မြိတ်မြို့နယ်၊ ရေမြစ်ကြီးကျေးရွာ ဝါးတော တောရကျောင်းရှိ စမ်းချောင်းငယ်တွင် ရေကစားနေသည့် အသက် ၅ နှစ်အရွယ် မထက်ရတနာဆိုသူ ရေနစ်သေဆုံးခဲ့ကြောင်း ကူညီဆောင်ရွက်ပေးသူများထံမှ သိရသည်။
သေဆုံးသူကလေးငယ်မှာ အစ်မဖြစ်သူနှင့်အတူ ဇူလိုင်လ ၂၀ ရက်နေ့က ချောင်းစပ်တွင် ရေကစားရာမှာ ခြေချော်ကြပြီး ချောင်းရေနှင့်အတူ မျောပါသေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ကူညီကယ်ဆယ်ရေး လုပ်ပေးသူ အမျိုးသားတစ်ဦးကပြောသည်။
” ပထမ သူ့အစ်မကို ဆယ်တယ်။ သူမျောပါသွားတယ်ဆိုတာ မသိဘူး။ သူက ပေါ်မလာတော့ဘူး။ ကမ်းပေါ်က မိန်းမကြီးတစ်ယောက်က ဟိုမှာ မိန်းကလေး တစ်ယောက်မျော နေတယ် ဆိုပြီးလို့အော်မှ သိတယ်” ဟု ၎င်းကပြောသည်။
ရေနစ်သူကို မြိတ်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ပြီး ကယ်တင်ခဲ့သော်လည်း သေဆုံးသွားခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းတွင် ဇူလိုင်လ ၂၀ ရက်နေ့က လူတစ်ရာနီးပါးခန့် လာရောက် ရေကစားခဲ့ကြကြောင်း ဒေသခံများကပြောသည်။