ကမ္ဘာ့တစ်ဝန်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များထဲမှ ထူးခြားဖြစ်စဉ်များကို ကောက်နုတ်ကာ အပတ်စဉ် စနေနေ့တိုင်းတွင် စုစည်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
ဇွန်လ ၁၄ ရက်နေ့မှ ၂၁ ရက်နေ့အထိ
အစ္စရေးကိုတုံ့ပြန်ဖို့ အသင့်ရှိတယ်လို့ ဟစ်ဘိုလာခေါင်းဆောင် သတိပေး
အစ္စရေးနဲ့ စစ်ပွဲဖြစ်လာပါက အစ္စရေးနိုင်ငံတွင်းက အရေးကြီးပစ်မှတ်တွေကို တိုက်ခိုက်နိုင်တဲ့ လက်နက်နဲ့ ထောက်လှမ်းရေးလက်နက်တွေ အသင့်ရှိနေပြီလို့ ဟစ်ဘိုလာအဖွဲ့က သတိပေးလိုက်ပါတယ်။
လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာအဖွဲ့ခေါင်းဆောင်က ဇွန်လ ၁၉ ရက်နေ့မှာ သတိပေးလိုက်တာပါ။
လက်ဘနွန်တောင်ပိုင်းမှာ အစ္စရေးရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့ ဟစ်ဘိုလာ ထိပ်တန်းတပ်မှူးအတွက် အောက်မေ့ဖွယ်အခမ်းအနားမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။
ကျနော်တို့မှာ လက်နက်သစ်တွေ ရှိနေပြီ၊ ဒါပေမဲ့ ဘာလက်နက်ဆိုတာဆိုတော့ ထုတ်မပြောဘူးလို့ သူက ဆိုပါတယ်။
ဟစ်ဘိုလာနဲ့ အစ္စရေးတို့ကြား နယ်စပ်တလျှောက်မှာ ပဋိပက္ခတွေ လနဲ့ချီ ဖြစ်နေကြပါတယ်။
ဒါနဲ့ပက်သက်လို့ ဟစ်ဘိုလာခေါင်းဆောင် Hassan Nasrallah ရဲ့ သတိပေးချက်တွေ ထုတ်ပြန်လာတာဖြစ်ပါတယ်။
Ref: NPR
………………………………..
အမေရိကန်တွင် ကျွန်စနစ် အဆုံးသတ်အထိမ်းအမှတ်နေ့ ကျင်းပ
အမေရိကန်ပြည်ထောင်စုမှာ ဇွန်လ ၁၉ ရက်နေ့က ကျရောက်ခဲ့တဲ့ ကျွန်စနစ် လုံးဝအဆုံးသတ်ခဲ့တာကို သတ်မှတ်ထားတဲ့ Juneteenth အထိမ်းအမှတ်နေ့ကို ကျင်းပခဲ့ကြပါတယ်။
အမေရိကန်ပြည်တွင်းစစ် ပြီးဆုံးပြီး ၄ နှစ်အကြာ ၁၈၆၅ ခုနှစ် ဇွန်လ ၁၉ ရက်နေ့မှာ တက္ကဆက်ပြည်နယ်က ကျွန် ၂ သိန်းကို လွတ်ငြိမ်းပေးခဲ့တာပါ။
ဒါကို အစွဲပြုပြီး ဇွန်လ ၁၉ ရက်နေ့ကို Juneteenth နေ့ ဖယ်ဒရယ်အစိုးရ အားလပ်ရက်အနေနဲ့ ၂၀၂၁ ခုနှစ်မှာ သမ္မတဂျိုးဘိုင်ဒန်က လက်မှတ်ရေးထိုးပေးခဲ့ပါတယ်။
အဲဒီနေ့ဟာ ကျွန်စနစ်ကို အဆုံးသတ်တဲ့နေ့သာမဟုတ်ဘဲ အမေရိကန်နိုင်ငံထဲမှာ နေထိုင်နေကြသူအားလုံးဟာ တန်းတူ ဆက်ဆံခံရဖို့ ထိုက်တန်တဲ့နေ့တစ်ခုဖြစ်ခဲ့တယ်လို့ သမ္မတက ပြောကြားခဲ့ပါတယ်။
Ref: AP
………………………………..
ရုရှားနဲ့ မြောက်ကိုရီးယား ကာကွယ်ရေး စာချုပ်ချုပ်
ရုရှားနဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံ ကာကွယ်ရေးဆိုင်ရာ ပံ့ပိုးကူညီမယ့် သဘောတူစာချုပ်ကို ရုရှားသမ္မတ ပူတင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျိုအန်းတို့က လက်မှတ်ထိုးစာချုပ်ချုပ်ခဲ့ကြပါတယ်။
၂၄ နှစ်အတွင်း ပြုံယမ်းမြို့တော်ကို ပထမဆုံးရောက်လာတဲ့ ရုရှားသမ္မတနဲ့ ပူးတွဲသတင်းစာရှင်းပွဲမှာ ကြေညာလိုက်တာပါ။
စာချုပ်ကို လက်မှတ်ရေးထိုးလိုက်တဲ့အတွက် နိုင်ငံရေး၊ စီးပွားရေး၊ စစ်ရေးအပါအဝင် နယ်ပယ်စုံမှာ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့နိုင်မှာဖြစ်ပါတယ်လို့ မြောက်ကိုးရီးယားဘက်က ဆိုထားပါတယ်။
အမေရိကန်အစိုးရနဲ့ တင်းမာမှုတွေ တိုးလာနေချိန် ဇွန်လ ၁၉ ရက်နေ့မှာ ရုရှားသမ္မတပူတင်က မြောက်ကိုးရီးယားကို ရောက်လာခဲ့တာပါ။
ယူကရိန်းကိစ္စတွေနဲ့ ရုရှားရဲ့ မူဝါဒတွေကို ထောက်ခံပေးနေတဲ့အတွက် မြောက်ကိုရီးယားကို ကျေးဇူးတင်တယ်လို့ ပူတင်က ပြောကြားခဲ့ပါတယ်။
Ref: BBC
………………………………..
ထိုင်းတွင် လိင်တူထိမ်းမြားခွင့်ကို အထက်လွှတ်တော် အတည်ပြု
ထိုင်းနိုင်ငံမှာ လိင်တူချင်း ထိမ်းမြားလက်ထက်ခွင့်ဥပဒေကို ဇွန်လ ၁၈ ရက်နေ့က အထက်လွှတ်တော်အမတ်တွေကနေ မဲပေးအတည်ပြုလိုက်ပါတယ်။
ထိုင်းမှာ ကျား၊ မ မခွဲခြားတော့ဘဲ လိင်တူခြင်းထိမ်းမြားလက်ထက်ခွင့်ဥပဒေကို အထက်လွှတ်တော်အမတ်တွေကနေ ထောက်ခံမဲ ၁၃၀ မဲ၊ ကန့်ကွက်မဲ ၄ မဲ၊ ကြားနေမဲ ၁၈ မဲနဲ့ အတည်ပြုလိုက်တာပါ။
လွှတ်တော်မှာ အတည်ပြုပြီးရင် အစိုးရနဲ့ ဝန်ကြီးချုပ်ထံ ပေးပို့သွားရမှာပါ။
နောက်တော့ ထိုင်းဘုရင်က လက်မှတ်ထိုး ထုတ်ပြန်ရမှာဖြစ်ပါတယ်။
ပြီးရင်တော့ ရက်ပေါင်း ၁၂၀ ကြာရင် ဥပဒေ အသက်ဝင်တော့မှာဖြစ်လို့ ဒီနှစ်ထဲ ထိုင်းနိုင်ငံမှာ လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်တော့မှာဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ လိင်တူချင်း ထိမ်းမြားလက်ထပ်နိုင်တဲ့ ပထမဆုံးနိုင်ငံဖြစ်လာတော့မှာဖြစ်ပါတယ်။
အာရှမှာတော့ ထိုင်ဝမ်၊ နီပေါတွေနောက်ကနေ တတိယနိုင်ငံဖြစ်လာတော့မှာပါ။
Ref: Aljazeera
………………………………..
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို တရားရုံးက အာမခံခွင့်ပြု
ထိုင်းနိုင်ငံရဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ဇွန်လ ၁၈ ရက်နေ့က တရားရုံးက အာမခံပေးလိုက်ပါတယ်။
၂၀၁၅ ခုနှစ်က မေးမြန်းခန်းတခုမှာ ဘုရင်ကို ပြောဆိုမှုနဲ့ ပက်သက်လို့ သက်ဆင်ကို တော်ဝင်ဥပဒေနဲ့ အရေးယူပေးဖို့ တိုင်ကြားခံထားရပါတယ်။
အမြင့်ဆုံးထောင်ဒဏ် ၁၅ နှစ်အထိ အပြစ်ပေးနိုင်တဲ့ တော်ဝင်မိသားစုအပေါ် စော်ကားမှုနဲ့ ဘန်ကောက်မြို့တော် တရားရုံးမှာ စွဲချက်တင်ခံထားရပြီးနောက် သက်ဆင်က အာမခံ လျှောက်ထားခဲ့တာဖြစ်ပါတယ်။
ဒါကို တရားရုံးက အသက် ၇၄ နှစ်အရွယ် သက်ဆင်ကို ဘတ် ၅ သိန်းနဲ့ အာမခံပေးခဲ့ပါတယ်။
Ref: Bangkok Post
………………………………..
အိန္ဒိယတွင် ရထားအချင်းချင်းတိုက်သဖြင့် အနည်းဆုံးလူ ၉ ဦးသေဆုံး
အိန္ဒိယနိုင်ငံ West Bengal ပြည်နယ်မှာ ကုန်တင်ရထားတစ်စီးက ခရီးသည်တင်ရထားကို ဝင်တိုက်ခဲ့ပြီးတဲ့နောက် အနည်းဆုံး လူ ၉ ဦး သေဆုံးခဲ့ပါတယ်။
ဒီမတော်တဆဖြစ်ရပ်ကြောင့် လူ ၅၀ နီးပါး ဆေးရုံတင်ထားရပါသေးတယ်။
သေဆုံးသူထဲက ၃ ဦးဟာ မီးရထားဝန်ထမ်းတွေပါ။
ကုန်တင်ရထားမောင်းနှင်သူက အချက်ပြမီးကို သတိမထားမိလို့ အခုလို တိုက်မိခဲ့တာလို့ ဆိုပါတယ်။
Ref: NDTV
………………………………..
ဂါဇာတောင်ပိုင်းတွင် နေ့ဘက်တိုက်ပွဲများ ယာယီရပ်ရန် အစ္စရေးကြေညာ
ဂါဇာတောင်ပိုင်းက လမ်းမှာ နေ့ဘက် တိုက်ပွဲတွေ ယာယီရပ်ထားမယ်လို့ အစ္စရေးစစ်တပ်က ဇွန်လ ၁၆ ရက်နေ့မှာ ကြေညာခဲ့ပါတယ်။
စစ်ပွဲကြောင့် စားနပ်ရိက္ခာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းတွေအတွက် ပို့ပေးမယ့် အကူအညီတွေ ပိတ်မိနေတာကို ဖြေရှင်းပေးဖို့လို့ ကြေညာခဲ့တာပါ။
သူတို့ စစ်ပွဲသက်တမ်းက ၉ လထဲကို ရောက်ရှိနေပါပြီ။
ယာယီစစ်ရပ်မဲ့လမ်းက ၁၂ ကီလိုမီတာလောက် ရှိပါတယ်။
ယာယီစစ်ရပ်ပေးတာက မနက် ၈ နာရီကနေ ညနေ ၇ နာရီအထိ အကျုံးဝင်မှာဖြစ်ပြီး နောက်ထပ် အသိပေးကြေညာချက် မထုတ်ပြန်မချင်း နေ့စဉ် ရပ်ဆိုင်းပေးမယ်လို့ အစ္စရေးစစ်တပ်က ဆိုထားပါတယ်။
Ref: BBC
………………………………..
ဆော်ဒီ ဟာ့ဂျ် ဘုရားဖူးခရီးစဉ်လာရောက်သူ ၂ သန်းနီးပါးရှိ
ဆော်ဒီအာရေးဗီးယားနိုင်ငံမှာ ဇွန်လ ၁၅ ရက်နေ့က အစ္စလာမ်ဘာသာဝင်တွေရဲ့ ဟာ့ဂ်ျ ဘုရားဖူးခရီးစဉ်ကို လူပေါင်း ၂ သန်းနီးပါးလာရောက်ခဲ့တယ်လို့ ကြေညာခဲ့ပါတယ်။
ကရုဏာတောင်တော်လို့အမည်ရတဲ့ အာရာဖတ်တောင်ပေါ်မှာ ကမ္ဘာတဝန်းက အစ္စလာမ်ဘာသာဝင် ၁ ဒသမ ၈ သန်းကျော် စုဝေးခဲ့တာပါ။
လာရောက်သူတွေက ဝတ်ပြုဆုတောင်းပွဲနဲ့ ဘာသာရေးဆိုင်ရာ ဆင်ခြင်သုံးသပ်မှုတွေ လုပ်ခဲ့ကြပါတယ်။
အစ္စာလာမ် ဘာသာဝင်တွေရဲ့ တမန်တော် မိုဟာမက်ဟာ ဒီတောင်ပေါ်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက နှုတ်ဆက်ခြင်း တရားဒေသနာလို့ လူသိများတဲ့ နောက်ဆုံး တရားတော်ကို ဟောကြားခဲ့တယ်လို့ ယုံကြည်ထားကြပါတယ်။
အာရာဖတ်တောင်ပေါ်မှာ စုဝေးခြင်းက ထုံးတမ်းစဉ်လာအရ ဟာ့ဂ်ျဘုရားဖူး ခရီးစဉ်ရဲ့ နေ့ထူးတစ်နေ့အနေနဲ့ သတ်မှတ်ကြပါတယ်။
Ref: ABC
………………………………..
ရုရှား၏ စစ်ပြေငြိမ်းရေး တောင်းဆိုမှု ယူကရိန်း ပယ်ချ
ယူကရိန်းစစ်ပွဲ အပစ်ရပ်ဖို့အတွက် ရုရှားသမ္မတ ပူတင်ဘက်က တောင်းဆိုတဲ့အချက်တွေကို အမေရိကန်၊ ယူကရိန်း၊ နေတိုးမဟာမိတ်အဖွဲ့ကြီးက ဇွန်လ ၁၅ ရက်နေ့မှာ ပယ်ချလိုက်ပါတယ်။
ရုရှားတို့ လက်ရှိသိမ်းထားတဲ့ ယူကရိန်းဒေသ လေးနေရာကနေ ယူကရိန်းတပ်တွေ ဆုတ်ခွာထွက်သွားဖို့နဲ့ မြောက်အန္တာလန်တိတ် မဟာမိတ်အဖွဲ့ ဖြစ်တဲ့ နေတိုးအဖွဲ့မှာ အဖွဲ့ဝင်ဖြစ်လာရေး မလုပ်ဆောင်ဖို့ ရုရှားက တောင်းဆိုထားတာပါ။
ဒီအချက်တွေကို သဘောတူမယ်ဆိုရင် ရုရှားက ထိုးစစ်ဆင်နေတာတွေ ရပ်မယ်လို့ ရုရှားသမ္မတပူတင်က ကြေညာခဲ့ပါတယ်။
ရုရှားသမ္မတ ပူတင်ရဲ့ တောင်းဆိုချက်က ယုံကြည်လို့ မရနိုင်ဘူးလို့ ယူကရိန်းသမ္မတက ပြောကြားလိုက်ပြီး တောင်းဆိုချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
Ref: AP
………………………………..
တောင်တရုတ်ပင်လယ်ထဲက သင်္ဘောပျက်နှစ်စီးကနေ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော်တွေ့ရှိ
တောင်တရုတ်ပင်လယ်ထဲ နစ်မြုပ်နေတဲ့ သင်္ဘောပျက်နှစ်စင်းပေါ်ကနေ ရှေးဟောင်းပစ္စည်း ၉၀၀ ကျော် ရှာဖွေတွေ့ရှိခဲ့တယ်လို့ တရုတ်နိုင်ငံ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်ဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ရှေးဟောင်းပစ္စည်းတွေက ကြွေထည်ပစ္စည်းတွေ၊ အိုးတွေ၊ ကြေးထည်ပစ္စည်း၊ ရှားပါးသစ်တွေနဲ့ တိရစ္ဆာန်အစိတ်အပိုင်းတွေ ပါဝင်ပါတယ်။
ဒါတွေကို မင်မင်းဆက် လက်ထက်တွေကဖြစ်ပြီး အဲဒီခေတ်က ကုန်သွယ်ရေကြောင်း ထွန်းကားခဲ့တာကို မြင်တွေ့နိုင်ပါတယ်။
ဒီရှေးဟောင်းပစ္စည်းတွေကို ၂၀၂၃ ခုနှစ်ကတည်းက ဆယ်ယူနေကြပြီး ပြီးခဲ့တဲ့ အပတ်က ပြီးဆုံးသွားပြီလို့ ကြေညာခဲ့ပါတယ်။
ဒီသင်္ဘောပျက်နှစ်စင်းဟာ သက္ကရာဇ် ၁၃၆၈ ခုနှစ်ကနေ ၁၆၄၄ ခုနှစ်ကြားကာလအတွင်းမှ သင်္ဘောတွေဖြစ်မယ်လို့ ရှေးဟောင်းပညာရှင်တွေက ယုံကြည်ထားကြပါတယ်။
Ref: Global Times
………………………………..