆက်သွယ်လာပေးလို့ သွားယူပေးပြီး မြေမြှုပ်ပေးလိုက်တယ်” ဟု သင်္ဂြိုဟ်ပေးခဲ့သည့် ပရဟိတအသင်းတာဝန်ရှိသူတစ်ဦးက ပြောသည်။

ကလေးငယ်မှာ သေဆုံးပြီးမှ စွန့်ပစ်ခံရခြင်းလော၊ သို့မဟုတ် ခွေးကိုက်ဆွဲခံရသဖြင့် သေဆုံးခြင်းလော ဆိုသည်ကိုမူ တိတိကျကျ မသိရပေ။

ပြီးခဲ့သည့် ဇူလိုင်လ၃၁ ရက်ကလည်း မြိတ်မြို့၊ ကလွင်သုသာန်အနီး ဝဋံသကာအသင်း ရုံးခန်းရှေ့တွင် ပိုင်ရှင်မဲ့ ကလေးငယ် ရုပ်အလောင်းတစ်လောင်း တွေ့ရှိခဲ့သေးသည်။