မြိတ်ခရိုင်၊ပုလောမြို့နယ်၊ ပဝတ်ကုန်းကျေးရွာတွင် အာဇာနည်နေ့က ပြည်သူ့ကာကွယ်ရေးတပ်မှ ရဲဘော်တစ်ဦး ကျဆုံးသွားကြောင်း ဒေသခံများ ထံမှသိရသည်။
အာဇာနည်နေ့ မွန်းလွဲချိန်က ပဝတ်ကုန်းရွာလမ်းမကြီးအတိုင်း ဆိုင်ကယ်သုံးစီးဖြင့် ပုလောပြည်သူ့ကာကွယ်ရေး တပ်သားငါးဦး ဖြတ်သွားစဥ် ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် တစ်ဦးသေဆုံးခဲ့ကြောင်း ဒေသခံများ ကပြောသည်။
“တိုက်ပွဲမရှိဘူး သူတို့ဖြတ်အလာမှာ ပစ်ခတ်ခံရပြီး ဆိုင်ကယ်ပေါ်က ပြုတ်ကျကျန်ရစ်တယ်လို့ ကြားရတယ်”ဟု မင်းထိန်ရွာနေ ဒေသခံအမျိုးသား ကပြောသည်။
ပစ်ခတ်ခံရပြီးနောက် ကျန်လေးဦးမှာ လွတ်မြောက်သွားပြီး ကျဆုံးသူ၏ ရုပ်အလောင်းကို ပြုတ်ကျသည့်နေရာနှင့် ခပ်လှမ်းလှမ်း တောစပ်အတွင်း ပြန်လည်တွေ့ရှိရသည်ဟု ဒေသခံများ ထံမှသိရသည်။
“ဒီကနေ့ သင်္ဂြိုဟ်မယ်လို့ကြားတယ်”ဟု ဒေသခံနောက်အမျိုးသားတစ်ဦးကပြောသည်။

ကျဆုံးသူမှာ အသက် ၂၀ ကျော်အရွယ် ပုလောမြို့နယ်၊ခန္တီရွာသား ဖြစ်သည်ဟု ဒေသခံများ ကပြောဆိုသည်။
ယင်းဖြစ်စဥ်မှန်ကန်ကြောင်းနှင့် ကျဆုံးသူမှာ ပုလောဒေသကာကွယ်ရေး တပ်ဖွဲ့ဝင် ရဲဘော်တစ်ဦးဖြစ်သည်ဟု ပုလောပြည်သူ့ကာကွယ်ရေး တပ်ရင်း(၁)က ပြောဆိုခဲ့သလို ပုလောဒေသကာကွယ်ရေးတပ်မှလည်း အတည်ပြုသည်။
“ပဝတ်ကုန်းတိုက်ပွဲပြီးကတည်းက အဲဒီဂိတ်မှာ စကစတပ်က ရှိလိုက်မရှိလိုက်ဖြစ်နေပါတယ်။နှစ်ဖက်စလုံးက အထိုင်မနေကြဘူး”ဟု ပုလောဒေသကာကွယ်ရေး PRDF တပ်မှ ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ပုလောမြို့နယ်ကို စစ်ကောင်စီက စစ်အုပ်ချုပ်ရေးကြေညာထားပြီး တိုင်းအတွင်း တိုက်ပွဲဖော်ဆောင်မှု အားအကောင်းဆုံး ဒေသဖြစ်သည်။