ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇူလိုင်လ ၁၅ ရက်နေ့မှ ၂၁ ရက်နေ့အထိ
တောင်ကိုးရီးယားတွင် ရေကြီးမြေပြိုမှုကြောင့် အနည်းဆုံး ၄၀ ဦးသေဆုံး

တောင်ကိုရီးယားနိုင်ငံမှာ ရေကြီးမြေပြိုခဲ့လို့ ဇူလိုင်လ ၁၇ ရက်အထိ အနည်းဆုံး လူ ၄၀ ဦး သေဆုံးခဲ့ပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ ဗဟိုနဲ့ အရှေ့တောင်ပိုင်းဒေသတွေမှာ ဇူလိုင်လ ၉ ရက်နေ့ကနေ မိုးစတင်ရွာသွန်းခဲ့ရာကနေ ရေကြီးမြေပြိုမှုအထိဖြစ်လာပြီး လူသေဆုံးမှုတွေအထိ ဖြစ်လာခဲ့တာပါ။
ရေကြီးမြေပြိုခဲ့လို့ လူပေါင်း ၁၀၀၀၀ ကျော်ကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရပါတယ်။
အိမ်ထောင်စုပေါင်း ၂ သိန်းခွဲကျော် ကလည်း ယာယီမီးပြတ်ခဲ့ကြတာပါ။
ဥမင်လှိုက်ခေါင်းအတွင်းလဲ ရေကြီးခဲ့လို့ ဘတ်စ်ကားတွေ အိမ်စီးကားတွေမျောပါခဲ့ကာ လူ ၁၃ ဦး သေဆုံးခဲ့ပါတယ်။
ရေဘေးကို တုံ့ပြန်ဖို့အတွက် ရှိတဲ့အရင်းအမြစ်တွေ အသုံးပြုဖို့ သမ္မတကလည်း ညွှန်ကြားခဲ့ပါတယ်။
Ref: The Guardian
………………………………..
စကော့တလန်ကမ်းခြေမှာ ဝေလငါး ၅၀ ကျော် ကမ်းတင်သေဆုံး

စကော့တလန် ကမ်းခြေတစ်ခုမှာ ဝေလငါး ၅၅ ကောင် ဇူလိုင်လ ၁၆ ရက်နေ့က ကမ်းတင်သေဆုံးခဲ့ပါတယ်။
ကယ်ဆယ်ရေးသမားတွေက ဝေလငါးတွေကို အသက်ကယ်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။
ဝေလငါးတွေ ကမ်းတင်သေဆုံးရတဲ့ အကြောင်းအရင်းကိုလည်း တိတိကျကျ မသိရသေးပါဘူး။
မီးမဖွားနိုင်တဲ့ ဝေလငါးမတစ်ကောင် ကမ်းတင်သေဆုံးခဲ့လို့ အခြားဝေလငါးတွေကလည်း ကမ်းတင်သေဆုံးဖို့ ရောက်လာကြတာလို့ ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။
သေဆုံးခဲ့တဲ့ ဝေလငါးအမျိုးအစားက တစ်ကောင်နဲ့တစ်ကောင် စိတ်ခံစားချက်တွေ လူမှုရေးတွေကို ချိတ်ဆက်လို့ ပူးပေါင်းသိရှိနိုင်တယ်လို့ သိရသည်။
Ref: CNN
………………………………..
ဘဲလားရုစ်မှာ သတင်းထောက်တစ်ဦး ထပ်မံဖမ်းဆီးခံရ

ဘဲလားရုစ်နိုင်ငံမှာ လွတ်လပ်တဲ့ဥရောပအသံ (RFE) သတင်းထောက်ဟောင်း Ihar Karnei ကို ဇူလိုင်လ ၁၇ ရက်နေ့က အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပါတယ်။
ဒီဖမ်းဆီးမှုက ဘဲလားရုစ်မှာ မီဒီယာသမားတွေကို ပစ်မှတ်ထား ဖမ်းဆီးနေတဲ့ နောက်ဆုံးဖြစ်ရပ်တစ်ခု ဖြစ်ပါတယ်။
သူ့ရဲ့ နေအိမ် တိုက်ခန်းကို ရဲတပ်ဖွဲ့က ဝင်ရောက်စီးနင်းခဲ့ပြီး ကွန်ပျူတာနဲ့ ဖုန်းတွေကိုလည်း သိမ်းဆည်း သွားခဲ့ပါတယ်။
လက်ရှိ သူ့ကို စစ်ကြောရေးစခန်းမှာ ထိန်းသိမ်းထားပြီး ရှေ့နေနဲ့မိသားစုတွေ တွေ့ခွင့် မရသေးပါဘူး။
၂၀၂၀ ရွေးကောက်ပွဲ အပြီးကတည်းက အစိုးရဟာ အတိုက်အခံတွေနဲ့ ဝေဖန်သူတွေကို ဆက်တိုက်ဖိနှိပ်နေသလို သတင်းထောက်တွေကိုလည်း ဖမ်းဆီးထောင်ချခဲ့ပါတယ်။
Ref: The Guardian
………………………………..
အချုပ်မှ လွတ်လာသော အမေရိကန် စစ်သားတစ်ဦး တောင်ကိုးရီးယားမှ မြောက်ကိုးရီးယားသို့ ထွက်ပြေး

အမေရိကန်စစ်သည်တစ်ဦး ကိုရီးယားနှစ်နိုင်ငံကြား ပူးတွဲလုံခြုံရေးယူထားတဲ့ နယ်ခြားကို ဇူလိုင်လ ၁၈ ရက်နေ့က တရားမဝင်ဖြတ်ကျော်ဝင်ရောက်ခဲ့ပါတယ်။
သွားရောက်လည်ပတ်နေတဲ့အချိန် ဒီနယ်စပ်မျဉ်းကိုဖြတ်ပြီး မြောက်ကိုရီးယားနိုင်ငံကို ခွင့်ပြုချက်မရှိပဲ ဝင်ရောက်သွားခဲ့တာပါ။
လက်ရှိတော့ သူ့ကို မြောက်ကိုရီးယားနိုင်ငံက ဖမ်းဆီးထားတယ်လို့ ယူဆမိကြောင်း အမေရိကန်ကာကွယ်ရေးဌာန အရာရှိတစ်ဦးက ပြောကြားထားပါတယ်။
သူဟာ စည်းကမ်းဖျောက်ဖျက်မှုနဲ့ တောင်ကိုးရီးယားအချုပ်ခန်းထဲ နှစ်လနီးပါးနေခဲ့ရပြီး အမေရိကန်ကို ပြန်ပို့ဖို့ လေဆိပ်ခေါ်ယူချိန်မှာ လေဆိပ်ရောက်မလာခဲ့ပါဘူး။
သူဟာ မပြန်ခင် နယ်စပ်က Pamunjom ငြိမ်းချမ်းရေးကျေးရွာကို သွားရောက်လည်ပတ်ခဲ့ပြီးမှ ထွက်ပြေးခဲ့တာလို့ ပြောကြားထားပါတယ်။
Ref: AP
………………………………..
ဂရိမှာ အပူလှိုင်းဖြတ်စဉ် တောမီးလောင်

ဂရိနိုင်ငံမှာ အပူလှိုင်းဖြတ်နေစဥ်မှာပဲ တောမီးတွေ လောင်ကျွမ်းနေခဲ့ပြီး ၁၃ ဒသမ ၅ စတုရန်းမိုင် လောင်ကျွမ်းပြီးသွားပြီလို့ သိရပါတယ်။
နိုင်ငံတဝန်း တောမီးလောင်ကျွမ်းနေပြီး Rhodes ကျွန်းစုပေါ်က သစ်တောတွေနဲ့ အေသင်မြို့အနီး က နေအိမ်တွေ ပျက်စီးခဲ့လို့ အရေးပေါ်အခြေအနေ ကြေညာထားပါတယ်။
မီးသတ်သမားတွေဟာ အေသင်မြို့အနီးက သစ်တောတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ လူနေ အပန်းဖြေနေအိမ်တွေကို မီးမကူးနိုင်ဖို့ ၂၄ နာရီပတ်လုံး မီးငြိမ်းသတ်ခဲ့ရပါတယ်။
ဥရောပတောင်ပိုင်းမှာ အပူချိန်က ၄၀ ဒီဂရီစင်တီဂရိတ်အထက် အထိ မြင့်တက်နေခဲ့တာပါ။
ဂရိနိုင်ငံတောင်ပိုင်းမှာ အပူချိန် ၄၅ ဒီဂရီစင်တီဂရိတ်ကို ရောက်ရှိနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
တောမီးငြိမ်းသတ်နိုင်ဖို့ ဥရောပနိုင်ငံအများအပြားက မီးသတ်လေယာဉ်တွေနဲ့ မီးသတ်သမားတွေကို စေလွှတ်ပေးခဲ့ကြပါတယ်။
Ref: Aljazeera
………………………………..
အာဖဂန်နစ္စတန်မှာ အလှပြင်ဆိုင်တွေ ပိတ်ခိုင်းလို့ အမျိုးသမီးတွေ ဆန္ဒပြ

အလှပြင်ဆိုင်တွေ တားမြစ်ပိတ်ပင်ခံရတာနဲ့ ပက်သက်လို့ အာဖဂန်နစ္စတန် မြို့တော် ကဘူးလ်မှာ ဇူလိုင်လ ၁၉ ရက်နေ့က အမျိုးသမီးတွေ ဆန္ဒပြခဲ့ကြပါတယ်။
ဒါကို တာလီဘန်တပ်ဖွဲ့ဝင်တွေက မီးသတ်ပိုက်တွေနဲ့ လူစုခွဲခဲ့ပါတယ်။
ဒီလအစောပိုင်းတုန်းက နိုင်ငံရှိ အလှပြင်ဆိုင်တွေ ပိတ်ဖို့ တာလီဘန်တွေက ထုတ်ပြန်ခဲ့တာပါ။
မြို့လည်ခေါင်က အလှပြင်ဆိုင်တွေရဲ့ ရှေ့မှာ ဆိုင်ရှင်တွေနဲ့ အလုပ်သမားတွေပါဝင်တဲ့ အမျိုးသမီး ၅၀ ဝန်းကျင်လောက် ဆန္ဒပြခဲ့ကြပါတယ်။
အသက်မွေးဝမ်းကျောင်းမှု၊ တရားမျှတမှု၊ အလုပ်နဲ့ ပညာရေး ဆိုတဲ့ စာတန်းတွေ ကိုင်ဆောင်ပြီး ဆန္ဒဖော်ထုတ် တောင်းဆိုခဲ့ကြပါတယ်။
Ref: BBC
………………………………..
အိန္ဒိယ တာခ့်မဟာအောက်ခြေ ရေကြီး

အိန္ဒိယနိုင်ငံမှာ မိုးအဆက်မပြတ်ရွာသွန်းပြီး ယမုံနာမြစ်ရေ တက်နေတာကြောင့် ဇူလိုင်လ ၁၉ ရက်နေ့က တာခ့်မဟာ (Taj Mahal) အောက်ခြေမှာ ရေကြီးနေခဲ့ပါတယ်။
Agra မြို့က သမိုင်းဝင် Taj Mahal ဗိမ္မာန် အောက်ခြေ နံရံအထိ ရေရောက်ရှိလာခဲ့တာပါ။
ဒါကြောင့် ဗိမ္မာန်ပျက်စီးမှာကို ဒေသခံတွေ စိုးရိမ်ခဲ့ကြပေမဲ့ အန္တရယ်မရှိဘူးလို့ ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။
ပုံမှန်အားဖြင့် ယမုံနာမြစ်ရေဟာ ဒီလောက်အထိ ရေတက်လေ့မရှိခဲ့ပါဘူး။
ဒီရက်ပိုင်းမိုးဆက်တိုက်ရွာနေတာကြောင့် အန္တရာယ်သတိပေး သတ်မှတ်ချက်ထက် နည်းနည်းပိုများပြီး ရေတက်လာခဲ့တာ ဖြစ်ပါတယ်။
Ref: AP
………………………………..
တောင်အာဖရိကတွင် လမ်မပေါ် ထူးခြားသော ပေါက်ကွဲမှုဖြစ်၊ တစ်ဦးသေဆုံး

တောင်အာဖရိကနိုင်ငံ ဂျိုဟန်နက်စ်ဘာ့မြို့ လမ်းမအောက် ထူးခြားတဲ့ ဓါတ်ငွေ့ပေါက်ကွဲမှုတခု ဇူလိုင် ၁၉ ရက်နေ့က ဖြစ်ပွားခဲ့ပါတယ်။
ပေါက်ကွဲမှုကြောင့် လူတစ်ဦးသေဆုံးပြီး လူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြပါတယ်။
လမ်းအောက်ခြေက ပေါက်ကွဲမှုကြောင့် ကားတွေပါ မြောက်တက်သွားတာကို စီစီတီဗွီ မှတ်တမ်းမှာတွေ့ရပြီး လမ်းလည်း အက်ကွဲပျက်စီးသွားခဲ့ပါတယ်။
ပေါက်ကွဲမှုဖြစ်ရတဲ့ အကြောင်းအရင်းကို တိတိကျကျသိရဖို့ လေ့လာစုံစမ်းနေဆဲပါ။
နောက်ထပ်ပေါက်ကွဲမှုဖြစ်နိုင်လို့ အဲဒီနေရာကို မလာကြဖို့ ဒေသခံတွေကို အာဏာပိုင်တွေက သတိပေးထားပါတယ်။
Ref: Aljazeera
………………………………..
အမျိုးသမီး ကမ္ဘာ့ဖလား ဘောလုံးပွဲ စတင်ကျင်းပ

၂၀၂၃ ဖီဖာ အမျိုးသမီး ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကို ဇူလိုင်လ ၂၀ ရက်နေ့က စတင်ဖွင့်လှစ်ကျင်းပခဲ့ပါတယ်။
ဘောလုံးပွဲတွေကို သြစတြေးလျနဲ့ နယူးဇီလန်တို့ ပူးတွဲအိမ်ရှင်အနေနဲ့ လက်ခံကျင်းပသွားမှာပါ။
ဖွင့်ပွဲအခမ်းအနားကို နယူးဇီလန်နိုင်ငံ Auckland မြို့မှာ ရိုးရာအကတွေနဲ့ ခမ်းခမ်းနားနားကျင်းပခဲ့ပါတယ်။
ပထမဆုံးပွဲစဉ်အနေနဲ့ နယူးဇီလန်အသင်းနဲ့ နော်ဝေအသင်းတို့ ယှဉ်ပြိုင်ကစားကြရာ နယူးဇီလန်က တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရရှိသွားပါတယ်။
အမျိုးသမီးကမ္ဘာ့ဖလားဘောလုံးပွဲမှာ အမေရိကန်အသင်းက အအောင်မြင်ဆုံးဖြစ်ပြီး ကမ္ဘာ့ဖလားကို ၄ ကြိမ်အထိ ရယူထားပါတယ်။
အရှေ့တောင်အာရှက ဖိလစ်ပိုင်နဲ့ ဗီယက်နမ်အမျိုးသမီး ဘောလုံးအသင်းတို့လည်း ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။
Ref: REUTERS
………………………………..
သမုဒ္ဒရာထဲ ၃ လကြာ မျောပါခဲ့တဲ့ ဩစတေးလျအမျိုးသားနဲ့ ခွေးကို ကယ်တင်ခဲ့

သမုဒ္ဒရာထဲမှာ ၃ လကြာ မျောပါခဲ့တဲ့ သြစတြေးလျအမျိုးသားနဲ့ သူ့ရဲ့ခွေးငယ်ကို မက္ကဆီကိုငါးဖမ်းသင်္ဘောက ကယ်တင်နိုင်ခဲ့ပါတယ်။
အသက် ၅၁ နှစ်အရွယ်ရှိတဲ့ တင်ရှက်ဒေါ့ခ် (Tim Shaddock) နဲ့ ခွေးငယ်တို့ဟာ လွန်ခဲ့တဲ့ ၃ လခန့်က မက္ကဆီကိုနိုင်ငံ လာပက်ဇ်မြို့ကနေ လှေတစ်စီးနဲ့အတူ စတင်ထွက်ခွာလာခဲ့တာပါ။
တစ်လအကြာမှာတော့ မုန်တိုင်းမိပြီး လှေပေါ်က အီလက်ထရောနစ်ပစ္စည်းအားလုံး ပျောက်ဆုံးသွားခဲ့ပါတယ်။
သူတို့ဟာ ငါးအစိမ်းစား မိုးရေသောက်ပြီး အသက်ဆက် ရှင်သန်ခဲ့ကြပါတယ်။
အနားယူပြီး အစားကောင်းကောင်းစားလိုက်ရင် ပြန်ကောင်းသွားမှာပါ၊ ကျွန်တော် အစာဝဝလင်လင် မစားရတာ ကြာပါပြီလို့ သူက ဆိုခဲ့ပါတယ်။
Ref: NBC News
………………………………..