BREAKING
November 23, 2024

The Sheronies of Tavoy - ထားဝယ်နှင်းဆီ

July 21, 2024

[အခန်း ၉]

၁၈၂၄ စက်တင်ဘာလ ၈ ရက်။

ဗိုလ်မှူးကြီး မိုင်းလ် ဦးဆောင်သော တိုက်သင်္ဘောများ၊ အမြောက်တင်လှေကြီးများပါဝင်သည့် ဗြိတိသျှရေကြောင်းချီတပ်ကြီးသည် ထားဝယ်ဆိပ်ကမ်းနှင့် အနီးဆုံးနေရာသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

လွန်ခဲ့သည့် ရှစ်ရက်ကတည်းက ထားဝယ်မြစ်ဝသို့ ရောက်နေသော ဗြိတိသျှရေတပ်ကို မြို့ဝန်ဦးရွှေလုတ်၏ လှေတပ်များက ခုခံတိုက်ခိုက်ခဲ့ကြ၏။

သို့သော်ငြား..လက်နက်အင်အားချင်းမှာ ကွာခြားလွန်းနေသည်။ ထားဝယ်စစ်သားများ၏ အလောင်းများမှာ ရေပြင်တွင် ပေါလောမျောလျက်။

မြို့ဝန်ဦးရွှေလုတ်မှာ တရွေ့ရွေ့နီးကပ်လာနေသော ဗြိတိသျှရေတပ်သင်္ဘောများကို မှန်ပြောင်းဖြင့် ကြည့်ရှုလိုက်သည်။

“မောင်ယာစိ . . . စစ်ကဲတွေရော၊ ဆိပ်ကမ်းစောင့်တပ်တွေကိုပါ အမိန့်ပေးစမ်း . . . မြို့ရိုးတွင်းကနေ ဝင်ရောက်ခုခံကြမယ်လို့”

ဦးရွှေလုတ်ကိုယ်တိုင်လည်း ဝေါယာဉ်ဖြင့် မြို့ရိုးထဲသို့ ပြန်ဝင်သွား၏။

ထို့နောက် စစ်ကဲများခြံရံလျက် မြို့ရိုးတံတိုင်းပေါ်သို့ တက်လိုက်သည်။

“ရေဝန်နှင့် အဖွဲ့က အမြောက်ကို အဆင်သင့်ပြင်ထားပြီးပြီလား . . . ဒီကောင်တွေ သင်္ဘော ကျောက်ချပြီဆိုတာနဲ့ . . . ”

ဦးရွှေလုတ်၏ စကားမဆုံးလိုက်။

ဆိပ်ကမ်းစောင့်တပ်၏ ဒေါင်းအလံနေရာတွင် တလွင့်လွင့်တက်လာနေသော အလံဖြူတစ်စင်း။

“ဟေ့ . . . ဒါက ဘာလုပ်ကြတာလဲ”

ဦးရွှေလုတ် ၏ ကျောကုန်းတွင် စူးခနဲ ခံစားလိုက်ရ၏။

သေနတ်ကိုင်အစောင့်တပ်များက သူ့ကို ဝန်းရံထားလိုက်ခြင်းပင်။

“မင်းတို့ ဒါဘာလုပ်တာလဲ”

“သည်းခံတော်မူပါ . . . မင်းကြီး . . . ဗြိတိသျှတပ်တွေဟာ ကမ်းကပ်တာနဲ့ . . . ထားဝယ်မြို့ကို အမြောက်ကြီးများနဲ့ ပစ်ခတ် ဖျက်ဆီးကြပါလိမ့်မယ် . . . ကျုပ်တို့ ခုခံ တိုက်ခိုက်နေလည်းအပိုပါပဲ . . . ဒီလိုအခြေအနေမှာ မြို့သူမြို့သားတွေနဲ့ စစ်သားတွေရဲ့ အင်အားကို အပိုမဖြုန်းတီးစေချင်လို့ပါ”

စစ်သားများနောက်တွင် ရပ်နေသူက ရေဝန်ဦးဒါ။

ရေဝန်ဦးဒါ၏ ဘေးတွင် စစ်ကဲများဖြစ်သော မော်ထောင်ဘို၊ မောင်တိုင်တား၊ မောင်ဝ နာခံတော် ရွှေမင်း၊ ရွှေအောင်၊ စာရေးကြီး မောင်လူ စသည့် မြို့အုပ်ချုပ်ရေးအဖွဲ့များကို အစုံအညီ တွေ့လိုက် ရသည်။

“မောင်မင်းတို့ . . . မောင်မင်းတို့ . . . နန်းတော်ကို သစ္စာဖောက်တာပဲ”

“သည်းခံတော်မူပါ . . . မင်းကြီး . . . မြိတ်မြို့ရော၊ ရန်ကုန်မြို့ပါ အင်္ဂလိပ်လက်အောက်ကျပြီမို့ . . . ကျွန်တော်မျိုးတို့ အနေနဲ့ ထားဝယ်မြို့သူမြို့သားများ အထိအခိုက်အနည်းဆုံးနည်းကို ရွေးလိုက်ရတာပါ”

“သစ္စာဖောက်တွေ”

ထိုအချိန်တွင် မောင်ယာစိက ရုတ်တရက် မြို့ရိုးပေါ်တက်လာပြီး လက်ထဲမှ သေနတ်ဖြင့် ပစ်လိုက်လေသည်။

“ဒိုင်း”

သေနတ်ကိုင် စစ်သည်တစ်ဦးလဲကျသွား၏။

“ဟေ့ . . . ”

မြို့ရိုးပေါ်တွင် ရပ်နေသော စစ်သည်တစ်ဦးက မောင်ယာစိပေါ်သို့ ခုန်အုပ်လိုက်သည်။ အခြားစစ်သည်များကလည်း မောင်ယာစိကို ဝိုင်းဖမ်းလိုက်ကြ၏။

“ဟေ့ . . . သူ့ကိုလည်းအသက်မသေစေနဲ့ . . . မြို့ဝန်နဲ့ သူ့ဘက်တော်သားအင်းဝသားတွေကို အကုန်ချုပ်ထားလိုက်ကြ”

အင်္ဂလိပ်သင်္ဘောများနှင့် ညှိနှိုင်းရန် လွှတ်လိုက်သူ နာခံတော် ကန်ချလား ၏ လှေလည်း ဆိပ်ကမ်းသို့ ပြန်လည်ရောက်ရှိလာချေပြီ။

ရေဝန်ဦးဒါ ခေါင်းဆောင်သော မြို့အုပ်ချုပ်ရေးအဖွဲ့သည် ဆိပ်ကမ်းသို့ ဆင်းသွား၏။

မြို့ဝန်ဦးရွှေလုတ်၊ စစ်ကဲမောင်ယာစိ၊ အခွန်ဝန်မောင်ရွှေဦး၊ အင်းဝမှ စေလွှတ်သောအမှုထမ်းများကို မြို့ဝန်ရုံးရှိ အချုပ်ခန်းတွင်ပင် ချုပ်နှောင်ထားလိုက်ကြသည်။

……………………………………………..

ထားဝယ်မြို့ကို သိမ်းပိုက်ပြီးသည့်နောက် ဗိုလ်မှူးကြီးမိုင်းလ်က ရေဝန်ဦးဒါ အား ပထမတန်းမြို့အုပ်ချုပ်ရေးအရာရှိ (မြို့ဝန်) အဖြစ် ခန့်အပ်ခဲ့သည်။

မြို့ဝန်ဦးရွှေလုတ်ကိုမူ ကလကတ္တားထောင်သို့ ပို့လိုက်ကြ၏။ ဦးဒါ၏ မေတ္တာရပ်ခံချက်ကြောင့် အခွန်ဝန် မောင်ရွှေဦးမှာ ပြန်လည်လွတ်မြောက်လာခဲ့သည်။ မောင်ယာစိ ကိုမူ သူ့သဘောဆန္ဒအတိုင်း အင်းဝသို့ ပြန်ခွင့်ပြုလိုက်၏။

အင်းဝနေပြည်တော်ကလည်း ဦးဒါကို အမျိုးသားသစ္စာဖောက်အဖြစ် သတ်မှတ်ကာ မျက်ကွယ်သေဒဏ်သတ်မှတ်ခဲ့သည်။

ထားဝယ်သို့သိမ်းပိုက်ပြီးနောက် ခြောက်လအကြာတွင် ဗိုလ်မှူးကြီး ဝုဖ် ဦးဆောင်သည့် တပ်ရင်းနှစ်ရင်းကိုသာ မြို့စောင့်တပ်အဖြစ်ထားရှိပြီး ဗြိတိသျှတပ်များမှာ ရန်ကုန်စစ်မြေပြင်သို့ ဆက်လက်ချီတက်သွားကြသည်။

ထိုအခြေအနေသည် မြို့ဝန်အသစ် ဦးဒါ အတွက် အချက်ကောင်းဖြစ်လာခဲ့၏။

သို့သော် မြို့ဝန်ဦးဒါ ၊ အခွန်ဝန်ဟောင်းမောင်ရွှေဦး၊ စစ်ကဲမောင်ဝ၊ စာရေးကြီးမောင်လူ တို့က ထားဝယ်သားများကို လျှို့ဝှက်စုစည်းထားကာ အင်္ဂလိပ်တပ်များကို အလစ်တိုက်ခိုက်ပြီး မြို့အား ပြန်သိမ်းမည့်အစီအစဉ်မှာ ပေါက်ကြားသွားခဲ့သည်။

၁၈၂၅ ခုနှစ်၊ နှစ်ဦးပိုင်းတွင် ဗိုလ်မှူးကြီးဝုဖ်က ဦးဒါနှင့် ပါဝင်သူများကို အချိန်မီဖမ်းဆီးခဲ့ပြီး ကျန်သူများကို ထားဝယ်တွင်ပင် အကျဉ်းချထားလိုက်၏။

ဦးဒါနှင့် သားကြီးသုံးယောက်ကိုမူ အင်္ဂလိပ်အစိုးရအား ကူညီပေးခဲ့ဖူးသည်ကို ထောက်ထားသော အားဖြင့် မြိတ်မြို့သို့ ပြည်နှင်ဒဏ်ပေးခဲ့၏။

ဦးဒါ၏ ဇနီးဖြစ်သူနှင့် အငယ်ဆုံးသားမှာမူ ထားဝယ်မြို့၌သာ နေခဲ့ရသည်။ မြိတ်မြို့တွင်ရှိနေသော ဦးဒါ တစ်စုံတစ်ရာပုန်ကန်မှုလုပ်လျှင် အင်္ဂလိပ်အစိုးရအနေဖြင့် ဇနီးနှင့် အရွယ်မရောက်သေးသော သားငယ်ကို ဓားစာခံအဖြစ် ထားရှိထားခြင်းလည်းဖြစ်သည်။

……………………………………………..

ရေဝန်ဦးဒါအား နယ်နှင်ဒဏ်ပေးပြီး လေးနှစ်အကြာ။

၁၈၂၉ ဩဂုတ်လ ၉ ရက်။ နံနက်လင်းအားကြီးအချိန်။

ထားဝယ်မြို့ကို အုပ်ချုပ်နေသော ကပ္ပတိန်ဘာနေးသည် အောက်မြန်မာပြည်ဝန်ရှင်တော်မင်းကြီး၏ ဆင့်ခေါ်မှုအရ မော်လမြိုင်သို့ ရောက်ရှိနေချိန်ဖြစ်သည်။

ကပ္ပတိန်ဘာနေးနှင့်အတူ စစ်အင်အားအချို့ပါသွားပြီး ထားဝယ်မြို့တွင် မြို့စောင့်တပ်အဖြစ် အင်္ဂလိပ်အရာရှိအနည်းငယ်နှင့် အိန္ဒိယစစ်ဗာရီ ၁၀၀ ခန့်သာကျန်ရစ်သည်။

ထားဝယ်မြို့သည် ပြင်မြို့ရိုးနှင့် အတွင်းမြို့ရိုးဟူ၍ နှစ်ထပ်ရှိသည့်အနက် လူနေအိမ်များမှာ ထိုမြို့ရိုးနှစ်ခုကြားတွင် တည်ရှိ၏။

ထိုနေ့နံနက် မြို့ရိုးနှစ်ခုကြား လူနေအိမ်များဆီမှ ထူးထူးခြားခြား ကြက်တွန်သံများ ထွက်ပေါ်လာသည်။

ထားဝယ်မြို့တွင်း ရုပ်ဖျက်ဝင်ရောက်နေထိုင်ကြသည့် စစ်သည်ဟောင်းတချို့၏ အချက်ပေးသံများ။

ပြင်မြို့ရိုးတွင် ကင်းစောင့်နေသော စစ်ဗာရီတပ်စိတ်နှင့် အတွင်းမြို့ရိုးမှ ကင်းတပ်စိတ်တို့ ကင်းလဲခြင်း ပြုလုပ်နေစဉ် အချိန်ကိုက် ထွက်ပေါ်လာသည့် အသံများ။

တိုက်မောင်းသံများ တနောင်နောင်ပေါ်ထွက်လာပြီး။ အပြင်မြို့ရိုးဘက်ဆီမှ သေနတ်သံများ စတင်ကြားရသည်။

ထားဝယ်မြို့ရိုးပေါ် ကျော်ဖြတ်တက်လာကြသော ရေဝန်ဦးဒါခေါင်းဆောင်သည့် ထားဝယ်တော်လှန်ရေးသမား ၂၅၀ သည် အင်္ဂလိပ်စစ်တပ်နှင့်အရာရှိများနေထိုင်ရာ အတွင်းမြို့ရိုးဆီသို့ အပြင်းချီတက်သွားကြ၏။

အတွင်းမြို့ရိုးတံခါးပေါက်အနီးတွင် ခရစ်ယာန်သာသနာပြု ဖာသာဘို့ဒ်မင်း ၏ နေအိမ်ရှိနေသည်။

သုံးခွစွပ်တူမီးသေနတ်၊ ဓား၊ လှံလက်နက်များသာ ကိုင်ဆောင်ထားသော တော်လှန်ရေးတပ်သားများက ထိုအိမ်အနီးရှိ လက်နက်တိုက်နှင့် အမြောက်ရုံဆီ အရင်ဆုံး ဦးတည်သွား၏။

အရာရှိတစ်ဦး ဦးစီးသည့် စစ်ဗာရီတပ်စုသည် ဖာသာဘို့ဒ်မင်း၏ အိမ်နှင့် မြို့ရိုးကြားသို့ နေရာဝင်ယူလိုက်ကြပြီး လက်နက်တိုက်နှင့်အမြောက်ရုံကို အသည်းအသန်ခုခံကာကွယ်ကြသည်။

အင်္ဂလိပ်စစ်တပ်တွင်လည်း စစ်မြေပြင်သုံးလက်နက်အနည်းငယ်သာရှိပြီး အမြောက်ပစ်တတ်သူ တစ်ဦးသာ ရှိနေ၏။ အမြောက်ပစ်တတ်သည့် တစ်ဦးတည်းသော အမြောက်တပ်အရာရှိမှာလည်း ငှက်ဖျားရောဂါဖြင့် အိပ်ရာထဲလဲနေသည်။

တုတ်၊ဓား၊ တူမီးသေနတ်များသာ ကိုင်ဆောင်ထားသော တော်လှန်ရေးတပ်သားများက ထိုအခြေအနေကို အကောင်းဆုံးဖြစ်အောင် ထိန်းချုပ်လိုက်ကြ၏။

ဦးဒါ၏ ဒုတိယသား ဦးစီးသည့်လူ၆၀ က မြို့အုပ်ချုပ်ရေးအရာရှိ နေအိမ်နှင့် ထားဝယ်အကျဉ်းထောင်ကို ဝင်စီးကြသည်။

အကျဉ်းထောင်တွင်ရှိနေသော အခွန်ဝန်နှင့် စစ်ကဲများကို ကယ်ထုတ်သည်။ အခြားအရပ်ဘက်အကျဉ်းသားများကိုလည်း လွှတ်ပစ်ကြ၏။

ဦးဒါ၏ တတိယသား ဦးစီးသည့် လူ(၅၀) က ကပ္ပတိန်ဘာနေး၏ အစိုးရအိမ်တော်ကို ဝိုင်းဝန်းပစ်ခတ်ကြသည်။

အတွင်းတွင် ကပ္ပတိန်ဘာနေး၏ မိသားစုနေထိုင်နေသဖြင့် စစ်ဗာရီများမှာ ထိုအိမ်ကိုလည်း အသည်းအသန်ခုခံထားကြရပြန်၏။

ထိုအခြေအနေတွင် ဦးဒါ၏ ပထမသားကြီးမှာ အင်္ဂလိပ်တို့ အကျယ်ချုပ်ထားရှိသော မိခင်နှင့် ညီငယ်ကို ကယ်တင်နိုင်ခဲ့ပြီဖြစ်သည်။

ထားဝယ်မြို့ခံလူထုမှာလည်း တော်လှန်ရေးတပ်သားများနှင့် တဖြည်းဖြည်းပူးပေါင်းလာသဖြင့် အင်အား ၅၀၀ အထိ ဖြစ်လာသည်။

အင်္ဂလိပ်စစ်တပ်များမှာ အချိန်ကြာကြာမခုခံနိုင်တော့။

အင်္ဂလိပ်စစ်အရာရှိများ၊ စစ်ဗာရီများ၊ အရပ်သားဝန်ထမ်းများ သည် မြို့ကို စွန့်ခွာ၍ ထားဝယ်သင်္ဘောဆိပ်သို့ ဆုတ်လာခဲ့ကြသည်။

လက်နက်ခဲယမ်းများကိုလည်း နိုင်သလောက်သယ်ယူခဲ့ကြသည်။

သင်္ဘောဆိပ်ရှိ ဂိုထောင်ကြီးတစ်လုံးအတွင်း ဝင်ရောက်ကာ ခုခံကာကွယ်ရန်ပြင်ဆင်ကြ၏။

ထိုဂိုထောင်ကြီးတွင် မကြာသေးမီကမှ မြိတ်မှ ပို့လိုက်သည့် ရိက္ခာများ၊ ယမ်းမှုန့်နှင့်ကျည်ဆန်များလည်း အလုံအလောက်ရှိနေသည်။

အင်္ဂလိပ်လူမျိုး တပ်ကြပ်နှစ်ဦးမှာ လှေတစ်စီးဖြင့် မြိတ်မြို့သို့ စစ်ကူတောင်းရန် ထွက်ခွာသွား၏။

ဦးဒါ၏ တော်လှန်ရေးတပ်သားများမှာ ထိုဂိုထောင်ကြီးကို ငါးရက်တိုင်တိုင်ဝန်းရံတိုက်ခိုက်ကြသည်။

ကိုက် ၈၀၀ သာ ပြေးသော ထားဝယ်သားတို့၏ တူမီးသေနတ်များက ကိုက် ၁၅၀၀ ထိပြေးသော အင်္ဂလိပ်တပ်များ၏ ဒင်ဒလီရိုင်ဖယ်များကို ရေရှည်တွင် ယှဉ်ဖို့မလွယ်ကူပေ။

ထို့ပြင် ဂိုထောင်အတွင်း စားနပ်ရိက္ခာနှင့် ကျည်အလုံအလောက်ရှိနေသဖြင့် အတွေ့အကြုံရှိ စစ်ဗာရီများကို ထိုးဖောက်ရန်ကား ပိုမိုခက်ခဲလှသည်။

နောက်ဆုံးတွင် တော်လှန်ရေးတပ်သားများသည် ဂိုထောင်ကြီးအနီးရှိ အိမ်များ၊ သင်္ဘောဆိပ်ရှိ လှေများ၊ သင်္ဘောများကို မီးတင်ရှို့ကြတော့၏။

မီးသည် တဖြည်းဖြည်းနှင့် အင်္ဂလိပ်စစ်တပ်များခိုအောင်းနေသော ဂိုထောင်ကြီးဆီသို့ ကူးစက်လာတော့သည်။

ယမ်းများသိုလှောင်ထားသဖြင့် မီးကူးသည်နှင့် အားလုံးမှာ မီးလောင်တိုက်သွင်းသကဲ့သို့ သေရတော့မည်။

တော်လှန်ရေးတပ်သားများမှာ အမြောက်ဂိုထောင်ကိုလည်း ရရှိသွားပြီဖြစ်သဖြင့် အမြောက်များဖြင့်လည်း ပစ်ခတ်ကြ၏။

ထားဝယ်ဆိပ်ကမ်းနှင့် နိုင်ငံခြားသားအရာရှိရပ်ကွက်ကား မီးဟုန်းဟုန်းတောက်နေချေပြီ။
ထိုအချိန်တွင်..မိုးက သစ္စာဖောက်လေ၏။

ဝေါခနဲ သဲသဲမဲမဲ ရွာချလိုက်သည့် မိုးက မီးတောက်မီးလျှံများကို ငြိမ်းသွားစေတော့သည်။

ဂိုထောင်အတွင်းရှိ အင်္ဂလိပ်စစ်တပ်များမှာ စိတ်ဓာတ်အားပြန်တက်လာပြီးနောက် ပစ်အား ပိုကောင်းလာခဲ့၏။

ထိုအချိန်တွင် ကပ္ပတိန်ဘာနေ ၏ တိုက်သင်္ဘောဒိုင်ယာနာသည် မော်လမြိုင်မှ ထားဝယ်ဆိပ်ကမ်းသို့ ပြန်ဝင်လာခဲ့သည်။

ဒိုင်ယာနာစစ်သင်္ဘောပေါ်မှ အမြောက်များဖြင့် ပစ်ခတ်မှုကြောင့် တော်လှန်ရေးတပ်ဖွဲ့များမှာ ဆိပ်ကမ်းမှ ဆုတ်ခွာကြရ၏။

ဂိုထောင်တွင်းမှ မိသားစုဝင်များ အရပ်ဘက်ဝန်ထမ်းများကို သင်္ဘောပေါ်သို့ ခေါ်ထုတ်ပြီးနောက် မော်လမြိုင်သို့ စစ်ကူတောင်းရန် သင်္ဘောက ပြန်လည်ထွက်ခွာသွားသည်။

ကပ္ပတိန်ဘာနေးနှင့်အတူပါသွားသော တပ်စိတ်များလည်း ရောက်ရှိလာပြီဖြစ်သဖြင့် အင်္ဂလိပ်စစ်တပ်မှာ ပိုမိုအားကောင်းလာ၏။

မြန်မာတော်လှန်ရေးတပ်များကလည်း သိမ်းဆည်းရမိသော အမြောက်ကြီးဖြင့် ဆိပ်ကမ်းတစ်လျှောက် ပစ်ခတ်နေသည်။

သို့သော် လက်နက်ကိုင်တွယ်ရာတွင် မကျွမ်းကျင်မှုတို့ကြောင့် ထိ‌ရောက်ခြင်းမရှိ။

၁၈၂၉ ဩဂုတ်လ ၁၅ ရက်နေ့တွင်မူ အခြေအနေက တစ်မျိုးပြောင်းသွားသည်။

ကပ္ပတိန်ဘာနေး၏ ဦးဆောင်မှုဖြင့် အင်္ဂလိပ်စစ်တပ်များသည် ခံစစ်စခန်းဖြစ်သော ဂိုထောင်ကြီးထဲမှ တိတ်တဆိတ်ထွက်ကာ ထားဝယ်မြို့တွင်း ပြန်ဝင်လာကြ၏။

ကပ္ပတန်ဘာနေးနှင့်အတူ စစ်မြေပြင်အတွေ့အကြုံကြွယ်ဝသော အင်္ဂလိပ်အရာရှိများ၊ စစ်သားများပါ ပါဝင်နေသဖြင့် တိုက်ပွဲတွင် တော်လှန်ရေးသမားများ တဖြည်းဖြည်းအ‌ရေးနိမ့်လာသည်။

တော်လှန်ရေးတပ်တို့၏ မလိုအပ်ဘဲ ခဲယမ်းဖြုန်းတီးမှုကို ရိပ်မိသော ကပ္ပတိန်ဘာနေး က စစ်မြူခြင်းဖြင့်သာ အယောင်ပြလှည့်စားနေခဲ့၏။

ခဲယမ်းမီးကျောက်များ ကုန်ခမ်းလုနီးပြီကို ခန့်မှန်းမိသည်နှင့် အင်္ဂလိပ်စစ်တပ်များက ကျည်အားဖြင့် ဝိုင်းဝန်းတိုက်ခိုက်ကြသောအခါ တော်လှန်ရေးတပ်တို့မှာ မြို့ကို ပြန်လည်စွန့်ခွာကြရသည်။

ထိုအချိန်တွင် မော်လမြိုင်နှင့် မြိတ်တို့မှ စစ်ကူများ ရောက်ရှိလာသဖြင့် တော်လှန်ရေးတပ်သားများမှာ ညှပ်ပူးညှပ်ပိတ်ဝန်းရံခြင်းကို ခံရတော့၏။

နောက်ဆုံးတွင် ပုန်ကန်မှုကို ဦးဆောင်သူ ဦးဒါနှင့် သားသုံးဦး၊ ခေါင်းဆောင်အဖြစ်ပါဝင်သူ ၃၀ ကျော်ကို အင်္ဂလိပ်အစိုးရက ဖမ်းဆီးနိုင်ခဲ့သည်။

အင်္ဂလိပ်စစ်ခုံရုံးက ဦးဒါနှင့် သားများ၊ ခေါင်းဆောင် ၃၀ ကျော်ကို သေဒဏ်စီရင်လိုက်၏။

ဦးဒါ၏ ဇနီးဖြစ်သူနှင့် စတုတ္ထသားတို့မှာမူ မည်သည့်နေရာသို့ ရောက်သွားသည်ကိုမသိရ။ ပျောက်ခြင်းမလှ ပျောက်ကွယ်သွားတော့သည်။

……………………………………………..

“အဲ့ဒီ ပျောက်သွားတဲ့ ဦးဒါရဲ့ စတုတ္ထမြောက်သား ဟာ ကျွန်တော့်အဘိုးရဲ့ အဖေပဲ . . . ကျွန်တော့်အဘိုးဟာ . . . သူ့ရဲ့ ဘိုးအေကြီးဖြစ်တဲ့ ဦးဒါ နဲ့ သူ့ဦးလေးတွေအတွက် အမြဲတမ်းဂုဏ်ယူနေခဲ့တယ် . . . ဦးဒါကို သစ္စာဖောက်လို့ ပြောတဲ့ သူတွေကိုလည်း . . . ဒီအကြောင်းတွေနဲ့ ချေဖျက်ပြချင်ခဲ့တယ် . . . သူ့မြေးဖြစ်တဲ့ ကျွန်တော့်ကိုတောင် သူ့အဘိုးရဲ့ ဘွဲ့နာမည်ပါအောင် . . . သူရိန် လို့ ပေးခဲ့တာပဲ”

စားလိုက်၊ အိပ်လိုက်ဖြင့် သုံးရက်ကြာနားထောင်ခဲ့ရသော ဇာတ်လမ်းကြီးထဲတွင် ကြည်ကြည် မျောပါနေရာမှ သတိဝင်လာသည်။

“ဒါနဲ့ ရှင် . . . ကွန်မြူနစ်သူပုန်ဖြစ်တာနဲ့ ဘာဆိုင်လို့လဲ”

“ဆိုင်တာပေါ့ဗျာ . . . ကျွန်တော်ဟာ ဦးဒါ ရဲ့ မျိုးဆက်ပါ . . . သွေးသားပါ . . . ကျွန်တော့်သွေးထဲ ဦးဒါရဲ့ သွေးတွေ စီးဆင်းနေတယ် . . . ဖိနှိပ်သူကို ပုန်ကန်ချင်တဲ့စိတ်တွေရှိတယ် . . . အားနည်းသူဘက်က ရပ်တည်ချင်တဲ့သွေးတွေရှိတယ် . . . ပြီးတော့ အဘိုးဟာ ထားဝယ်ဒေသကို ချစ်လို့ သစ္စာဖောက်ဆိုပြီး.သိက္ခာကျဆင်းခံခဲ့ရတယ် . . . ဒါပေမယ့် သူ့ရဲ့ ကျဆင်းခဲ့တဲ့ ဂုဏ်သိက္ခာအတွက် အသက်နဲ့ရင်းပြီး ပြန်ပြသွားတာမဟုတ်လား . . . ကျွန်တော်လည်း ထားဝယ်ဒေသ၊ ထားဝယ်လူထုကို ချစ်လို့..လူထုဘက်က ရပ်တည်ခဲ့တာ”

ဒီတခါတော့ မောင်ရိန်၏ စကားများကို ကြည်ကြည် မရယ်ရက်။ မလှောင်ရက်။

မောင်ရိန်ကိုသာ စိုက်ကြည့်နေမိသည်။

ထိုအချိန်တွင် ဒူးလေးကို လွယ်လျက် တောခုတ်ဓားရှည်ကို ကိုင်လာသော ဖထီးက သူတို့အနီးလျှောက်လာ၏။

“ဖထီး . . . ပြန်လာပြီလားဗျိုး . . . ဒီနေ့ ဘာသားကောင်ရခဲ့လဲ”

ဖထီးက ကြည်ကြည် ရှိရာသို့ တန်းတန်းမတ်မတ်လျှောက်သွားသည်။

ကြည်ကြည်က ဖထီးကို ပြုံးပြလိုက်၏။

သို့သော် ဖထီး၏ မထင်မှတ်သော အပြုအမူကြောင့် မောင်ရိန် ပင် အံဩသင့်သွားသည်။

“ငြိမ်ငြိမ်လေးနေပြီး . . . မင်းရဲ့ ခြောက်လုံးပြူးကို ငါ့ဆီအပ်လိုက်ပါ . . . ရန်ကုန်သူလေးရေ”

ဖထီး၏ လက်ထဲမှ တောလိုက်ဓားက ကြည်ကြည်၏ လည်ပင်းပေါ်တွင်တင်လျက်။

ခက်ဇော်

အခန်း ၁၀ ကိုဆက်လက်ဖတ်ရှုရန် >>>