BREAKING
December 28, 2024

စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ညောင်ဇင်ရွာက လယ်သမားတစ်ဦးသေဆုံး

July 21, 2024

မြိတ်-ထားဝယ်ကားလမ်းပေါ် ရွှေဂူတံတားဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့က ပစ်ခတ်သည့် လက်နက်ကြီးကျည် သရက်ချောင်း မြို့နယ်၊ ညောင်ဇင်ရွာတွင် ကျရောက်ပေါက်ကွဲပြီး အမျိုးသားတစ်ဦး သေဆုံးကြောင်း ရွာသားများထံမှ သိရသည်။

ဇူလိုင်လ ၂၀ ရက်ညနေပိုင်းက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ရွာသားများက ပြောသည်။

သေဆုံးသူသည် အသက် ၆၀ ဝန်းကျင်အရွယ် လယ်သမား ဦးမျိုးလွင်ဆိုသူဖြစ်ပြီး ညောင်ဇင် အထက ကျောင်းအနီးရှိ ၎င်း၏ လယ်ကွင်း၌ ရှိနေစဉ် လက်နက်ကြီးကျည်စ ရင်ဘတ်တွင်ထိမှန်ကာ နေရာတွင်ပင်သေဆုံးကြောင်း ၎င်းတို့က ဆိုသည်။

“ရွှေဂူတံတားကနေ တိုက်ပွဲလည်းမရှိဘဲနဲ့ ပစ်လိုက်တာ” ဟု ဦးမျိုးလွင်၏ ဆွေမျိုးတော်စပ်သူတစ်ဦး‌က ပြောသည်။

လက်နက်ကြီး မပစ်ခတ်မီ ဇူလိုင်လ ၂ဝ ရက် မနက်ပိုင်းကတည်းက ညောင်ဇင်ရွာကို စစ်ကောင်စီတပ်သားများ ရောက်ရှိနေ ကာ လမ်းသွားလမ်းလာယာဉ်များနှင့် နေအိမ်အချို့ကိုလည်း စစ်ဆေးမေးမြန်းခဲ့ကြောင်း ဒေသခံရွာသားတို့က ပြောဆိုသည်။

မွန်းလွဲပိုင်းတွင် ရွာ၏ မြောက်ဘက်က ပစ်ခတ်သံအချို့ကြားရသဖြင့် ညောင်ဇင်ရွာတွင် ရောက်ရှိနေသည့် စစ်ကောင်စီ တပ်သားများက သေနတ်ပစ်ဖောက်ခဲ့ပြီးနောက် လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း ဒေသခံရွာသားတို့က ဆိုသည်။

ရွာမြောက်ဘက်က ကြားရသည့်ပစ်ခတ်မှုအကြောင်းအရင်းကိုမူ သေသေချာချာ မသိရသေးကြောင်း ၎င်းတို့ကပြောဆိုသည်။

“မနက်ပိုင်း သူတို့ (စစ်ကောင်စီ) ရောက်ပြီးကတည်းက လမ်းသွားလမ်းလာတွေကို စစ်ဆေးတာတွေလုပ်တယ်။ မွန်းလွဲ ၂ နာရီခွဲ ၃နာရီအကြားမှာ လက်နက်ကြီး ၃ ချက်ပစ်တယ်။ တစ်ချက်က အထကကျောင်းနားကို ကျတယ်။ ကျန်နှစ်ချက် ကတော့ ဘယ်ကျသွားလဲ မသိဘူး”ဟု ညောင်ဇင်ရွာသားတစ်ဦးက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တို့မှာ ယနေ့ ဇူလိုင်လ ၂၁ရက်အထိ ညောင်ဇင်ရွာအတွင်းဆက်ရှိနေသေးကြောင်း ရွာသားများထံမှ သိရသည်။

လက်နက်ကြီးပစ်ခတ်မှုများ ထပ်မံပြုလုပ်လာမည်ကို စိုးရိမ်ကြောင်းလည်း ရွာသားများက ပြောဆိုသည်။