မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်တွင် လှေငယ်ဖြင့်လာသည့် စစ်ကောင်စီရေတပ်သားများနှင့် ပျူစောထီးများကို အလစ်အငိုက် တိုက်ခိုက်ခဲ့ကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ထုတ်ပြန်လိုက်သည်။
ဘဒ္ဒနဲကျေးရွာအုပ်စု၊ တဆားဂလစ်ဝအနီး ဇူလိုင်လ ၂၀ ရက် မွန်းလွဲ ၂ နာရီတွင် ကြိုတင်စောင့်ဆိုင်းကာ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ယနေ့ ဇူလိုင် ၂၁ရက်တွင် ထုတ်ပြန်သည့် ထုတ်ပြန်ချက်တွင် ရေးသားထားသည်။
တိုက်ခိုက်ခံရချိန် စစ်ကောင်စီတပ်သားများဘက် ပြန်လည်ခုခံ ပစ်ခတ်ချိန်မရလိုက်ဘဲ ပြည်သူ့ကာကွယ်ရေးတပ်များ ဆုတ်ခွာပြီးမှ လက်နက်ငယ်နှစ်ချက်ခန့်သာ ပြန်လည်ပစ်ခတ်နိုင်ခဲ့ကြောင်း ဖော်ပြသည်။
ပစ်ခတ်မှုအတွင်း စစ်ကောင်စီဘက်က ထိခိုက်သေဆုံးနိုင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဘက်က အထိအခိုက်မရှိကြောင်းလည်း ဆိုသည်။

ယခုနှစ် မတ်လနှင့် မေလအတွင်းကလည်း ဘဒ္ဒနဲကျေးရွာအုပ်စုသို့ စစ်ကြောင်းထိုးလာသည့် ရေတပ်သင်္ဘော၊ လှေငယ်များနှင့် လိုက်လာသည့် စစ်ကောင်စီရေတပ်၊ ပျူစောထီးတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား တိုက်ပွဲဖြစ်ပွားခဲ့သေးသည်။
ကျွန်းစုမြို့နယ်သည် မြိတ်ခရိုင်အတွင်း တိုက်ပွဲဖြစ်ပွားမှုနည်းပြီး သွားလာရခက်ခဲသည့် ဒေသတစ်ခုဖြစ်ကာ သွားလာရန် ရေလမ်းကြောင်းကိုသာ အသုံးပြုကြရသည်။