BREAKING
December 23, 2024

ကူးတို့ဂိုဏ်းဝင် သံဃာတော်များ ဝါဆိုဝါကပ်ပြုသည့်မြင်ကွင်းများ

July 21, 2024

ရေဖြူမြို့နယ်၊ ဖောင်းတောရွာ၊ ဇေယျသီတာရုံကျောင်းတိုက်က ဂဏဝိမုတ်ကူးတို့ဂိုဏ်းဝင်သံဃာတော်များ ဝါဆိုလပြည့်ကျော်တစ်ရက် ဇူလိုင်၂၁ ရက် ညတွင် ဝါဆိုဝါကပ်ပြုကြပြီး ရွာသူရွာသားများက ဝါဆိုပန်းကပ်ကြသည်။

ထားဝယ်ဒေသတွင် နှစ်စဉ် ဝါဆိုလပြည့်ကျော်တစ်ရက်၌ တောစဉ်တောင်စဉ်တစ်လျှောက် ဝါဆိုပန်းခူး၍ ဘုရားပုထိုးများနှင့် ဘုန်းကြီးကျောင်းများတွင် ဝါဆိုပန်းကပ်သည့် ဓလေ့ကို ပြုလုပ်လေ့ရှိကြသည်။

ကိုဗစ်မတိုင်မီကာလများတွင် ရပ်ရွာအလိုက် မိသားစုအလိုက် ရှင်ကိုးရှင်စာရင်းဝင်ဘုရားများနှင့် ရပ်ရွာအလိုက်ဘုရားများသို့ သွားရောက်၍ ဝါဆိုပန်းကပ်၍ဘုရားဖူးခြင်းပြုလုပ်လေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ တိုက်ပွဲများအပြင် လမ်းပိုင်းများတွင် စစ်ဆေးရေးဂိတ်များ များပြားခြင်းတို့ကြောင့် ဝါဆိုပန်းကပ်ဘုရားဖူးထွက်သူ နည်းပါးကြောင်း ထားဝယ်ဒေသခံတို့က ဆိုသည်။

ရပ်ရွာနယ်မြေ မအေးချမ်းသည့် ဒေသများရှိ ဘုန်းကြီးကျောင်းများက သံဃာတော်များသည်လည်း မြို့ပေါ်ရှိ ကျောင်းများတွင် ရှောင်တိမ်း၍ ဝါဆိုဝါကပ်တော်မူရကြောင်း မြို့ပေါ်ကျောင်းတစ်ကျောင်းတွင် ခေတ္တဝါဆိုသီတင်းသုံးနေသည့် ရေဖြူမြို့နယ်မှ သံဃာတော်တစ်ပါးက မိန့်ကြားသည်။