BREAKING
February 26, 2025

တနင်္ဂနွေနေ့တွင် ဘန်ကောက်၌ ဆန္ဒပြမည်

July 21, 2023

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် လာမည့် တနင်္ဂနွေနေ့၌ လက်ရှိ ထိုင်းနိုင်ငံရေးအခြေအနေနှင့် ပတ်သက်၍ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူ လူငယ်အဖွဲ့များက ဆန္ဒပြသွားမည်ဖြစ်ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြထားသည်။

လာမည့် ဇူလိုင်လ ၂၃ ရက်နေ့ တနင်္ဂနွေနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဘန်ကောက်မြို့လယ် Asoke လမ်းဆုံတွင် ဆန္ဒပြကြွေးကြော်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဆန္ဒပြပွဲကို ဦးဆောင်သော တက်ကြွလှုပ်ရှားသူ Sombat Boonngamanong က လက်ရှိနိုင်ငံရေးအခြေအနေနှင့် ပက်သက်၍ ပြည်သူများ ဘယ်လောက်ထိ ခံစားနေကြရသည်ကို ကြားသိဖို့ အော်ဟစ်ကြွေးကြော် သွားမည်ဖြစ်ကြောင်း ပြောကြားထားသည်။

အဆိုပါဆန္ဒပြပွဲသို့ ရဲတပ်ဖွဲ့များနှင့် ထိတွေ့ထားခဲ့ဖူးသဖြင့် လူသိများသော Thalugaz အဖွဲ့ကလည်း ပါဝင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

iTV ရှယ်ယာပိုင်ဆိုင်မှုနှင့် ပတ်သက်၍ အခြေခံဥပဒေခုံရုံးက Move Forward ပါတီခေါင်းဆောင် ပီထာကို လွှတ်တော်အမတ်အဖြစ်မှ ဆိုင်းငံ့ခဲ့ပြီး ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်း တင်သွင်းချိန်တွင်လည်း အထက်လွှတ်တော်အမတ်များနှင့် အတိုက်အခံပါတီများက ကန့်ကွက်ခဲ့ကြသည်။

အဆိုပါလုပ်ရပ်များကို ထိုင်းပြည်သူများက စိတ်ပျက်ဒေါသထွက်ခဲ့ကြပြီး ဆန္ဒပြပွဲများ ဆက်တိုက်ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

ချူလာလောင်ကွန်း၊ ထာ့မစက်နှင့် မယ်ဖားလွမ်တက္ကသိုလ်မှ ကျောင်းသားများကလည်း ပီထာ၏ အမည်ကို ဝန်ကြီးချုပ်ဖြစ် ထပ်မံတင်သွင်းသည်ကို ကန့်ကွက်ခဲ့သော အထက်လွှတ်တော် အမတ်များနှင့် လွှတ်တော်အမတ်အဖြစ်က ဆိုင်းငံ့ခဲ့သည့် အခြေခံဥပဒေခုံရုံး၏ ဆုံးဖြတ်ချက်ကို ရှုတ်ချထားသည်။

ထို့ကြောင့် ကျောင်းသားများက ထိုင်းဒီမိုကရေစီကို ကာကွယ်ရန်အတွက် နည်းလမ်းအားလုံးသုံး၍ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကြေညာထားသည်။

ထိုင်းရှေ့နေများအသင်းကလည်း လွှတ်တော်အတွင်းရှိ စည်းမျဉ်းစည်းကမ်းများကို ဝန်ကြီးချုပ်ရွေးချယ်ရာတွင် အသုံးမပြုနိုင်သောကြောင့် ပီထာ၏ ဒုတိယအကြိမ် ဝန်ကြီးချုပ်အဖြစ် အမည်စာရင်းတင်သွင်းခြင်းသည် တရားဝင်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Ref: Khaosod English, Thai Enquirer