ငါးဖမ်းလှေသားတစ်ယောက် မကြားချင်ဆုံးသောအသံက ကားဟွန်းအသံပင်။ ကုန်းပေါ်က ကားဟွန်းသံနှင့် ပင်လယ်ရေလုပ်သားမှာ လားလားမျှမသက်ဆိုင်ဟု ထင်ကောင်းထင်နိုင်သည်။
အများသူငါ အိပ်မောကျနေချိန် ည ၁၂ နာရီ ၁ နာရီဝန်းကျင်တွင် ကြားရလေ့ရှိပြီး လှေသားတစ်ယောက်အတွက် လှုပ်နှိုးလိုက်သည့် နှိုးစက်သံပင်။ ဟွန်းသံကြားပါက လှေသားများ လုပ်ငန်းခွင်ဝင်ကြရမည် မဟုတ်ပါလား။
လှေတစ်စင်းလျှင် ကားဟွန်း ၃ လုံးထက်မနည်းရှိပြီး အားလုံးက လှေသားများနေသည့် အခန်းများအတွင်း ထည့်သွင်းတပ်ဆင်ထားသည်။
အိပ်မောကျနေချိန် ပထမဆုံးမြည်သည့် ဟွန်းသံက လူ ၁၀ ယောက်ခန့် အိပ်ရာက မဖြစ်မနေထရပြီး လှေဦးပိုင်းတွင် ကိုယ်စီနေရာယူရန် အချက်ပေးသည့်အသံပင်။
ရေရှူးဟုခေါ်သည့် အလုပ်သမားခေါင်းဆောင်၊ ခဲခြေဟုခေါ်သည့် ငါးဖမ်းပိုက်အောက်ခြေတွင် တပ်ဆင်ထားသည့် ၅၀ သားခန့်အလေးချိန်ရှိသည့် ခဲကွင်းပေါင်းရာချီပစ်ချရသူ ၃ ဦး၊ ပိုက်ခေါင်းဟုခေါ်သည့် ပိုက်အပေါ်ဘက်ဖော့သီးပစ်သူ ၁ ဦး၊ မီးဖောင်ပစ်သူ(မီးဖောင်ကူး) တစ်ဦးနှင့် ကျန်သည့် ငါးယောက်ခန့်က မဖြစ်မနေအိမ်ရာထပြီး လှေဦးပိုင်းတွင် နေရာယူကြရသည်။
ဒုတိယအကြိမ်ဟွန်းတီးချိန်တွင် လှေသားအားလုံးအိပ်ရာကထရပြီး လုပ်ငန်းခွင်ဝင်ရန် အဝတ်လဲသူလဲ၊ ကော်ဖီမစ်သောက်သူကသောက်၊ ဘိန်းစာရွက် ဝါးသူကဝါး။
ငါးဖမ်းပိုက်ချတော့မည်ဆိုလျှင် သိသာထင်ရှားသည့်အချက်က ငါးဆရာအခန်းဆီက “အွတ်၊ အွတ်၊ အွတ်” ဟု မနားတမ်းမြည်နေသည့် အချက်ပေးသည့်အသံ။
ထိုအသံကား ငါးဖမ်းလှေဝမ်းဗိုက်ကိုဖောက်ပြီးတပ်ထားသည့် “ဆိုနာ”ဟု ခေါ်သည့် ကိရိယာမှ တုံ့ပြန်လာသည့် အသံဖြစ်သည်။
ရေအောက်ကို အသံလှိုင်းထုတ်လွှင့်ပြီး ရေအောက်ရှိ သက်ရှိသက်မဲ့များကိုထိကာ ပြန်လွင့်လာသည့် ပဲ့တင်သံကိုဖမ်းကာ တီဗီစကရင်ပေါ်တွင် ပုံရိပ်ပြန်ဖော်ခြင်းဖြစ်သည်။
ငါးဖမ်းလှေ၏ ပတ်ဝန်းကျင်တွင် ငါးအနည်းအများရှိနေသည့်အခြေအနေအပေါ်မူတည်ကာ အချက်ပေးသံ ထွက်လေ့ရှိသည်။ အသံထွက်နှုန်းမြန်လေလေ ငါးများလေလေ ငါးဖမ်းပိုက်ချဖို့ အခြေအနေများလေလေပင်။
ငါးဖမ်းလှေ၏ အမြင့်ဆုံးနေရာရှိ မှန်လုံခန်း(ငါးဆရာအခန်း) အတွင်း တီဗီစကရင် ၄ လုံးဖြင့် အလုပ်ရှုပ်နေသည့် ငါးဆရာက “ ဝိုင်း” ဆိုသည့်အသံထွက်လာသည်နှင့် ပထမဆုံးရေထဲခုန်ချရသူက မီးဖောင်ပစ်သမားပင်။
ကြိုးခွေကို ဇလွယ်သိုင်းကာ မှောင်မဲမဲ ပင်လယ်ပြင်အတွင်းသို့ မှိတ်တုတ်မှိတုတ်လင်းနေသည့် အချက်ပြမီးနီတစ်ခုကို လက်တစ်ဖက်ကကိုင်ပြီး ကျန်တစ်ဖက်က ဘောသီး(ဘောလုံး)အနီကို ကိုင်ပြီး ရေထဲခုန်ချရခြင်းဖြစ်သည်။
လှေကိုလည်း စက်ကုန်မောင်းပြီး ဝလုံးတစ်ပတ် ပတ်ကာ ပိုက်ဝိုင်း(ပိုက်ချ)လေ့ရှိကာ ပထမဆုံးရေထဲဆင်းသွားသူ မီးဖောင်ကူးကိုင်ထားသည့် အချက်ပြမီးဆီ အရောက်ပြန်မောင်းလေ့ရှိသည်။
ဝါတန်းငါးဖမ်းပိုက်တစ်ဖုံ၏အကျယ်က ပွဲကြည့်စင်ပါသည့်ဘောလုံးကွင်း တစ်ကွင်းသာသာရှိပြီး ဇောက်အနက် ပေရာပေါင်းများစွာအထိ ရှိသည်။
ပြီးနောက် ပိုက်ခြေက ခဲကွင်းများကို ချည်နှောင်ထားသည့် လူကြီးလက်ကောက်ဝတ်ပမာဏရှိ ကြိုးကို “ခွမ်း”ဟုခေါ်သည့် စက်ဒလိမ့်များဖြင့်ပြန်ဆွဲတင်ရသည်။
ယင်းမှာ ဝါတန်းငါးဖမ်းလှေတစ်စင်း ငါးဖမ်းရန် စတင်အလုပ်လုပ်ရပုံပင်ဖြစ်သည်။
လှေတစ်စင်းတွင် ထိုင်းရေရှူးနှင့် မြန်မာရေရှူး နှစ်ဦးထားလေ့ရှိသော်လည်း ထိုင်းရေရှူးက ရာထူးအာဏာအရ ပိုမြင့်သည်။
ထိုင်းနိုင်ငံ၏ အနောက်ပင်လယ်ရှိ နန်ယွန်ဒေသအခြေစိုက်သည့် ကျွန်တော်တို့လှေတွင် ပျော်ပျော်နေတတ်သည့် လောင်းလုံးသား ကိုဇော်မိုးက မြန်မာရေရှူးဖြစ်ပြီး မြန်မာလှေသား ၂၀ ကျော်ကို အုပ်ချုပ်ရသည်။
မြန်မာလှေသား အများစုက လောင်းလုံးနယ်သားများပင်။
ထိုင်းလှေသားများက ရေရှူး ကိုဇော်မိုး၏ စကားကို မနာခံတတ်ကြဘဲ ထိုင်းရေရှူးက အုပ်ချုပ်သည်။
ထိုင်းနိုင်ငံတွင် ဝါတန်း ဟုခေါ်သည့် ဝိုင်းကြီးချုပ်လှေများတွင် လှေသား ၄၀ ဦး အထက် ပါလေ့ရှိပြီး ပင်လယ်အတွင်း ညချင်းပြန် ငါးဖမ်းထွက်လေ့ရှိသည်။
ညနေ ၄ နာရီခန့်တွင် ကမ်းကခွာပြီး တစ်ညတာလုပ်ငန်းစရန် ပင်လယ်အတွင်းရှိ ငါးဖမ်းကွက်များ ရှိသည့်နေရာအထိ ခြောက်နာရီခန့် မနားတမ်းခုတ်မောင်းရသည်။
ကမ်းက လှေစခွာချိန်တွင် ညစာကျွေးလေ့ရှိသည်။ လှေသား၊ ရေရှူး၊ ပဲ့နင်း၊ ငါးဆရာ စသည့် လှေပေါ်ပါလူ ၅၀ ခန့်ကို အိုးသူကြီးတစ်ဦးတည်းက ဒိုင်ခံချက်ပြုတ်ကျွေးမွေးလေ့ရှိသည်။
လူနှစ်ယောက်ဖက်နီးပါးကြီးသည့် အိုးကြီးဖြင့် ထမင်းချက်ပြီး အများအားဖြင့် ဟင်းတစ်မယ်သာတည်းသာ ကျွေးတတ်သည်က လှေအားလုံးနီးပါးပင်။
လှေသားများ၏ ချစ်စရာဓလေ့တစ်ခုမှာ အိုးစားဖက်အဖွဲ့များကို စိတ်တူကိုယ်တူသူများဖြင့် ငါးယောက်တစ်ဖွဲ့ ဖွဲ့ထားလေ့ရှိသည်။
အိုးစားဖက်တစ်ဖွဲ့လျှင် ဟင်းတစ်ခွက်နှုန်း။
တစ်ဝိုင်းလျှင် ငါးယောက်ပါသည့် ထမင်းဝိုင်းများက လှေဦးထိပ်မှ ပဲ့နောက်အထိ သူ့အစုနှင့်သူ။ တစ်နာရီ ၇ မိုင်နှုန်း ဝန်းကျင်ဖြင့် လုပ်ငန်းခွင်ဆီ တရွေ့ရွေ့။
ကျွန်တော်တို့လိုလှေသားများအဖို့ ငါးဖမ်းကွက်အတွင်းသို့ ရောက်ရှိပါက အလိုလိုသိနိုင်သည့် အချက်တစ်ချက် ရှိသည်။
ယင်းမှာ နေစဝင်ချိန်ကတည်းက မီးထွန်းပြီးငါးများကို မြူဆွယ်ထားသည့် မီးထွန်းလှေငယ်များမှာ ပွဲခင်းထဲ ရောက်နေသလိုပင်။
ငါး၏ သဘောသဘာဝအရ မီးအလင်းရောင်ရှိရာကို အုပ်စုလိုက်လာကြပြီး ပျော်မြူးနေလေ့ရှိသည်။
ဝါတန်းငါးဖမ်းလှေကြီးတစ်စီးတွင် မီးထွန်းလှေအနည်း ၃ စင်းကနေ အများဆုံး ၆ စင်းလောက်အထိ ရှိတတ်ကြသည်။
မီးထွန်းလှေတွင်လည်း ရေအောက်ကြည့်ကိရိယာ တပ်ဆင်ထားသည့်အတွက် ငါးအခြေအနေကိုကြည့်ကာ ငါးဖမ်းလှေကြီးကို ဆက်သွယ်ရေးစက်ဖြင့် လှမ်းအကြောင်းကြားခြင်းဖြစ်သည်။
ဝါတန်းငါးဖမ်းလှေကြီးက မီးထွန်းလှေရော ငါးတွေကိုပါ ပိုက်ဖြင့်ဝိုင်းလိုက်ကာ ငါးဖမ်းကြခြင်းဖြစ်သည်။
“ဟိတ်ရား” “ရာလေး” ၊ “ဟိတ်ရား” “ရာလေး”။
“ဟိတ်ရား” မှာ မြန်မာရေရှူး ကိုဇော်မိုး၏ တိုင်ပင်ခေါ်သံဖြစ်ပြီး “ရာလေး”က နောက်လိုက်လှေသားတစ်သိုက်၏ စည်းချက်ကျသံပင်။
ပင်လယ်အတွင်း ချထားပြီးသည့် ဘောလုံးကွင်းတစ်ကွင်းစာကျော်ကျော်အကျယ်အဝန်းရှိ ငါးဖမ်းပိုက်ကို လှေပေါ်ပြန်ဆွဲတင်ရာတွင် ချိန်သားကိုက်စေရန် တိုင်ပင်ခေါ်ရခြင်းဖြစ်သည်။
ငါးဖမ်းပိုက်ကို ရေထဲစချချိန်မှ လှေပေါ်ပြန်ရောက်သည်အထိ အချိန်အားဖြင့် ၄ နာရီခန့်ကြာမြင့်ပြီး တစ်ကြိမ်ငါးဖမ်းပိုက်ချလျှင် “တစ်ဆူး”ဟု ခေါ်လေ့ရှိသည်မှာ ရေလုပ်သားများ၏ စကားပင်။
“ထိုင်းရေ” ဟုခေါ်သည့် ထိုင်းနိုင်ငံ၏ ဝါတန်းလှေများမှာ တစ်ညလျှင် ၄ ဆူး မှ ၅ ဆူးအထိ ဝိုင်း(ငါးဖမ်း)လေ့ရှိပြီး နေမထွက်မီ အရုဏ်တက်ချိန် ငါးဖမ်းလျှင် “ရေမဲဆူး” ဟု သမုတ်လေ့ရှိသည်။
ဖမ်း၍ရသမျှငါးများကို လှေဝမ်းဗိုက်အတွင်းရှိ ရေခဲကတ်ဟုခေါ်သည့် ထားသိုရာနေရာတွင် ရေခဲများဖြင့်ရောပြီး ထည့်ထားလေ့ရှိသည်။
တစ်ခါတစ်ရံ ကိုယ့်ငါးဖမ်းလှေဖြင့် ဖမ်းမိသည့်ငါးက များလွန်းသည့်အတွက် ဝမ်းဗိုက်အကျယ် ၂၁ ပေခန့်ရှိလှေကြီးဖြင့်ပင် တင်ဆောင်ရန် မဆံ့တော့ပေ။
ထိုအချိန်တွင် ငါးဆရာဖြစ်သူက သူနှင့်နီးစပ်ရာ ခင်မင်ရာလှေများကို စကားပြောစက်ဖြင့် လှမ်းခေါ်ပြီး ပေးလေ့ရှိသည်။ လှေလောကတွင် ယင်းကဲ့သို့ငါးအရများခြင်းကို “ငါးနစ်” သည်ဟု သုံးနှုန်းလေ့ရှိသည်။
တစ်လလျှင် ၃ ကြိမ်ခန့် “ငါးနစ်”ပါက လှေသားတစ်သိုက်က တပြုံးပြုံးပင်။ လကုန်ချိန် စာရင်းရှင်းချိန် “ပိုစင်”ထွက်ပြီး လက်ဖျားငွေသီးနိုင်မည် မဟုတ်ပါလား။ “ပိုစင်”ဆိုသည်မှာ ငါးဖမ်းဆီးရမိသည့်အပေါ်မူတည်ကာ လှေစရိတ်၊ စားစရိတ် စသည့်စရိတ်စကများနုတ်ပြီး ကျန်သည့်ငွေကို လှေသားအားလုံးကို အညီအမျှခွဲဝေပေးခြင်းဖြစ်သည်။
ထိုအချိန်က လှေသားတစ်ဦးလျှင် တစ်ပိုစင်ရပြီး မြန်မာရေရှူးတစ်ဦးက ၄ ပိုစင် (၄ဆ)ရကာ မီးဖောင်ကူးသူက ၁ ပိုစင် နှင့်တစ်ဝက်ရသည့် ခေတ်ဖြစ်သည်။
ထိုအချိန်က လှေသားတစ်ဦး၏ အခြေခံလစာမှာ ၄၅၀၀ ဘတ်ဖြစ်ပြီး ငါးအရများသည့်အပေါ်မူတည်ကာ တစ်လလျှင် ဘတ်တစ်သောင်း၊ တစ်သောင်းခွဲ ရတတ်ကြသည်။
ကျွန်တော် ငါးဖမ်းလှေလောကတွင် ကျင်လည်ချိန်က ဘတ် ဟုခေါ်သည့် ယာယီနေထိုင်အလုပ်လုပ်ခွင့် အထောက်အထား ထုတ်ပေးခြင်းမရှိသေးသည့် ၁၉၉၈ ခုနှစ်ဝန်းကျင်။
တရားဝင်အထောက်အထားမရှိကြသည့်အတွက် မြန်မာလှေသားများ၏အသက်မှာ ဈေးပေါလှသည့် အခါသမယ ဟု ဆိုနိုင်သည်။
ကျန်းမာရေးစောင့်ရှောက်မှုက ဗလာနတ္ထိ၊ အလုပ်သမားအခွင့်အရေးဆိုသည်မှာ ဖြူမှန်းမဲမှန်းမသိသည့် ခေတ်ဖြစ်သည်။
တစ်ခါတစ်ရံ ငါးဖမ်းနေချိန် ငါးဆရာဖြစ်သူက စိတ်အလိုမကျသဖြင့် ဓာတ်မီးဖြင့်အပစ်ခံရပြီး ခေါင်းကွဲသွားသူ၊ လက်သီးဖြင့်အထိုးခံရသူက ဒုနဲ့ဒေးပင်။
သို့သော် တိုင်တန်းရန် နေရာမရှိ၊ ကူကယ်သူမရှိသည့် ငါးဖမ်းလှေသားများအဖို့ အံကြိတ်ခံရုံမှတစ်ပါး အခြားမရှိ။
ငါးဖမ်းလှေသားတွင် အိမ်ဆိုသည်မှာ မရှိဘဲ ငါးဖမ်းလှေပေါ်မှာပင် အိပ်၊ လှေပေါ်မှာနေ၊ လှေပေါ်မှာစားရပြီး အိမ်ဆိုသည်မှာ လှေပင်ဖြစ်သည့် ဂျစ်ပစီများပင် ဖြစ်သည်။
လှေအကြီးအသေးအပေါ်မူတည်ကာ လှေသားနေသည့်အခန်းက နှစ်ခန်းမှ သုံးခန်းအထိရှိတတ်ကြသည်။အနံ ၇ ပေ အလျား ပေ ၂၀ ခန့် အခန်းတစ်ခန်းလျှင် လူ ၂၀ ခန့်အထိ နေကြရသည်အထိ ကျပ်ကျပ်တည်းတည်း တိုးတိုးဝှေ့ဝှေ့။
တစ်ခါတစ်ရံ မြန်မာရေပိုက်နက်အနီးကပ်ပြီး ငါးသွားဖမ်းသည့်အချိန်မျိုးလည်း ကြုံခဲ့ရသေးသည်။ လှေသားတစ်ယောက်အဖို့ ငါးဖမ်းနေသည့်ရေပြင်က မြန်မာပိုင်လား ထိုင်းပိုင်နက်လား ဘာမှမသိ။
ငါးဆရာဖြစ်သူပေးသည့် မြေပုံညွှန်းအတိုင်း ပဲ့နင်းကမောင်းသွားသည့် နေရာဆီလိုက်ပြီး ငါးဖမ်းချိန် ကိုယ့်အလုပ်ကိုယ်လုပ်နေရုံသာ။ ရေပိုက်နက်ကျော်သွားလို့အဖမ်းခံရလည်း ဘုမသိ ဘမသိနဲ့ ထောင်နန်းစံရုံပင်။
ထို့အပြင် နေမကောင်းဖြစ်ချိန် ဆေးရုံဆေးခန်းဆိုသည်မှာလည်း ဝေလာဝေးဖြစ်ပြီး ဆဲဗင်းအလင်းဗင်း (7/11)မီနီမတ်တွင် ရောင်းနေသည့် ပါရာစီတမောလောက်သာ လက်လှမ်းမီနိုင်သည့် အခြေအနေဖြစ်သည်။
သို့သော် လှေသားတစ်ယောက်အဖို့ ပျော်စရာကောင်းပြီး ရင်ခုန်ရသည့်အခိုက်အတန့်လည်း ရှိသည်။
ထိုအချိန်ကား လပြည့်နေ့ဝန်းကျင်ပင်။
ငါးဖမ်းလှေအားလုံးနီးပါးက လဆန်း ၁၂ ရက်နေ့ဝန်းကျင်တွင် ငါးဖမ်းအလုပ်သိမ်းပြီး တစ်လတာစာရင်းရှင်းလေ့ ရှိသည်။
လရောင်ကြောင့် ပင်လယ်အတွင်းငါးဖမ်း၍မရတော့သည့်အတွက် အလုပ်နားရလေ့ရှိပြီး လပြည့်ကျော် ၄ ရက်နေ့ဝန်းကျင်မှ လှေပြန်ထွက်လေ့ရှိသည်။
“ပိုက်တက်”သည်ဟု ရေလုပ်သားများ တင်စားပြောဆိုကြသည့် ထိုအလုပ်နားရက်တွင် တစ်လတာဖမ်းလို့ရသမျှ ငါးကီလိုအလေးချိန်ကို တွက်ဆပြီး ပိုစင် မည်မျှထွက်နိုင်သည်ဟု အချင်းချင်း ခန့်မှန်းပြောနေသည်က မြိန်စရာတစ်ခုပင်။
“ဖမာအတူတူ ရှမ်းအတူတူနော်”
လှေပိုင်ရှင်သူဌေးလည်းဖြစ် ငါးဆရာလည်းဖြစ်သည့် ထိုင်းသူဌေးက တစ်လတာငွေရှင်းချိန် ပြောနေကြအသံပင်။
ဆိုလိုသည်က စာရင်းရှင်းပြီး လုပ်ခလစာပေးတာ မြန်မာလူမျိုးလှေသားနှင့် ထိုင်းလှေသားကို ခွဲခြားမှုမရှိဘဲ အတူတူပေးသည့်သဘောပင်။
စာရင်းရှင်းပြီးချိန်တွင်မူ လှေပေါ်တွင် လှေသားတစ်ယောက်မှမရှိတော့ပေ။ ရလာသည့် ပိုစင်ငွေလေးအိတ်ကတ် အတွင်းထည့်ပြီး နှစ်သက်ခုံမင်ရာ နေရာဘိအသီးသီးကို အရောက်သွားတတ်ကြသည်ကလည်း လှေသားများ၏ ပြယုဂ်တစ်ခုပင်။
ထိုအချိန်က လက်ဖျား ငွေသီးချိန် မဟုတ်ပါလား။
တစ်လတာအချိန်အတွင်း အနှိမ်ခံရမှုများ၊ အနိုင်ကျင့်ခံရမှုများ၊ ပင်ပန်းဆင်းရဲမှုများကို မေ့ပျောက်ပြီး ဘဝကို ပျော်ပျော်ပါးပါးပင် ဖြတ်သန်းပစ်လိုက်ကြသည်။
ဖဲ၊ ဖာ၊ ဘိန်း၊ ဆေးခြောက်၊ အရက် လိုတရသည့်နေရာဒေသ မဟုတ်ပါလား။
လပြည့်ကျော် ၃ ရက်နေ့ဝန်းကျင်ရောက်ချိန်တွင်မူ လက်ထဲ ငွေပါးလာပြီဖြစ်သည့်အလျောက် ငါးဖမ်းလှေရှိရာကို အလျှိုလျှိုပြန်လာကြပြီ။
လှေရှင်သူဌေးကလည်း လှေပြန်ထွက်ဖို့ စတင်ပြင်ဆင်လာသည်။ ယင်းမှာ လှေသားတစ်ဦးလျှင် ပိုက်ချစရိတ်ဟုခေါ်သည့် ကြိုတင်ငွေအဖြစ် တစ်ဦးကို ဘတ်တစ်ထောင် ထုတ်ပေးလေ့ရှိသည်။
လှေပြန်ထွက်ချိန် လိုအပ်သည့်ပစ္စည်းများဝယ်နိုင်ရန် ထုတ်ပေးသည့် ပိုက်ချစရိတ်မှာ လှေသားအားလုံး ရရှိကြသည်။
လှေထွက်နေချိန်တွင်လည်း သုံးရက်လျှင် တစ်ကြိမ်ပေးလေ့ရှိသည့် ဘတ်တစ်ရာ ကိုမူ “ဝိ” ဟု ခေါ်ကြပြီး လကုန်စာရင်းရှင်းချိန် အားလုံးကိုပြန်နုတ်ယူလေ့ရှိသည်။
မြင်းဆေးသမား၊ ဆေးခြောက်သမား၊ ဖာသမားက သုံးရက်တစ်ကြိမ်ထုတ်ပေးသည့် ဘတ်တစ်ရာက လောက်ငလေ့မရှိပေ။ ထိုကြောင့် စုတတ်ဆောင်းတတ်သည့် လှေသားအချင်းချင်း ပြန်ချေးကြတော့သည်။
အချင်းချင်းချေးငွေကို လကုန်စာရင်းရှင်းချိန်တွင် ပြန်ပေးရပြီး အတိုးနှုန်းကိုမူ ၁၀၀ ရာခိုင်နှုန်းသတ်မှတ်သည်။ တစ်ရာချေးလျှင် နှစ်ရာ ပြန်ပေးရမည်။
အသုံးအဖြုန်းများသည့် လှေသားများမှာ အိမ်ကို ငွေပို့ရန်မဆိုထားနှင့်။ တစ်လနှင့်တစ်လ လိပ်ပတ်လည်အောင်ပင် အနိုင်နိုင်။
အဆိုးဆုံးမှာ အကြောထဲထိုးသွင်းသည်အထိ ဘိန်းဖြူစွဲသွားကြပြီး အခန့်မသင့်ဖြစ်ကာ (ဘိန်းရှော့ဖြစ်ဟုပြောကြ) ဆေးထိုးအပ်တန်းလန်းဖြင့် အသက်သေဆုံးသွားကြသူက ဒုနှင့်ဒေးပင်။
ထိုအချိန်က အလုပ်သမားအခွင့်အရေးဆိုသည်ကို ဖြူမှန်းမဲမှန်းပင် မသိရသည့် ထိုင်းပင်လယ်ပျော် ဂျစ်ပစီများ၏ ဘဝက ရရစားစားဖြင့် ကုန်လွန်သွားတတ်ကြသည်က ဖြစ်ရိုးဖြစ်စဉ် ဓမ္မတာပင် မဟုတ်ပါလား။
ဟိန်းနောင်