ထားဝယ်အထူးစီးပွားရေးဇုန်ဧရိယာက စစ်ဘေးရှောင်တစ်ဦးနှင့် တွေ့ဆုံခြင်း
ထားဝယ်အထူးစီးပွားရေးဇုန်တည်ရှိသည့် ရေဖြူမြို့နယ် နဘုလယ်ဒေသသို့ စစ်ကောင်စီတပ်က ဇူလိုင်လ ၁၁ ရက်နေ့က စစ်ကြောင်းထိုးဝင်ရောက်လာသည်။
ယင်းနောက် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်သဖြင့် ဒေသခံအချို့ ထိခိုက်သေဆုံးခြင်း၊ ဖမ်းဆီးခံရခြင်းများ ရှိလာသည်။
ထို့ကြောင့် ဒေသခံများမှာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ကြရသည်။ တောထဲ တောင်ထဲ တိမ်းရှောင်နေကြရ သဖြင့် နေရေး၊ စားရေး အခက်အခဲဖြစ်နေကြသလို ကျန်းမာရေးပြဿနာလည်း အကြီးအကျယ် ကြုံတွေ့နေကြရသည်။
စားနပ်ရိက္ခာ ပြတ်လပ်လာသည့်အပြင် ကလေးငယ်များ သွေးလွန်တုပ်ကွေးအပါအဝင် ဖျားနာခြင်း၊ သက်ကြီးရွယ်အိုများ ကျန်းမာရေးမကောင်းခြင်းတို့ ဖြစ်နေကြသည်။
သို့သော် ဆေးဝါးရှားပါးခြင်းနှင့် ကုသပေးသူမရှိသည့်အတွက် အခက်အခဲများနှင့်လည်း ကြုံတွေ့နေရသည်။
ယင်းအခြေအနေများကို သိရှိနိုင်စေရန် တောတောင်အတွင်း တိမ်းရှောင်နေသည့် ဧကနိရွာမှ စစ်ဘေးရှောင်တစ်ဦးကို Dawei Watch က ဆက်သွယ်မေးမြန်း၍ ကောက်နုတ်ဖော်ပြအပ်ပါသည်။
DW – စစ်ရှောင်လူဦးရေ ဘယ်လောက်ရှိလဲ။
ဒေသခံ – အိမ်ခြေလေးရာကျော်လောက်ရှိမယ်။ လူဦးရေကတော့ ခန့်မှန်းမတတ်ဘူး။ ထိုင်း၊ ရန်ကုန်၊ နီးရာပြောင်းနေကြတဲ့သူတွေရှိတဲ့ အခါကျတော့။
DW – (ရွာမှာရှိတဲ့) အိမ်ခြေလေးရာစလုံးက ဒေသခံတွေ စစ်ဘေးရှောင် နေကြရတာမျိုးလား။
ဒေသခံ – အားလုံးပါပဲ။ ရွာထဲမှာ တစ်ယောက်တောင်မှ မရှိတော့ပါဘူး။ လူအို၊ လူနာတွေကအစကို ပြောင်းထား ရွှေ့ထားကြရတယ်ရှင့်။
DW – အိမ်ခြေလေးရာဆိုတော့ ဘယ်လိုမျိုးပုံစံနဲ့ စစ်ရှောင်နေကြလဲ။
ဒေသခံ – ပြောရမယ်ဆိုတော့ ရန်ကုန်အဆက်ရှိရင် ရန်ကုန်၊ နဘုလယ်နဲ့အဆက်ရှိရင် နဘုလယ်ကိုပြောင်း၊ ဒီလိုပဲ သူ့ အဆက်အသွယ်နဲ့သူ ပြောင်းရွှေ့ကြတာပေါ့။ အဆက်အသွယ် မရှိကြတဲ့သူတွေကျတော့လည်း ဒီလိုပဲ တောထဲမှာ၊ ခြံထဲမှာ ရွှေ့နေကြတယ်။ မရှိတဲ့သူတွေကျတော့လည်း သူများခြံမှာပဲ ကိုယ့်ကို ပေးဆောက်ပါ၊ ပေးနေပါဆိုပြီး တောင်းပန်ပြီး နေကြရတယ်။ ဥယျာဉ်ခြံဝင်းတစ်ခုမှာ မိသားစု တစ်စုနေကြတာရှိတယ်။ သုံးစုနေကြတာရှိတယ်။ လေးငါးခြောက်စု နေကြတာရှိတယ်။ ကျွန်မတို့နေတဲ့နေရာမှာဆိုရင် မိသားစု ခုနစ်စုအထိနေကြတယ်။
DW – အဲဒီလိုမျိုးတောထဲမှာ ရွှေ့ပြောင်းနေရတဲ့ စစ်ရှောင်ဦးရေက ဘယ်လောက်လောက်ရှိလဲ။
ဒေသခံ – ဒီလိုက အတိအကျပြောဖို့ခက်တယ်။ ခြံဥယျာဉ်တွေဆိုတာက တစ်ခုနဲ့တစ်ခု မနီးကျတော့ အတိကျတော့ ခန့်မှန်းမရဘူး။ ခြံကလည်းများတယ်ဆိုတော့လေ။
DW – ဆိုတော့ တခြားရွာ၊ မြို့တွေကို ပြောင်းသွားတဲ့သူတွေမပါဘဲ လက်ရှိတောထဲနေတဲ့သူ စစ်ရှောင်အရေအတွက်က တစ်ရာအထက်ရှိမလား။
ဒေသခံ – မကဘူး။ နှစ်ရာအထက် ရှိတယ်။
DW – ခြံတွေ ဥယျာဉ်တွေမှာ စစ်ရှောင်နေသူတွေရဲ့ ကျန်းမာရေး၊ စားဝတ်နေရေး ဘယ်လိုအခြေအနေရှိလဲ။
ဒေသခံ – အခြေအနေဆိုးတဲ့အကြောင်းက ပြောမနေချင်တော့ဘူး။ အလုပ်ရှိလျက်နဲ့လည်း လုပ်လို့မရဲ။ အလုပ်ရှင်တွေကလည်း ငှားမရဲ။ ကျန်းမာရေးရော၊ စားရေးသောက်ရေးပါ ဆိုးဆိုးဝါးဝါးပါပဲ။ ဒုက္ခလည်း ဖြစ်တာပဲ။
DW – ကျန်းမာရေးအနေနဲ့ ဘယ်လိုရောဂါတွေဖြစ်နေကြလဲ။
ဒေသခံ – သွေးလွန်တုပ်ကွေး၊ ဆီးချို၊ သွေးတိုး ရောဂါတွေပေါ့။ သွေးလွန်တုပ်ကွေးကတော့ အရင်နှစ်တွေက တစ်နှစ်ကို နှစ်ယောက်သုံးယောက်လောက်ဖြစ်တာကို စာရင်းထဲဝင်နေတာ အံ့အံ့ဩဩဖြစ်ရတယ်။ အခုဆိုရင် ရာနဲ့ချီပြီးတောင် ဖြစ်နေကြတယ်။ အခုအခြေအနေဆိုးလို့ ထားဝယ်ဆေးရုံပို့ထားရတဲ့ ကလေးမလေး တစ်ယောက်ဆိုရင် အရမ်းအခြေအနေဆိုးရွားနေတယ်လို့ သိရတယ်။ (သွေးလွန်တုပ်ကွေးက) အသက် ခြောက်ဆယ်ကျော်အထိကို ဖြစ်နေကြတယ်။
DW – စစ်ဘေးရှောင်တွေထဲက သွေးလွန်တုပ်ကွေး ဘယ်လောက်အထိဖြစ်နေလဲ။
ဒေသခံ – စစ်ဘေးရှောင်တွေထဲကဆိုရင် အိမ်တိုင်း (စစ်ဘေးရှောင်ယာယီတဲ) နီးပါးပါပဲ။ ရာနဲ့ချီပြီးတောင် ဖြစ်နေကြတာ။ ကလေးရှိတဲ့အိမ်တွေ အိမ်တိုင်းလိုလိုပဲ။ နေမကောင်းတဲ့သူကို ပြုစုစောင့်ရှောက်တဲ့ ကလေးရော လူကြီးရောပါ ကူးကုန်တယ်။ လူကြီးပိုင်းကတော့ လေးငါးယောက်လောက်ပဲ ရှိတယ်။ ကလေးရှိတဲ့အိမ်ကတော့ အိမ်တိုင်းနီးပါးပါပဲ။ တစ်အိမ်ကို သုံးယောက်ရှိရင် သုံးယောက်ဖြစ်တယ်။ နှစ်ယောက်ရှိတဲ့ အိမ်ဆိုရင် နှစ်ယောက် လိုက်ဖြစ်တယ်။ ပြုစုရင်းနဲ့ ပြုစုတဲ့သူတွေပါ အားလုံးလိုက်ဖြစ်လာတယ်။ သွေးတိုး၊ ဆီးချိုတွေကတော့ လူကြီးပိုင်းတွေ ဖြစ်ကြတယ်ပေါ့။
DW – သူတို့ကို ကုသမှုပေးမယ့် ကျန်းမာရေးဆိုင်ရာ တတ်ကျွမ်းနားလည်သူတွေ မရှိဘူးလား။
ဒေသခံ – (ဆေး) လာကုပေးနေတဲ့သူကလည်း နေမကောင်းလို့ ဆေးကုနေရတယ်။ သူမိန်းမကလည်း သူယောက်ျားကို အချိန်ပေးပြုစုနေရတယ်။ သူတို့ဆီမှာသင်ရင်းနဲ့ လိုက်နေတဲ့ ဆရာမလေးတွေနဲ့ ကိုယ်တတ်သမျှ မှတ်သမျှ ဆေးဝါးတွေနဲ့ပဲ ကုနေရတာပေါ့။ အပြင်ထွက်လို့လည်းမရ ဝင်လို့လည်းမရတော့ ဘာဆေးမှလည်း မရတော့ဘူး။ ကိုယ်မှာရှိတယ် ဆေးဝါးတွေပဲ (ဆောင်ထားတဲ့ စပ်ဆေး၊ ဗိန္ဓောဆေး) သောက်ပြီးနေရတယ်။
DW – စားဝတ်နေရေးကျတော့ရော ဘယ်လိုအခက်အခဲရှိလဲ။
ဒေသခံ – စားဝတ်နေရေးကတော့ သားသမီးတွေ နိုင်ငံခြားမှာရှိရင် သူတို့ပေးတဲ့ပိုက်ဆံနဲ့ စားတာပေါ့။ မရှိတဲ့သူတွေကတော့ ချေးစားရတာ။ အခုဆိုရင် ဈေးသည်တွေကလည်း မလာရဲလို့ မလာကြတော့ဘူး။ တောထဲမှာရှိတဲ့ အသီးအပွင့်တွေနဲ့ပဲ စားနေရတာပေါ့။ ရွာက ကားတွေလည်း ဘယ်မှမသွားကြတော့ဘူးဆိုတော့ အဆင်ပြေသလိုမျိုး တစ်ယောက်နဲ့ တစ်ယောက်ဖလှယ်ပြီး စားနေကြရတာပေါ့နော်။
DW – ဆန်ကျတော့ရောဘယ်လို ဖြေရှင်းနေလဲ။
ဒေသခံ – အရင်က ရွာထဲမှာ ရောင်းပေးနေတဲ့ နှစ်ဦးရှိတယ်။ အဲဒီမှာဝယ်ပြီးစားတယ်။ အဲဒါ ပြတ်သွားရင်တော့ နီးစပ်ရာမှာ သူ့အဆက်သွယ်နဲ့သူမှာပြီး စားနေကြရတာပေါ့။ ဈေးကား ဈေးသည်တွေကိုကျတော့ လုံးဝ ဝင်ခွင့်မပြုလို့ မဝင်လာကြတော့ဘူးလို့ ပြောတယ်။ ရွာထဲကိုတော့ သတင်းလေးဘာလေး စောင့်ကြည့်နားထောင်ပြီး ဖုန်းအားသွားသွင်းတာတို့ ဘာတို့တော့ အခြေအနေအရ သွားတာတော့ ရှိတာပေါ့လေ။ စက်ရှိတဲ့သူတွေဆီမှာလည်း ဝိုင်းစုပြီး ဆီဖိုးပေးပြီး (ဖုန်းအား) သွားသွင်းကြတာပေါ့။
DW – အခုဈေးသည်တွေမလာတာ ဘယ်လောက်ကြပြီလဲ။
ဒေသခံ – ခုနစ်ရက်ရှိနေပြီ။ သားငါးကတော့ သူတို့လာမှပဲ စားရတယ်။ အရင်ကတည်းက ငါးခြောက်၊ အသားခြောက် ဝယ်စုထားတဲ့သူတွေကတော့ အဆင်ပြေတာပေါ့။ မရှိလို့ မဝယ်ထားနိုင်တဲ့သူတွေကျတော့ ဒီလိုပဲ အသီးအပွင့်တွေ ခူးပြီးစား။ ပြေးရင်းလွှားရင်းပဲ အဆင်ပြေတဲ့ ဟင်းရွက်တွေ ခူးပြီး ပြုတ်စား၊ ချက်စားကြရတာပေါ့ရှင်။
DW – စစ်ဘေးရှောင် အကူညီပေးနေတဲ့ အဖွဲ့အစည်းတွေကရော လာရောက်ကူညီတာမျိုးရှိလား။
ဒေသခံ – မလာပါဘူးရှင့်။
DW – တစ်ခါမှ မလာဖူးဘူးလား။
ဒေသခံ – အရင်ကတော့လာတယ်။ ဒီလိုအခြေအနေဖြစ်တဲ့အခါကျမှ သူတို့လည်း မလာရဲကြတော့ပါဘူး။
DW – သက်ကြီးရွယ်အိုတွေကျတော့ရော ဘယ်လိုမျိုး အခက်အခဲတွေ ကြုံနေကြရလဲ။
ဒေသခံ – တောထဲမှာလည်း နေစရာမရှိတဲ့သူတွေကျတော့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့သူတွေကို ရွာပြင်က (ဥယျာဉ်ခြံတွေထဲကတဲ) အိမ်တွေမှာထားပြီး နှစ်ရက်ကြာမှ အစာရေစာ သွားကျွေးရတဲ့အခါရှိတယ်။ သုံးရက်ကြာမှ အစာရေစာ သွားကျွေးရတဲ့အခါ ရှိတယ်။ အဲဒါတွေက ရွာထဲထွက်မရဲတဲ့ (ရွာကို ပြန်မရတဲ့အခြေအနေ) အချိန်မျိုးမှာပေါ့။ အခုဆိုရင် ရေလည်းကြီးနေတယ်။ သတင်းကောင်းရင် ကောင်းသလိုပေါ့။ အဲဒီလိုအခြေအနေကြည့်ပြီး သွားကျွေးရတယ်။ အခြေအနေမကောင်းလို့ ထမင်းကျွေးချိန်မရဘဲ ထားခဲ့ပြီးပြန်ပြေးလာရတဲ့ အဖြစ်တွေ၊ တကိုယ်ရေသန့်ရှင်းရေးတွေကို မလုပ်ပေးရဘဲ ပြန်ပြေးလာရတဲ့အခါတွေလည်း ရှိတယ်။
DW – ဆေးဝါးကုသခွင့်အချိန်မမီလို့ သေဆုံးသွားတဲ့သူတွေရှိလား။
ဒေသခံ – အခုတော့မရှိဘူး။ အစကတော့ ရှိခဲ့တယ်။ အရင် (ထွက်ပြေးရတဲ့) အကြိမ်တွေတုန်းကပေါ့။ ဟိုနားက ပစ်လိုက်ရင် လူနာကို ဒီဘက်ရွှေ့၊ ဒီနားကပစ်လိုက်ရင် လူနာကို ဟိုဘက်ရွှေ့နဲ့ ဆေးနဲ့အစာ အဆက်မမီဘဲနဲ့ သေဆုံးရတာတွေရှိတယ်။ နောက်ပြီး တခြားရွာတွေမှာ သွားရောက်တိမ်းရှောင်နေပြီး နေမကောင်းလို့ ကိုယ့်အိမ်ကို ပြန်လာတဲ့အခါမှာ သေဆုံးရတာတွေလည်းရှိခဲ့တယ်။ သူများဆီမှာ အသဲအသန်ဖြစ်ပြီး အသက် မထွက်ချင်လို့ ကိုယ်အိမ်ကိုပြန်သယ်လာတဲ့အချိန်မှာ လမ်းမှာအသက်ထွက်သွားရတာတွေက အစပေါ့ရှင်။
DW – အခုမိုးရာသီဆိုတော့ အမိုးအကာတွေ အဝတ်အထည်တွေကျတော့ရော ဘယ်လိုအခက်အခဲရှိကြလဲ။
ဒေသခံ – ပိုက်ဆံရှိတဲ့သူတွေကျတော့ ဝယ်ကြတာပေါ့။ မရှိတဲ့သူတွေကျတော့လဲ ဓနိဖက်ထိုး။ ဂန်းဖက်ထိုး ဒီလိုပဲရှိတာနဲ့ အမိုးအကာလုပ်ကြရတာပေါ့။ သူငယ်ချင်းမိတ်ဆွေတွေရှိတဲ့သူတွေကျတော့လည်း အမိုးအကာ၊ တာလာပတ်တွေ ပို့ပေးတာမျိုးလေးတွေ ရှိတာပေါ့။
DW – ကျေးဇူးတင်ပါတယ်ခင်ဗျား။