BREAKING
October 18, 2024

ထိုင်းတွင် ဓားထိုးမှုဖြင့် မြန်မာစျေးသည်တစ်ဦး ဖမ်းဆီးခံရ

August 21, 2024

ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်တွင် စျေးသည်အချင်းချင်း စကားများရန်ဖြစ်ရာမှ ဓားဖြင့်ထိုးခဲ့သည်ဆိုကာ မြန်မာစျေးသည်တစ်ဦး ဖမ်းဆီးခံရကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

စီရချာဒေသရှိ ကုန်စုံဆိုင်ရှေ့ရှိ ဈေးတန်းတစ်ခုတွင် ဩဂုတ်လ ၂၀ရက်က ရိုတီ (ပလာတာ) ရောင်းချနေကြသည့် စျေးသည် အချင်းချင်း နေရာလုရာမှ စကားများရန်ဖြစ်ကြခြင်းဖြစ်ကြောင်း ဆိုသည်။

အချင်းများရာမှ မြန်မာစျေးသည်က ဓားဖြင့်ထိုးခဲ့သဖြင့် စျေးသည်အခြားတစ်ဦးမှာ မျက်နှာ၊ ခန္ဓာကိုယ်ပေါ်၊ နောက်ကျောနှင့် လက်များတွင် ပြတ်ရှဒဏ်ရာများစွာ ရရှိခဲ့ကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့များ လာရောက်ချိန်တွင် အသက် ၄၇ နှစ်အရွယ်ရှိ အဆိုပါစျေးသည်မှာ ဓားဒဏ်ရာများဖြင့် ဈေးရောင်းဆိုင်ကယ်လှည်းဘေးတွင် လဲကျပြီး ငိုနေသည်ကို တွေ့ရကြောင်း ဆိုသည်။

၎င်းကို ကယ်ဆယ်ရေးအဖွဲ့များက ရှေးဦးကုသပေးပြီး နီးစပ်ရာ ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဖော်ပြသည်။

ဓားထိုးခံရသည့် စျေးသည်မှာ အိန္ဒိယနိုင်ငံသားဟု ထိုင်းသတင်းဌာနနှစ်ခုကဖော်ပြပြီး နောက်သတင်းဌာနတစ်ခုကမူ မြန်မာနိုင်ငံသားဟု ဖော်ပြရာ ကွဲလွဲနေသဖြင့် ၎င်းမှာ မည်သည့်နိုင်ငံသားဖြစ်သည်ကို လတ်တလောတွင် အတည်မပြုနိုင်ပေးပေ။

ဓားဖြင့် ထိုးခဲ့သည်ဆိုသည့် မြန်မာစျေးသည်မှာ အသက် ၃၉ နှစ်အရွယ် ကိုထွန်းဟိန်းဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားခဲ့ပြီးနောက် ထွက်ပြေးသွားကြောင်း သတင်းများတွင် ဖော်ပြသည်။

ရဲတပ်ဖွဲ့များက ကနဦး လမ်းကြောင်းများတွင် ရှာဖွေခဲ့သော်လည်း မတွေ့ရသဖြင့် ဒရုန်းလွှတ်တင်၍ ရှာဖွေခဲ့ရာ အခင်းဖြစ်သောနေရာနှင့် ၅၀၀ မီတာခန့်အကွာ လမ်းဘေးတောထဲတွင် ပုန်းနေသည်ကို တွေ့ရှိခဲ့ရကြောင်း ဆိုသည်။

ယင်းနောက် မြန်မာစျေးသည်ကို ဓားနှင့်အတူ ဖမ်းဆီးနိုင်ခဲ့ကြောင်း သတင်းများတွင် ရေးသားထားသည်။

ဓားဖြင့်အထိုးခံရသည့် စျေးသည်သည် ဝယ်သူများကို လုယူရန်ကြိုးပမ်းနေသလို အခင်းဖြစ်သည့်နေ့က စျေးရောင်းနေကျ နေရာကိုလည်း လုယူထား၍ ဖယ်ပေးရန် ပြောဆိုရာမှ အချင်းများရန်ဖြစ်ပြီး ဓားထိုးမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု မြန်မာစျေး သည်က ရဲတပ်ဖွဲ့ထံတွင် ထွက်ဆိုကြောင်း ဖော်ပြသည်။

သူတစ်ပါးကို ကိုယ်ထိလက်ရောက် နာကျင်စေမှု၊ အများပြည်သူရှေ့တွင် လက်နက်ကိုင်ဆောင်မှုများဖြင့် မြန်မာစျေးသည်ကို အမှုဖွင့်ထားကြောင်းဆိုသည်။

Ref: The Thaiger, Daily News, Workpoint 23