တရုတ်နိုင်ငံမှ အစပြုကာ အချိန်တို တွင်း၌ ကမ္ဘာလုံးဆိုင်ရာ ကပ်ဘေး ဆိုးကြီး ဖြစ်လာခဲ့သော ကိုဗစ်-၁၉ ရောဂါပိုးသည် အရှေ့တောင်အာရှရှိ ဗုဒ္ဓဘာသာနိုင်ငံအချို့အတွက်မူ ခြွင်းချက် ဖြစ်နေခဲ့သည်။ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့၏ ကိုဗစ်-၁၉ ကိန်းဂဏန်းများသည် ပဟေဠိပင် ဖြစ်သည်။
ရောဂါပိုး စတင်တွေ့ရှိရာ တရုတ် ပြည်သူ့သမ္မတနိုင်ငံနှင့် အနီးဆုံး၌ ရှိနေ သလို လတ်တလော၌ ကူးစက်ပျံ့နှံ့မှုများ အရှိန်အဟုန်ဖြင့် ဖြစ်ပွားနေသော အိန္ဒိယနှင့်လည်း ဘေးချင်းကပ်ရှိနေ သည့် နိုင်ငံများတွင် ကိုဗစ်-၁၉ ကူးစက်မှု နှင့် ယင်းကြောင့် သေဆုံးမှုက မပြောပ လောက်သည့် အရေအတွက်သာ ဖြစ်သည်။
ဗီယက်နမ်နိုင်ငံ၏ ကိုဗစ်-၁၉ ကပ် ရောဂါ အခြေအနေကိုကြည့်လျှင် လက် ဖျားခါလောက်သည့် အနေအထားကို တွေ့နိုင်ပါသည်။ လူဦးရေ သန်းတစ်ရာ နီးပါးရှိပြီး တရုတ်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နိုင်ငံကြီးတွင် ရောဂါကူး စက်ခံရသူက လေးရာပင် မပြည့်သလို သေဆုံးသူ အရေအတွက်က သုည ဖြစ် သည်။
လူဦးရေ သန်း ၇၀ ဝန်းကျင်ရှိကာ ကမ္ဘာနှင့် ကူးလူးဆက်ဆံမှု အများဆုံး၊ ကမ္ဘာလှည့်ခရီးသွား လာရောက်မှု အများဆုံးနိုင်ငံဖြစ်သော ထိုင်းတွင်လည်း ရောဂါကူးစက်ခံရသူ သုံးထောင် ကျော်နှင့် သေဆုံးသူ အရေအတွက်က တစ်ရာမပြည့်ပါ။
ယခုဆိုလျှင် သူတို့နှစ်နိုင်ငံတွင် ကိုဗစ်-၁၉ ပြည်တွင်းကူးစက်မှု မရှိသည် မှာ လနှင့်ချီနေပြီ ဖြစ်သည်။
လူမွဲနိုင်ငံအဖြစ် စာရင်းဝင်သော မြန်မာသည်လည်း ကပ်ရောဂါကူးစက်မှု ပေါင်း သုံးရာကျော်နှင့် သေဆုံးသူက ခြောက်ဦးသာ ရှိပါသည်။ ကမ္ဘောဒီးယား ၌ ရောဂါကူးစက်ခံရသူ တစ်ရာကျော်နှင့် လာအိုတွင် ၁၉ ဦးသာ ရှိသည်။
ကမ္ဘောဒီးယားနှင့် လာအိုတို့တွင် ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ မရှိ။
အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံများပင်ဖြစ်သော အင်ဒိုနီးရှားတွင် ရောဂါကူးစက်ခံရသူ ရှစ်သောင်းကျော် နှင့် သေဆုံးသူက လေးထောင်ခန့် ရှိနေ သလို ဖိလစ်ပိုင်နိုင်ငံ၌လည်း ကိုဗစ်-၁၉ ကူးစက်မှုပေါင်း ခြောက်သောင်းကျော်၊ သေဆုံးသူက ၁၆၀ဝ ကျော် ရှိကာ ကူးစက်သေဆုံးမှုများ တိုးနေဆဲဖြစ်သည်။
အဘယ်ကြောင့်ပါနည်း။ ကိုဗစ် -၁၉ ကပ်ရောဂါဆိုးက အရှေ့တောင် အာရှ၏ ဗုဒ္ဓဘာသာနိုင်ငံများဖြစ်သော ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်း နှင့် ဗီယက်နမ်နိုင်ငံတို့အား အမှန်ပင် မျက်နှာသာပေးနေခြင်းလော။
ဆန်းစစ်ကြည့်ပါမည်။
ကိုဗစ်-၁၉ ကြောင့် ထိခိုက်ဆုံးရှုံးမှု နည်းရခြင်းသည် ကုသိုလ်ကောင်းမှု၏ အကျိုးဆက်ဖြစ်သည်ဟု မပြောမီ ဗီယက် နမ်နိုင်ငံ၏ ကွန်မြူနစ်အစိုးရသည် ဘာသာမဲ့များဖြစ်သည်ကို ဦးစွာ သတိ ပြုသင့်ပါသည်။ တကယ်တော့ ဗီယက်နမ် ၏ ကပ်ရောဂါတိုက်ဖျက်ရေး အောင်မြင် မှုက ရိုးရှင်းသည်။
ဗီယက်နမ်သည် အိမ်နီးချင်းတရုတ် အပေါ် အမြဲလိုလို သံသယမျက်လုံးဖြင့် ကြည့်လေ့ရှိသည်။
ထိုသို့ မယုံကြည်ရ ခြင်း၏ သမိုင်းသင်ခန်းစာများလည်း ရှိနေ၍ဖြစ်သည်။ ယခုနှစ်ဦးပိုင်းတွင် ဗိုင်းရပ်စ်ရောဂါပိုးတစ်မျိုး တရုတ်နိုင်ငံ၊ ဝူဟန်မြို့၌ တွေ့ရှိမှုအပေါ် တရုတ်အာဏာ ပိုင်များ၏ ထုတ်ပြန်ပြောဆိုချက်များ အား ဗီယက်နမ်တို့ အယုံအကြည် မရှိခဲ့ပါ။
ဝူဟန်မြို့က ရောဂါဆန်းနှင့် သက် ဆိုင်သည့် သတင်းအချက်အလက်များ ပိုမိုသိရှိနိုင်ရန် တရုတ်အစိုးရ၏ အင်တာ နက် ကွန်ရက်အတွင်းသို့ ဗီယက်နမ်တို့ ထိုးဖောက်ဝင်ရောက်ပြီး ဆိုက်ဘာစစ်ပွဲပင် နွှဲခဲ့ပါသေးသည်။ ထို့နောက် နယ်စပ် ဂိတ်များကို ပိတ်ပစ်လိုက်သည်။
တစ်ဆက်တည်းတွင် ပြည်သူလူထု အား အသွားအလာကန့်သတ်ခြင်း၊ ကူးစက်ခံရသူများအား သီးခြား ခွဲထား ခြင်းနှင့် ထိတွေ့မှုကွင်းဆက်များအား ပိုက်စိတ်တိုက် ရှာဖွေခြင်းတို့ကို အာဏာ စက်ဖြင့် ဆောင်ရွက်ခဲ့သည်။
ဗီယက်နမ်၏ စီမံဆောင်ရွက်မှုက တရုတ်တို့၏ ကိုင်တွယ်ဖြေရှင်းပုံနှင့် ထပ်တူကျနေခဲ့သည်။
တရုတ်နှင့် ဗီယက်နမ်တို့၏ ခြေရာ အတိုင်း လိုက်နိုင်ဖို့ဆိုလျှင် အာဏာစက် နှင့် ကျန်းမာရေး စောင့်ရှောက်မှု စနစ် ကောင်းရှိရန် လိုသည်။ အာဏာစက်နှင့် ကျန်းမာရေးစနစ်ကောင်း ပူးတွဲပိုင်ဆိုင် သည့်နိုင်ငံ ကမ္ဘာတွင် များများစားစား မရှိပါ။
ဗိုလ်ချုပ်ဟောင်းများ ဦးဆောင်နေ ပြီး ဒီမိုကရေစီ ပုံပျက်နေသော ထိုင်း တွင်မူ ၎င်းတို့နီးနီး အခြေအနေရှိသည်။
ထိုင်းနိုင်ငံသည် ကျန်းမာရေးစောင့် ရှောက်မှု စနစ်ကောင်းကို ပိုင်ဆိုင်ထား ပြီးMedical Tourism ဟု ခေါ်သည့် ပြည်ပဆေးကုသမှုခရီးသွားကဏ္ဍတွင် နိုင်ငံတကာ၌ ရေပန်းစားသည်။ အစိုးရ ကလည်း ကိုဗစ်-၁၉ ကပ်ရောဂါ တိုက် ဖျက်ရေးအတွက် အင်အားတောင့်သည့် အလုပ်အဖွဲ့ကို ခပ်မြန်မြန် ဖွဲ့စည်းနိုင်ခဲ့သည်။
တရုတ်နှင့် နှစ်နိုင်ငံ ကူးလူးဆက်ဆံ မှု များပြားသလို တရုတ်ခရီးသွား အုပ်စု များ၏ ကျက်စားရာ ဖြစ်သော်လည်း ထိုင်းတို့သည် အစိုးရ၏ ဦးဆောင်မှု အောက်တွင် ကိုဗစ်-၁၉ ကပ်ရောဂါကို အောင်အောင်မြင်မြင် ထိန်းထားနိုင်ခဲ့သည်။
အမှန်ဆိုရလျှင် ထိုင်းသည် ကိုဗစ် -၁၉ ရောဂါပိုးကို တရုတ်ပြင်ပ၌ ပထမ ဆုံး လက်ခံရရှိသည့် နိုင်ငံဖြစ်သည်။
သို့သော် ဝန်ကြီးချုပ်ဖြစ်သူ ဗိုလ်ချုပ် ကြီးဟောင်း ပရာယွတ်နှင့် ဒုတိယဝန်ကြီး ချုပ်နှင့် ပြည်သူ့ကျန်းမာရေး ဝန်ကြီး အဖြစ် ပူးတွဲတာဝန်ယူထားသူ အနုတင် တို့၏ စီမံကွပ်ကဲမှုအောက်တွင် ကပ် ရောဂါ ထိန်းချုပ်ရေး အစီအစဉ်များက အလုပ်ဖြစ်ခဲ့သည်။
တရုတ်၏ အိမ်နီးချင်းဖြစ်သော လာအိုနိုင်ငံသည်လည်း အလားတူဖြစ်သည်။
လာအိုတွင် ပထမဆုံး ကိုဗစ်-၁၉ ကူးစက်လူနာအား မတ်လ ၂၄ ရက်တွင် တွေ့ရှိပြီး ဇွန်လ ၉ ရက် နောက်ပိုင်းတွင် ကိုဗစ်လူနာဟူ၍ မရှိတော့ပေ။ အစိုးရ၏ မြန်မြန်ဆန်ဆန် တုံ့ပြန် ဆောင်ရွက်မှုနှင့် လာအိုပြည်သူများ၏ သတိရှိရှိ ပူးပေါင်း ဆောင်ရွက်မှုက ကိုဗစ်အောင်ပွဲ ဖြစ်ခဲ့ သလို နိုင်ငံတကာ၏ လက်ခုပ်သံကို လည်း ရစေခဲ့သည်။
ယခုဆိုလျှင် လာအို၌ စာသင် ကျောင်းများ ဇွန်လ ၂ ရက်မှစ၍ ပုံမှန် အတိုင်း ဖွင့်လှစ် သင်ကြားလျက် ရှိသည်။ ဆရာနှင့် ကျောင်းသားများက ကိုဗစ် -၁၉ ကာကွယ်ရေးဆိုင်ရာ စည်းမျဉ်းများ ကို အလေးထား လိုက်နာသလို လိုအပ် သည့် အကာအကွယ်နှင့် အသုံးအဆောင် ပစ္စည်းများကိုလည်း အစိုးရက ပံ့ပိုးပေး ထားသည်။
မြန်မာနှင့် ကမ္ဘောဒီးယားတို့ကို ကြည့်မည်ဆိုလျှင်လည်း ထူးမခြားနား ဖြစ်သည်။
နှစ်နိုင်ငံလုံးသည် တရုတ်နှင့် အလွန် ပင် ထဲထဲဝင်ဝင်ရှိလှသော ဆက်ဆံရေး မျိုး ရှိနေပြီး မြန်မာတွင် တရုတ်ကုန်သည် များ၊ တရားမဝင် ဝင်ရောက်အခြေချကာ စီးပွားရေး လုပ်ငန်းအမျိုးမျိုး လုပ်ကိုင် နေသူ တရုတ်လူမျိုးများ မရေမတွက်နိုင် အောင်ပင် ရှိနေနိုင်သည်။
ကမ္ဘောဒီးယားဆိုလျှင်လည်း နိုင်ငံ့ ခေါင်းဆောင် ဟွန်ဆန်က တရုတ်၏ အထင်ရှားဆုံး မဟာမိတ်ဖြစ်သည်။ ဟွန်ဆန်သည် တရုတ်ကို အမြဲတစေ ချီးကျူးထောပနာပြုနေတတ်သူဖြစ်ကာ တရုတ်တွင် ဗိုင်းရပ်စ် ကူးစက်မှု အရှိန် အဟုန်ဖြင့် ဖြစ်ပွားသည့် ဖေဖော်ဝါရီလ တွင်ပင် ဟွန်ဆန်က တရုတ်သို့ အရောက် သွားခဲ့သေးသည်။
ကမ္ဘောဒီးယားခေါင်းဆောင် ဟွန်ဆန် ၏ တရုတ်အပေါ် ဆက်ဆံရေးက ကိုဗစ် ကပ်ဘေးတွင် အလုပ်ဖြစ်ခဲ့သည်။ မတ်လ နှောင်းပိုင်းတွင် ဆေးပညာရှင်များ ပါဝင်သော အဖွဲ့တစ်ဖွဲ့အား ဆေးပစ္စည်း များနှင့်အတူ တရုတ်က ကမ္ဘောဒီးယား သို့ စေလွှတ်ခဲ့သည်။
ဧပြီ၊ မေနှင့် ဇွန်လများတွင်လည်း တရုတ်အစိုးရနှင့် တရုတ်အရပ်ဘက် အဖွဲ့အစည်းအချို့က ကမ္ဘောဒီးယားသို့ ဆေးဝါးနှင့် ကျန်းမာရေး ပညာရှင်များ စေလွှတ်ပေးပို့ကာ ဆက်တိုက်ကူညီထောက် ပံ့ပေးနေခဲ့သည်။ တရုတ်သည် ကမ္ဘော ဒီးယားသို့ ဆေးပစ္စည်းသာမက အထည် ချုပ်ကဏ္ဍအတွက် ကုန်ကြမ်းပစ္စည်း ကွန်တိန်နာ အလုံးတစ်ထောင်ကိုပင် မတ်လအတွင်းက ပို့ပေးခဲ့သည်။
တရုတ်၏ပြိုင်ဘက် အမေရိကန် နှင့် ဂျပန်တို့ကလည်း ကမ္ဘောဒီးယားသို့ ထောက်ပံ့မှုမှာ ကိုဗစ်ကာလတွင် ဒေါ်လာ သန်း ၂၀ ခန့် ရှိသည်။ ဥရောပသမဂ္ဂက ဆိုလျှင် ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက် သွားမည့် ကမ္ဘောဒီးယား၏ လူမှုစီးပွား ကဏ္ဍအတွက် ချေးငွေနှင့် ထောက်ပံ့ငွေ ပေါင်း ဒေါ်လာ သန်း ၅၀ဝ ခန့် ပေးအပ် ရန် ကတိပြုထားသည်။
မြန်မာနိုင်ငံကိုကြည့်လျှင် တရုတ် နှင့် နှစ်နိုင်ငံနယ်စပ်က ယိုပေါက်များစွာ ဖြင့် ကူးလူးသွားလာမှုများ ရှိသည်။
တရုတ်သို့ သွားရောက် အလုပ် လုပ်ကိုင်နေသူ မြန်မာ ထောင်ပေါင်း များစွာသည် နယ်စပ်ဂိတ်များမှတစ်ဆင့် ပြည်တော်ပြန်ခဲ့ကြခြင်းဖြစ်ရာ ဗိုင်းရပ်စ် ကူးမည်ဆိုပါက လွယ်လွယ်ပင် ကူးစက် ပျံ့ပွားနိုင်သော အခြေအနေ ဖြစ်သည်။
လက်တွေ့၌ ကပ်ရောဂါ ကူးစက် ပျံ့နှံ့မှုက အံ့သြလောက်ဖွယ်ပင် နည်းပါး ခဲ့ပြီး ယင်းမှာ လိမ်ညာ ကွယ်ဝှက်ထား ခြင်းမျိုးလည်း မဟုတ်။ လွယ်ကူမြန်ဆန် ပြီး တွင်ကျယ်စွာသုံးနေသည့် အင်တာနက် ဆက်သွယ်ရေး စနစ်များကြောင့် မြေပြင် ၌ ဗိုင်းရပ်စ်ပျံ့နှံ့ကူးစက်မှုများ ရှိခဲ့လျှင် ဖုံးကွယ်ထားနိုင်မည် မဟုတ်ပေ။
ဤအရှေ့တောင်အာရှ ငါးနိုင်ငံ တွင် မြို့ပြထက် ကျေးလက်နေလူထု ပိုများနေခြင်းက ဗိုင်းရပ်စ်ကူးစက်မှု အဟန့်အတားတစ်ခု ဖြစ်နိုင်သည်။ လေအေးပေးစက် သုံးစွဲမှု နည်းပါးခြင်း ကလည်း ရောဂါပိုး ပျံ့နှံ့မှုကို လျော့ကျစေ နိုင်သည်။
ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့ ကိုဗစ်ကပ် ဘေးမှ သက်သာရာ ရနေခြင်းတွင် ဗုဒ္ဓဘာသာသည်လည်း အကြောင်းတစ် ချက် ဖြစ်နိုင်ပါသည်။ အချင်းချင်း တွေ့ဆုံနှုက်ဆက်သည့်အခါ ဗုဒ္ဓဘာသာ တို့၏ ထုံးတမ်းအစဉ်အလာက လက်အုပ် ချီ၍ နှုတ်ဆက်လေ့ရှိရာ ယင်းက ခပ်ခွာခွာ နေရမည့်Social Distancing အတွက် များစွာ အထောက်အကူ ဖြစ်စေသည်။
ဗုဒ္ဓဘာသာကြောင့်ဖြစ်စေ၊ အခြား အကြောင်းများကြောင့်ဖြစ်စေ အရှေ့တောင် အာရှ ငါးနိုင်ငံသည် ကပ်ရောဂါ၏ ပထမလှိုင်းကို အထိအခိုက်အနည်းဆုံး ဖြင့် ကျော်ဖြတ်နိုင်ခဲ့ကြပြီဖြစ်သည်။ ဒုတိယ၊ တတိယလှိုင်းများကို အလားတူ ဖြတ်ကျော်နိုင်ပါဦးမလား စောင့်ကြည့် ရမည်။
ကိုဗစ်သည် အစောပိုင်းကာလကဲ့ သို့ တရုတ်တစ်နိုင်ငံတည်းမှ ဝင်လာခြင်း မျိုး မဟုတ်တော့ဘဲ ကမ္ဘာ့ထောင့်ပေါင်းစုံ မှနေ၍ ကူးစက်ပျံ့နှံ့လာနေပြီဖြစ်၍ ဗုဒ္ဓဘာသာဝင်တို့ လူစုလူဝေးဖြင့် ကုသိုလ် ပြုလေ့ရှိရာ ဝါဦးကာလ အခါသမယ သည် ကိုဗစ်ခံနိုင်ရည်ကို စမ်းသပ်မည့် နောက်ထပ်မှတ်တိုင် ဖြစ်သည်။
ကိုစော