BREAKING
January 24, 2025

တောင်ပိုင်းဒေသ စစ်ရေးအပြောင်းအလဲ - ခံစစ်မှ တိုက်စစ်သို့

July 21, 2023

တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီတပ်အား တော်လှန်တိုက်ခိုက်နေသည့် တိုက်ပွဲပုံစံ ဇွန်လအတွင်း သိသိသာသာ ပြောင်းလာသည်။

ရပ်ရွာအတွင်းသို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်စစ်ကြောင်းများကို ခြုံခိုတိုက်ခိုက်ပြီး ခုခံတွန်းလှန်နေရာမှ စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးစခန်းများကို ဝင်ရောက်တိုက်ခိုက်မှု ပိုများလာသည်။

တိုင်းအတွင်း စစ်ရေး၊ ပဋိပက္ခအခြေအနေများကို စောင့်ကြည့်ပြီး လစဉ်အစီရင်ခံစာထုတ်ပြန်နေသည့် FE5 Tanintharyi ၏ အစီရင်ခံစာအရ ဇွန်လအတွင်း တနင်္သာရီတိုင်းတွင် တိုက်ပွဲ ၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

ယင်းတိုက်ပွဲများအနက် စစ်ကောင်စီတပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ၊ ပျူစောထီးစခန်းစသည့် စစ်ရေးပစ်မှတ်များကို ဝင်ရောက်တိုက်ခိုက်သည့်အကြိမ်ရေ ၂၀ အထိရှိကြောင်း အစီရင်ခံစာက ဆိုသည်။

ပြီးခဲ့သည့်ဇွန်လအတွင်းမှာပင် ထားဝယ်ခရိုင်အတွင်းရှိ မောင်းမကန်နယ်မြေရဲစခန်း၊ ရေဖြူမြို့မရဲစခန်း၊ လောင်းလုံးမြို့နယ် သဲပုံရွာရှိ စစ်ကောင်စီစခန်းနှင့် ရေဖြူမြို့အနီးရှိ စစ်ကောင်စီတပ်ရင်းများကို ဝင်တိုက်သည့် ဖြစ်စဉ်မှာ ခပ်စိပ်စိပ်ရှိနေသည်။

ထို့အပြင် စစ်ကောင်စီတပ် ယာယီတပ်စွဲထားသည့် နေရာများ၊ ရှေ့တန်းကင်းစခန်းများကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့သည်။

ထိုအချက်အလက်များအရ ခုခံတွန်းလှန်သည့်အခြေအနေမှ ထိုးစစ်ဆင်တိုက်ခိုက်သည့် အခြေအနေကို သွားနေပြီဆိုသည့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပြောစကားကို ထင်ဟပ်စေသည်။

တနင်္သာရီ စစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူကလည်း တော်လှန်ရေးကို ကာလသုံးခုသတ်မှတ်ပြီး စီမံချက်များဖြင့် လုပ်ဆောင်နေကြောင်း ပြောသည်။

စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးအတွက် စစ်ကောင်စီတပ်အား တိုက်ခိုက်ရာတွင် ပြင်ဆင်ရေးကာလ၊ တိုက်ခိုက်ရေးကာလ၊ သိမ်းပိုက်ရေးကာလ ဆိုသည့် စီမံချက်များအတိုင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လုပ်ဆောင်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

“အခုက တိုက်ခိုက်သိမ်းပိုက်ရေးကာလဖြစ်လာတော့ အရင်ထက် တိုက်ပွဲပိုများလာတာပါ။ ပြည်သူ့စစ်မဟာဗျူဟာအရ ခုခံတွန်းလှန်နေတာပါ။ နယ်မြေစိုးမိုးရေးတွေ ပိုလုပ်လာတယ်ပေါ့ဗျာ” ဟု တနင်္သာရီတိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောဆိုသည်။

FE5 Tanintharyi ၏ အစီရင်ခံစာအရ ၂၀၂၂ ခုနှစ် ဇူလိုင်လမှ ယခုနှစ် ဇွန်လအထိ တနင်္သာရီတိုင်းအတွင်း တိုက်ပွဲဖြစ်ပွား ၃၇၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

အဆိုပါတစ်နှစ်တာကာလအတွင်း ယခုနှစ်ဇွန်လတွင် တိုက်ပွဲဖြစ်ပွားမှု သိသိသာသာများလာပြီး ၄၁ ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။

လတ်တလောတွင်ပင် ထားဝယ်မြို့နှင့် ကပ်နေသည့် ပြည်ထောင်စုလမ်းပေါ်တွင်ပင် စစ်ကောင်စီတပ်ကို ပစ်ခတ်တိုက်ခိုက်မှုများ ခပ်စိပ်စိပ်လုပ်ဆောင်လာသည်။

အခြားတစ်ဖက်တွင်လည်း တပ်စခန်းများ၊ စစ်ဆေးရေးဂိတ်များ တိုက်ခိုက်ခံလာရသည့် စစ်ကောင်စီတပ်သည် ဗျူဟာပြောင်းလာသည့် အခင်းအကျင်းကို တွေ့လာရသည်။

စစ်ကောင်စီတပ်က စစ်ရေးနည်းဗျူဟာပြောင်းလာသည့် အခင်းအကျင်းမှာ လက်ရှိ မထိန်းနိုင် သို့မဟုတ် ယာယီလက်လွှတ်ထားနိုင်သည့် နေရာအချို့ကို စွန့်ခွာသွားပြီး မဟာဗျူဟာကျသည့်နေရာများတွင် အင်အားဖြည့်တင်းထားသည်။

ပြည်သူ့ကာကွယ်ရေးတပ်များ ဝိုင်းပတ်ချေမှုန်းနိုင်သည့် စခန်းများ၊ ဂိတ်များကို လက်လွှတ်ကာ မဟာဗျူဟာအရ အရေးပါသည်ဟု ယူဆရသည့် တောင်ကုန်းများ၊ ကုန်းမြင့်များတွင် တပ်စွဲလာသည်။

ဥပမာအားဖြင့် ပြည်သူ့ကာကွယ်ရေးတပ်များက မကြာခဏ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် လောင်းလုံးမြို့နယ် တောင်ဘက်ရှိ သကျက်တောရဲစခန်းကို ပြီးခဲ့သည့်နှစ်က စွန့်ခွာသွားသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှစကာ အဆိုပါ ရဲစခန်းတွင် စစ်ကောင်စီတပ်သားများက ကာလကြာရှည် တပ်စွဲထားခြင်းဖြစ်သည်။

ထို့နောက် မဟာဗျူဟာအရ အရေးပါသည်ဟုယူဆရသည့် သဲပုံတောင်ရှိ အင်းဝတောင်နှင့် အနီးအနားရှိ သာယာကုန်းရွာတွင် တပ်စွဲလိုက်သည်။

ထို့အပြင် ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် နေရာဒေသများသို့ သွားချိန်တွင် ကုန်းလမ်းအစား ရေကြောင်းခရီးကို ပိုမိုအားထားအသုံးပြုလာသည်ကိုတွေ့ရသည်။

လက်ရှိအခင်းအကျင်းများအရ စစ်ကောင်စီတပ်က ပြန့်ကျဲနေသည့် ၎င်းတို့၏အင်အားကို စုစည်းကာ ခံစစ်အသွင် ပြောင်းလာသည့် အနေအထားရှိကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဟိန်းထက်က သုံးသပ်သည်။

“သေချာတာတစ်ခုကတော့ စစ်ကောင်စီသည် ခုခံစစ်အတွက် ပိုပြီးတော့ပြင်ဆင်လာတယ်ပေါ့။ ကျစ်ကျစ်လစ်လစ် ပြင်ဆင်လာတယ်။ တစ်ဖက်မှာလည်း (ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က) တိုက်စစ်အတွက်ကို စစ်ရေးပိုပြီးတော့ ဗျူဟာကျကျ ချဉ်းကပ်လာတာတစ်ခုပေါ့” ဟု ၎င်းက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်များက ခုခံစစ်မှ တိုက်စစ်အသွင်အပြောင်းလာသည့်အတွက် လက်ရှိအချိန်ထက် တိုက်ပွဲအရှိန်ပိုမြင့်လာနိုင်ကြောင်း ကိုဟိန်းထက်က ဆိုသည်။

ထို့အပြင် တောင်ပိုင်းရှိ ဒေသအများစုတွင် စစ်ကောင်စီတပ်သည် အကွက်ပြည့်နင်းနိုင်သည့်အဆင့်မှ ‘ဆန်စင်ရာ ကျည်ပွေ့လိုက်’ ဆိုသည့် သဘောဖြစ်လာသည်။

ဗုံးကွဲသည့်နေရာ၊ ပစ်ခတ်မှုဖြစ်သည့်နေရာအချို့ကိုသာ နယ်မြေရှင်းလင်းရေးပုံစံဖြင့် စစ်ကြောင်းထိုးနေသည်။

လတ်တလောတွင်မူ စစ်အုပ်ချုပ်ရေးကြေညာထားသည့် ပုလောနှင့် တနင်္သာရီမြို့နယ်များတွင် ကျေးရွာအလိုက် နယ်မြေအလိုက် စစ်ကြောင်းထိုးနေသလို ပြည်သူ့ကာကွယ်ရေးတပ်များ အားကောင်းသည့် အခြားမြို့နယ်များကိုလည်း စစ်ကြောင်းထိုး တိုက်ခိုက်နေသည်။

ထူးခြားချက်အနေဖြင့် ယခုလအတွင်း ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဧရိယာ၊ ထားဝယ်မြို့နှင့် သုံးမိုင်ခန့်သာ ဝေးသည့် နခံတောရွာတဝိုက်နှင့် လောင်းလုံးမြို့နယ်တောင်ပိုင်းရှိ သကျက်တောရွာတဝိုက်တို့ကို စစ်ကြောင်းသုံးကြောင်းခွဲကာ စစ်ကြောင်းထိုးနေသည်။

ယင်းသို့ စစ်ကြောင်းထိုးသည့်ဖြစ်စဉ်များတွင် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံးမှုရှိသလို ပြည်သူ့ကာကွယ်ရေးတပ်ဘက်ကလည်း ထိခိုက်မှုများရှိခဲ့သည်။

ထိုကဲ့သို့ တိုက်ပွဲဧရိယာ ကျယ်ပြန့်နေချိန်တွင် ထားဝယ်မြို့ကဲ့သို့ မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များနှင့် လောင်းလုံးမြို့အတွင်းရှိ ဂိတ်များတွင် စောင့်ကြပ်နေသည့် စစ်ကောင်စီတပ်လည်း အပြောင်းအလဲဖြစ်လာသည်ကို တွေ့ရကြောင်း ဒေသခံများက ဆိုသည်။

အဆိုပါဂိတ်များတွင် တိုက်နိုင်ခိုက်နိုင်သည့် အရွယ်ကောင်းစစ်ကောင်စီတပ်သားများအစား အသက်အရွယ်ကြီးရင့် လွန်းသူများနှင့် အသက်ငယ်လွန်းသူများကို တွေ့နေရသည်ဟု ဆိုသည်။

ထို့အပြင် လောင်းလုံးမြို့တွင်းရှိ စစ်ဆေးရေးဂိတ်များတွင် ထားဝယ်စကားပြောသည့် အသက်ကြီးပိုင်း သေနတ်ကိုင် အရပ်ဝတ်များသာ တွေ့ရကြောင်း လောင်းလုံးဒေသခံများက ပြောသည်။

၎င်းတို့၏ထင်မြင်ချက်အရ အဆိုပါသေနတ်ကိုင်အရပ်ဝတ်များမှာ စစ်ကောင်စီတပ်သားများမဟုတ်ဘဲ ပျူစောထီးများ ဖြစ်နိုင်သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်မှာ နိုင်ငံအတွင်းရှိ နေရာအများစုတွင် စစ်မျက်နှာဖွင့်တိုက်နေရသည့်အနေအထားကြောင့် တနင်္သာရီ တိုင်းအတွင်းရှိ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ) လက်အောက်ခံတပ်ရင်းများမှာ ကရင်ပြည်နယ် အပါအဝင် အခြားတိုင်းနှင့် ပြည်နယ်များသို့ ပို့ဆောင်ထားရသည်။

ထိုကြောင့် တိုင်းအတွင်း စစ်ကြောင်းထိုးချိန်တွင် တိုင်းတပ်ရင်းများကိုအသုံးပြုနေရသည့်အပြင် လိုအပ်သည့် စစ်သားအင်အား ရရှိစေရန် စစ်ဆေးရေးဂိတ်များတွင်ရှိသည့် တပ်သားများကို ထုတ်နုတ်သုံးစွဲနေရကြောင်း ပြောဆိုမှုများ ရှိနေသည်။

ယင်းအပြင် စစ်ကောင်စီတပ်အနေဖြင့် တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှုများနေချိန်တွင် တပ်သားအသစ် စုဆောင်းရာတွင်လည်း အခက်တွေ့နေသည်ကိုတွေ့ရကြောင်း လောင်းလုံးမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် ကိုဟိန်းထက်က ဆိုသည်။

ထိုကြောင့်လည်း စစ်ကြောင်းထိုးခြင်း၊ ကင်းပုန်းဝပ်ရာတွင်လည်း ၎င်းတို့ကိုထောက်ခံသည့် ပျူစောထီးနှင့် မဘသများနှင့် တပ်မိသားစုကို လက်နက်တပ်ဆင်ပြီး အစားထိုးအသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။

“စစ်ကောင်စီမှာသည် စစ်သားစုဆောင်းရေးနဲ့ ပတ်သက်တဲ့ကိစ္စ အပါအဝင်ပေါ့နော် တစ်နိုင်ငံလုံးမှာ စစ်မျက်နှာ ဖွင့်ထားရတယ်။ တဆက်တည်းမှာပဲ တိုက်ပွဲတွေမှာ သေဆုံးထိခိုက်ဒဏ်ရာရတာတွေလည်း အများကြီးရှိတယ်ပေါ့” ဟု ကိုဟိန်းထက်က ဆိုသည်။

နယ်မြေအချို့ လက်လွှတ်ထားရသည့် စစ်ကောင်စီတပ်သည် နယ်မြေရှင်းလင်းရေးခေါင်းစဉ်အောက်တွင် လှုပ်ရှားနိုင်ရန် အင်အားအများအပြားသုံးစွဲပြီး အသည်းအသန် ကြိုးပမ်းနေရသည်ကို တွေ့နေရသည်။

အာဏာမသိမ်းမီနှင့် အာဏာသိမ်းပြီးစအချိန်များကမူ တိုင်းရင်းသားလက်နက်ကိုင်(KNU) ထိန်းချုပ်နယ်မြေ မဟုတ်သည့် ဒေသများတွင် အင်အားဆယ်ဂဏန်းဖြင့်သာ လှုပ်ရှားလေ့ရှိသည်။

လက်ရှိတွင် အင်အားတစ်ရာဝန်းကျင်ပါသည့် စစ်ကြောင်းများ ဖြန့်ခွဲပြီး စစ်ကြောင်းထိုးနေသည်။ အင်အား အများအပြားသုံးစွဲမှ စစ်ကြောင်းထွက်နိုင်တော့လို ယခင်ကာလလို နေရာအနှံ့မဟုတ်တော့ဘဲ နေရာအနည်းအကျဉ်းကိုသာ ထွက်နိုင်တော့သည့် အခြေအနေဖြစ်လာသည်။

ယင်းအခြေအနေက စစ်ကောင်စီတပ်၏ ပကတိအရှိတရားကို ဖော်ညွှန်းနေခြင်းဖြစ်ကြောင်း ကိုဟိန်းထက်က ဆိုသည်။

“စစ်ကောင်စီသည် ယိုင်နဲ့နဲ့အနေအထားကနေပြီးတော့ လုံးဝချိနဲ့သွားပြီဆိုတဲ့အခြေအနေဖြစ်နေတဲ့ အနေအထား ရှိတယ်ပေါ့ဗျာ။ စိတ်ဓာတ်ပိုင်းဆိုင်ရာအရရော၊ ရုပ်ပိုင်းဆိုင်ရာအရရော၊ နည်းဗျူဟာပိုင်းဆိုင်ရာအရရောပေါ့” ဟု ၎င်းက ပြောသည်။