BREAKING
April 22, 2025

မဟာချိုင်တွင် တစ်ဦးတည်းနေ မြန်မာလုပ်သား အခန်းတွင်း သေဆုံး

July 21, 2023

ထိုင်းနိုင်ငံ စမွတ်စခွန်ခရိုင် မဟာချိုင်ဒေသတွင် အခန်းတွင်း တစ်ဦးတည်းနေထိုင်သော မြန်မာအလုပ်သမားသည် ဇူလိုင်လ ၂၀ ရက်က သေဆုံးနေကြောင်း AAC-မဟာမိတ်အဖွဲ့ထံမှ သိရသည်။

သေဆုံးသူသည် အသက် ၂၉ နှစ်အရွယ် မင်းစန်းအေးလှိုင် အမည်ရှိသော မြန်မာအလုပ်သမားဖြစ်ပြီး ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် ကမ်းနီကျေးရွာဇာတိဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

၎င်းသည် မဟာချိုင်ရှိ ပန်းရံလုပ်ငန်းခွင်တစ်ခုတွင် လုပ်ကိုင်နေသူဖြစ်ပြီး ကျန်းမာရေးမကောင်းသဖြင့် အခန်းတွင်း နေထိုင်နေသည်မှာ သုံးရက်ခန့် ရှိနေပြီဖြစ်ကြောင်း AAC ထံမှ သိရသည်။

အခန်းတွင်း တစ်ဦးတည်း နေထိုင်ရင်း ဆေးရုံဆေးခန်းမပြဖြစ်ရာမှ သေဆုံးသွားခြင်းဖြစ်နိုင်ကြောင်း AAC -မဟာမိတ်အဖွဲ့က ဒါရိုက်တာ ဦးခိုင်ကြီးက ဆိုသည်။

“ပတ်ဝန်းကျင်က ကလေးတွေ ပြောပုံအရက နေမကောင်းတာ ၃ ရက်လောက်ရှိပြီပေါ့နော်။ တစ်ယောက်တည်း နေတယ်ဆိုတော့ အစာပြတ်ပြီး သေသွားတဲ့သဘောလို့ ပြောတယ်။ ဒါပေမဲ့ အတိအကျ ဆေးရုံက ဆရာဝန် စစ်ဆေးချက်က ဘာမှမရသေးဘူး။ ဒီနေ့မှ ထွက်မယ်ပေါ့နော်” ဟု ၎င်းက ပြောသည်။

၎င်းသေဆုံးနေကြောင်း တိုက်ခန်းသို့ လာသူတစ်ဦးက တွေ့ရှိခဲ့ရပြီးနောက် အာဏာပိုင်များကို အကြောင်းကြားခဲ့ကာ အလောင်းကို စမွန်စခွန်ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း ဆိုသည်။

လက်ရှိတွင် သေဆုံးသူ၏ မိသားစုဝင်များနှင့် အဆက်အသွယ်ရရှိပြီး နာရေးကိစ္စများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း AAC ထံမှ သိရသည်။

ထိုင်းရောက် မြန်မာအလုပ်သမားများအနေဖြင့် အခန်းအတွင်း တစ်ဦးတည်းမနေကြရန် AAC က တိုက်တွန်းထားပြီး တစ်ဦးတည်းနေထိုင်၍ ကျန်းမာရေးပြဿနာများ ဖြစ်ပေါ်လာလျှင် သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်ကြောင်း ယင်းအဖွဲ့က သတိပေးထားသည်။