BREAKING
September 19, 2024

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုဖြစ်ရပ် ဝန်မခံဘဲ စစ်ကောင်စီလိမ်လည်ဝါဒဖြန့်

June 21, 2024

ပဲခူးမြို့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ စီးလာတဲ့ကားကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပစ်ခတ်တာကြောင့် ဆရာတော်ပျံလွန်တော်မူတဲ့ဖြစ်ရပ်ကို စစ်ကောင်စီက PDF တွေ လုပ်တာလို့ သတင်းထုတ်ပြန် လိမ်လည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ 

ရွှေကျင်ဂိုဏ်းရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်ဖို့ မန္တလေးကို ကြွလာတဲ့ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ရန်ကုန်တိုင်း မင်္ဂလာဒုံမြို့နယ် ကန်သုံးဆင့်ကျောင်းတိုက် ဆရာတော်တို့ စီးလာတဲ့ကားဟာ မန္တလေးတိုင်းမှာ ဇွန်လ ၁၉ ရက် မွန်းလွဲပိုင်းမှာ ပစ်ခတ်ခံခဲ့ရတာပါ။

ပစ်ခတ်ခံရတာကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ဦးခေါင်းနောက်စေ့ ကျည်ထိမှန် ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော် ကတော့ ဦးခေါင်း မှန်စထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ကားမောင်းသူကတော့ လက်သုံးချောင်းပြတ်တောက် ဒဏ်ရာရပါတယ်။ 

ဒီဖြစ်ရပ်ကို စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ PDF တွေ ပစ်ခတ်တာကြောင့် ပျံလွန်တော်မူတယ်လို့ အပြစ်လွှဲချခဲ့ပါတယ်။ 

အဲဒီနောက် ပစ်ခတ်ခံရတဲ့ ကားမှာ ပါဝင်ခဲ့တဲ့ ကန်သုံးဆင့်ဆရာတော်က ပစ်ခတ်ခံရတဲ့ဖြစ်ရပ်နဲ့ ပတ်သက်လို့ သံဃာတော် တွေနဲ့ တပည့်တကာတွေကို ရှင်းလင်းပြောဆိုပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေပစ်ခတ်ခဲ့တယ်ဆိုတာပေါ်ပေါက်လာတာ ပါ။ အဲဒီနောက်မှာပဲ ဒီဖြစ်ရပ်ကို ပြန်လည်စိစစ်မယ်လို့ စစ်ကောင်စီက ဇွန်လ ၂၁ရက်မှာ သတင်းထုတ်ပြန်ပြီး လေသံပြောင်း လာပါတယ်။

ပစ်ခတ်ခံရတဲ့ ဖြစ်ရပ်

ပုံစာ – ပျံလွန်တော်မူသွားတဲ့ ဝင်းနိမ္မိတာရုံကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တမုနိန္ဒာဘိဝံသ။

ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့် ဆရာတော်တို့ဟာ ဇွန်လ ၁၉ ရက် နံနက်မှာ ရန်ကုန်ကနေ မန္တလေးကို လေကြောင်း ခရီးနဲ့ ကြွရောက်လာပါတယ်။ ရွှေကျင်ဂိုဏ်းချုပ်ရှိတဲ့ မဟာဝိသုဒ္ဓါတာရုံကျောင်းတိုက်မှာ ဇွန်လ ၂၀ ရက်နေ့ ကျင်းပမယ့် ရွှေကျင်ဂိုဏ်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး တက်ရောက်ဖို့ ကြွလာတာပါ။

မန္တလေးတံတားဦးလေဆိပ်ကနေ ကန်သုံးဆင့် ဆရာတော်မွေးရပ် ငါန်းဇွန်မြို့နယ်ထဲက ပန်းချီကမ္မရွာသို့ ကြွရောက်ပြီး အပြန်မှာ ဆရာတော်တို့ စီးလာတဲ့ကား ပစ်ခတ်ခံရတာပါ။ (စစ်ကောင်စီတပ် အသုံးပြုလေ့ရှိတဲ့) Faw ကားပေါ်ကနေ စစ်ဗိုလ်၊ စစ်သားတွေက သေနတ်နဲ့ ခုနစ်ချက်၊ ရှစ်ချက်လောက် ဝိုင်းပစ်တာလို့ ကန်သုံးဆင့်ဆရာတော်က မိန့်ကြားပါတယ်။

စစ်ကောင်စီ အပြစ်လွှဲချ

ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာပဲ စစ်ကောင်စီက သတင်းထုတ်ပြန်ရာမှာတော့ PDF တွေ လက်ချက်လို့ ထုတ်ပြန်ခဲ့ပါတယ်။ 

မြို့သာမြို့နဲ့ ကမ္မရွာကြားမှာ PDF က မိုင်းဆွဲတိုက်ခိုက်လို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်ခတ်မှုဖြစ်တယ်လို့ ဆိုပါတယ်။ မိုင်းဆွဲတိုက်ခိုက်ချိန်မှာ သကျင်ရွာကနေ မြို့သာမြို့ဘက်ကို မောင်းနှင်လာတဲ့ ကားတစ်စီးဟာ ပစ်ခတ်မှုဖြစ်တဲ့နေရာအနီးကို မောင်းနှင်ဝင်ရောက်လာချိန်မှာ PDF တွေရဲ့  မိုင်းဆွဲတိုက်ခိုက်ပစ်ခတ်တာကြောင့် ကားက လမ်းဘေးထိုးကျ တိမ်းမှောက်သွားတယ်လို့ စစ်ကောင်စီ ထုတ်ပြန်ပါတယ်။ 

အဲဒါကြောင့် ဝင်းနိမ္မိတာရုံဆရာတော် ကျည်ထိမှန် ပျံလွန်တော်မူပြီး ကန်သုံးဆင့်ဆရာတော်က ဒဏ်ရာရတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ကယ်ထုတ်ခဲ့တယ်လို့ ဆိုပါတယ်။ PDF က ပစ်တာဖြစ်တဲ့အကြောင်း ကားမောင်းသူရဲ့ ပြောဆိုချက်နဲ့ တကွဖော်ပြခဲ့တာ တွေ့ရပါတယ်။ 

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီးဌာနက ပစ်ခတ်မှုဖြစ်တဲ့နေရာကို မြေပုံတွေ၊ ဓာတ်ပုံတွေနဲ့ တကွက် ထုတ်ပြန်တဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

စစ်ကောင်စီ လော်ဘီချန်နယ်တွေကလည်း တပြိုင်တည်းဖြန့်

PDF တွေ ပစ်ခတ်လို့ ဝင်းနိမ္မိတာရုံဆရာတော် ပျံလွန်တော်မူတဲ့အကြောင်း စစ်ကောင်စီတပ်ပိုင် မြဝတီ (MWD) သတင်းဌာနက ပစ်ခတ်မှုဖြစ်ပြီး နာရီပိုင်းအကြာမှာ သတင်းစတင်ကြေညာခဲ့ပါတယ်။ အဲဒီနောက် စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ ပြန်ကြားရေးဝန်ကြီးဌာနက MOI ဝက်ဘ်ဆိုက်နဲ့ သတင်းစာနှစ်စောင်ကလည်း ဒီအကြောင်းအရာကို ဖော်ပြခဲ့ကြတာပါ။

ဒီသတင်းတွေကိုဘဲ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များစွာနဲ့ စစ်ကောင်စီထောက်ခံတဲ့ ဘုန်းကြီးတချို့၊ စစ်ကောင်စီကို ထောက်ခံရေးသားပြောဆိုနေကြတဲ့ သတင်းမီဒီယာ အမည်ခံထားသူတွေ၊ အဖွဲ့အစည်းတွေကလည်း ဒီအကြောင်းအရာကို အုံနဲ့ကျင်းနဲ့ ဖြန့်ချိပြီး PDF တွေ လက်ချက်လို့ စွပ်စွဲအပြစ်ဖို့ခဲ့ကြပါတယ်။ 

ဒါ့အပြင် မျိုးချစ်မြန်မာရဟန်းတော်များသမဂ္ဂ (ရန်ကုန်) ၊ မြန်မာ့အမျိုးသားရေးကွန်ရက်ဆိုတဲ့ အဖွဲ့တွေကလည်း ဒီဖြစ်ရပ်ကို စာထုတ်ပြန်ပြီး PDF ကို အပြစ်ဖို့ ကန့်ကွက်ရှုတ်ချတာတွေ လုပ်ဆောင်ခဲ့ကြတာတွေ့ရပါတယ်။  

သာသနာရေးဌာနက ပေါက်ကြားလာတဲ့ စာတစ်စောင်

PDF တွေ ပစ်ခတ်တာဖြစ်တယ်လို့ စစ်ကောင်စီနဲ့ ဝါဒဖြန့်ချန်နယ်တွေက ဖြန့်ချိနေချိန်မှာပဲ သာသနာရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဆီကို မန္တလေးတိုင်း သာသာနာရေးဦးစီးဌာနမှူးက ပေးပို့တဲ့ စာတစ်စောင် လူမှုကွန်ရက်မှာ ပျံ့နှံ့လာပါတယ်။

ကားကို မှန်မချဘဲ မောင်းနှင်နေတဲ့အတွက် လုံခြုံရေးကင်းလှည့်နေသူတွေက ကားကို ပစ်ခတ်ရာ ဝင်းနိမ္မိတာရုံ ဆရာတော် ပျံလွန်တော်မူပြီး ကန်သုံးဆင့် ဆရာတော်နဲ့ ကားမောင်းသူတို့ ဒဏ်ရာရတဲ့အကြောင်း ဆရာတော်ကြီးတွေနဲ့ ဒေသအာဏာပိုင်အဖွဲ့အစည်းတွေဆီကနေ စုံစမ်းသိရတယ်လို့ ကနဦး သတင်းပေးပို့တဲ့ စာဖြစ်ပါတယ်။ 

အဲဒီစာအရဆိုရင် ပစ်ခတ်သူတွေဟာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလို့ သုံးနှုန်းထားတာ တွေ့ရပါတယ်။ 

နောက်ပိုင်းမှာ စစ်ကောင်စီဝါဒဖြန့် တယ်လီဂရမ်ချန်နယ်တွေကတော့ စာအတုလို့ တုံ့ပြန်ကြပါတယ်။ ဒါ့ပေမဲ့ DVB သတင်းတစ်ရပ်မှာတော့ ဒီစာဟာ အမှန်ဖြစ်တဲ့အကြောင်း မန္တလေးတိုင်း သာသာနာရေးဦးစီးမှူး ဖြေကြားအတည်ပြုထားတာကို တွေ့ရပါတယ်။ 

အဲဒီဖြေကြားချက် ဖော်ပြပါရှိတဲ့သတင်းကို ဒီနေရာမှာ ကြည့်နိုင်ပြီး မန္တလေးတိုင်း သာသာနာရေးဦးစီးမှူး ဖြေကြားချက်ကို သတင်းရဲ့ အောက်ဆုံးစာပိုဒ်မှာ တွေ့ရမှာဖြစ်ပါတယ်။

ဒါ့အပြင် ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ သတင်းမီဒီယာတွေက တင်ပြကြရာမှာလည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေ ပစ်တာလို့ တောက်လျှောက်ဖော်ပြခဲ့တာလည်း တွေ့ရပါတယ်။ 

ပစ်ခတ်မှုဖြစ်ရပ်အပေါ် စစ်ကောင်စီက ပစ်တာ၊ PDF က ပစ်တာစတဲ့ အငြင်းပွားမှုတွေ ရှိနေချိန်မှာပဲ ပစ်ခတ်ခဲ့ရတဲ့ ဖြစ်ရပ်ကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ဆရာတော်ရဲ့ ပစ်ခတ်ခံရတဲ့ဖြစ်ရပ်အပေါ် ရှင်းလင်းချက် ထွက်ပေါ်လာပါတယ်။ 

ကန်သုံးဆင့်ဆရာတော် ရှင်းလင်းချက် စစ်ကောင်စီ ထုတ်ပြန်ချက်နဲ့ ကွဲလွဲဆန့်ကျင်

ပစ်ခတ်ခံရတဲ့ ကားမှာအတူ လိုက်ပါခဲ့တဲ့ ကန်သုံးဆင့်ဆရာတော် ကိုယ်တိုင် လူသိရှင်ကြား ရှင်းလင်းရာမှာတော့ စစ်ကောင်စီ စွပ်စွဲချက်တွေနဲ့ ကွဲလွဲဆန့်ကျင်နေပါတယ်။

ရွှေကျင်ဂိုဏ်းအစည်းအဝေးအတွက် အကြိုအစည်းအဝေးရှိတာကြောင့် ပန်းချီကမ္မရွာကနေ မန္တလေးကို ကားတံအခါး အလုံပိတ်ပြီး အရှိန်နဲ့ မောင်းနှင်ခဲ့တယ်လို့ ဆရာတော်က မိန့်ပါတယ်။ အဲဒီလို မောင်းနေချိန် ဖော (Faw) ကားနဲ့ တွေ့တဲ့ အချိန်မှာ ဖောကားပေါ်က သေနတ်နဲ့ ဝိုင်းပစ်တယ်လို့ ကားကို ခုနစ်ချက်၊ ရှစ်ချက်လောက် ကျည်ထိမှန်တယ်လို့ မိန့်ကြားပါတယ်။ 

အဲဒီနောက် ကားကို ရပ်တန့်ပြီး အပြင်ထွက်လိုက်ချိန်မှာ ဝင်းနိမ္မိတာရုံဆရာတော်ဟာ ဦးခေါင်းနောက်စေ့ ကျည်ထိမှန် ဒဏ်ရာကြောင့် တစ်ဘဝ တစ်ခန္ဓာ ချုပ်ငြိမ်းသွားပြီလို့ ဆရာတော်က မိန့်ပါတယ်။ ကားမောင်းသူကလည်း လက်သုံးချောင်း ပြတ်တောက် ဒဏ်ရာရတယ်လို့ ဆိုပါတယ်။ 

“ဘုရားတပည့်တော် (ကား) အပြင်ဘက် ရောက်တဲ့အခါ ခင်ဗျားတို့ ရက်စက်လှချည်လားဗျာ။ ဘုန်းကြီးတွေကို ဒီလောက် ရက်စက်ရသလားလို့ ဖောကားပေါ်မှာပါတဲ့၊ ရှင်းရှင်းပြောရရင် စစ်ဗိုလ် စစ်သားတွေ၊ ရက်စက်လှချည်လားဆိုတော့ အရှင်ဘုရားတို့ကဘုရား၊ ဘုန်းကြီးမှန်း မသိလို့ပါ။ ကားတံခါးလည်း ပိတ်ထားတော့ ရန်သူကားထင်လို့ ပစ်တာပါဘုရား။ သူတို့ကိုယ်တိုင် ဝန်ခံတယ်” လို့ ကန်သုံးဆင့်ဆရာတော် မိန့်ကြားပါတယ်။ 

အဲဒီနောက်မှာ ဆရာတော်တို့ရဲ့ ဖုန်းတွေကို သိမ်းယူခံရပြီး ဘယ်သူ့ဆီမှ ဖုန်းမဆက်ဖို့ ပြောဆိုတယ်လို့လည်း ဆိုပါတယ်။ 

“အရှင်ဘုရားတို့ ကားနားမကပ်ပါနဲ့။ အရှင်ဘုရားတို့ ဖုန်းတွေလည်း ပေးပါတော့။ ဘယ်မှလည်း ဖုန်းမဆက်ပါနဲ့တဲ့” ဟု ပစ်ခတ်ခံရပြီးနောက် အခြေအနေကို ဆက်လက်မိန့်ကြားရှင်းလင်းပါတယ်။

ဒဏ်ရာကို ဆေးကုသဖို့အတွက် ရွာကို ပြန်ခွင့်ပေးဖို့ ခွင့်တောင်းပေမယ့် ခွင့်မပြုဘဲ (ပစ်ခတ်မှုဖြစ်ချိန် ၁၀နာရီခွဲကျော်) ညနေ ၅နာရီလောက်အထိ ပြန်ခွင့်မရတဲ့အတွက် ဆေးလည်း မကုရ၊ ဆွမ်းလည်း မဘုန်းပေးရဘူးလို့ ဆရာတော်က မိန့်ပါတယ်။ 

နောက်မှ ရွှေကျင်ဂိုဏ်းကြီးရဲ့ ဗဟိုအလုပ်မှုဆောင်ဆရာတော်တွေမှန်း သိတဲ့အချိန်ကျမှသာ ပြာပြာသလဲ လုပ်လာတာလို့လည်း မိန့်ပါတယ်။ 

အဲဒီနောက် တံတားဦးဆေးရုံကနေ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိတဲ့ မန္တလေး နန်းတွင်းကို ခေါ်ဆောင်ပြီး စစ်ဆေးခံရ၊ ပြီးမှ ဦးခေါင်းက ဒဏ်ရာကို ဆေးကုပေးလို့ ည ၁၀နာရီခွဲမှာ သီတင်းသုံးမယ့် ကျောင်းတိုက်သို့ ကြွခွင့်ရတယ်လို့ ဆိုပါတယ်။ 

ရဟန်းတစ်ပါး လူမှုကွန်ရက်မှာ မျှဝေထားတဲ့ ကန်သုံးဆင့်ဆရာတော်ရဲ့ ရှင်းလင်းချက်အပြည့်အစုံကို ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။ 

ငြင်းမရတော့တဲ့အဆုံး လေသံပြောင်းလာတဲ့ စစ်ကောင်စီ

ကန်သုံးဆင့် ဆရာတော်ရဲ့ ရှင်းလင်းချက် ထွက်ပေါ်လာပြီးနောက်မှာတော့ စစ်ကောင်စီ လေသံပြောင်းလာပါတယ်။ 

ကနဦး သတင်းထုတ်ပြန်ရာမှာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်ကနေ သတင်းပို့တင်ပြလာတဲ့ အချက်အလက်တွေကို အခြေခံ ထုတ်ပြန်ခဲ့တာဖြစ်ပြီး ဆရာတော်ရဲ့ မိန့်ကြားမှုနဲ့ ကွဲလွဲနေလို့ မြေပြင်ဖြစ်စဉ်အမှန် ပေါ်ပေါက်စေရေး စိစစ်ဖော်ထုတ်မယ်လို့ ဇွန်လ ၂၁ ရက်မှာ စစ်ကောင်စီက ထုတ်ပြန်ပါတယ်။ 

စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

ကနဦးထုတ်ပြန်ချက်ဟာ လုံခြုံရေးတပ်ဖွဲ့အဆင့်ဆင့်ကနေ သတင်းပို့တင်ပြလာတဲ့ အချက်အလက်တွေကို အခြေခံတယ်ဆိုတဲ့ အချက်ဟာလည်း သံသယဖြစ်ဖွယ်ရာ ကောင်းပါတယ်။ 

ကန်သုံးဆင့် ဆရာတော်ရဲ့ ရှင်းလင်းချက်အရဆိုရင် ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ တံတားဦးဆေးရုံမှာ ၃/၄ ကြိမ်၊ တိုင်းမှူးက တွေ့ဆုံမေးမြန်းဖို့ခေါ်တဲ့အတွက် မန္တလေး နန်းတွင်း အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှာ ငါးကြိမ်လောက် စစ်ဆေးခံခဲ့ရတယ်လို့ ဆိုပါတယ်။ စစ်ဆေးချိန်တိုင်းမှာလည်း “ဘုန်းကြီးကတော့ ရှေ့ကပြောပြီးသားစကားကို နောက်စကားနဲ့တူညီအောင် ဘုန်းကြီးထွက်ဆိုပါတယ်” လို့ မိန့်ကြားထားပါတယ်။ ဒီပြောဆိုချက်ကို အထက်မှာ ဖော်ပြခဲ့တဲ့ ဆရာတော်ရဲ့ ရှင်းလင်းချက် ရုပ်သံမှာ ကြည့်နိုင်ပါတယ်။ 

ဒါပေမဲ့ စစ်ကောင်စီက စိစစ်ဖော်ထုတ်မယ်ဆိုတဲ့ သတင်းထုတ်ပြန်ချက်ဟာ ဆရာတော်ရှင်းလင်းချက် ရုပ်သံ လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့လာပြီးနောက်ပိုင်းမှသာ ထွက်လာတာဖြစ်တာကြောင့် ဖုံးမရဖိမရတော့တဲ့ အချိန်မှ လေသံပြောင်းလာတဲ့ သဘောမျိုးလည်း တွေ့ရပါတယ်။ 

ငါန်းဇွန် ပကဖ ကလည်း တိုက်ပွဲဖြစ်တာမရှိဘူးလို့ ပြော

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်မှာ ဆရာတော်တို့ လိုက်ပါလာတဲ့ကား မလာခင် PDF က မိုင်းဆွဲတိုက်ခိုက်လို့ နှစ်ဖက်ပစ်ခတ်မှုတွေ ရှိတယ်၊ အဲဒီလို ပစ်ခတ်မှုတွေ ဖြစ်နေချိန် ဆရာတော်တို့ လိုက်ပါလာတဲ့ ကားက ပစ်ခတ်မှုဖြစ်တဲ့ နေရာထဲကို ဝင်ရောက်လာတာလို့ ဖော်ပြခဲ့တာ တွေ့ရပါတယ်။ 

ဒါပေမဲ့ ငါန်းဇွန်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ DVB Fact-Check က မေးမြန်းထားရာမှာတော့ တိုက်ပွဲဖြစ်တာ မရှိဘူးလို့ ငြင်းဆိုထားတာ တွေ့ရပါတယ်။ ပစ်ခတ်ခံရလို့ ပျံလွန်တော်မူသွားတဲ့ ဆရာတော်ဟာ နာမည်ကြီး ဆရာတော် ဖြစ်နေတာကြောင့် စစ်ကောင်စီက ခေါင်းမခံချင်လို့ PDF တွေအပေါ် လက်ညှိုးထိုးတဲ့သဘော လုပ်တာလို့လည်း ဆိုပါတယ်။ 

ဒီဖြေကြားချက်ပါဝင်တဲ့ “ဝင်းနိမ္မိတာရုံ ဆရာတော်ကြီးကို စစ်တပ်ဖောကားက ပစ်ခတ်တာဖြစ်၊ PDF လက်ချက်လို့ စစ်ကောင်စီ သတင်းမှားဖြန့် ဗြောင်လိမ်” ဆိုတဲ့ DVB Fact-Check ကို ဒီနေရာမှာ ကြည့်နိုင်ပါတယ်။

သုံးသပ်ချက်

ပစ်ခတ်ခံရတဲ့ဖြစ်ရပ်ကနေ အသက်ရှင်လွတ်မြောက်လာတဲ့ ကန်သုံးဆင့် ဆရာတော် ရှင်းလင်းချက် ထွက်လာပြီးနောက်မှာ တော့ ဒီပစ်ခတ်မှုဟာ စစ်ကောင်စီတပ်ဖွဲ့ ဝင်တွေ လုပ်ဆောင်ခဲ့ လုပ်ရပ်ဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားသွားပါတယ်။ ဒါပေမဲ့ စစ်ကောင်စီကတော့ သူတို့ တပ်ဖွဲ့ဝင်တွ ပစ်ခတ်တယ်ဆိုတာမျိုး ဝန်ခံတာမျိုးတော့ မရှိသေးပါဘူး။ 

မဟန (ငြိမ်း) ဆရာတော်တွေဖြစ်တဲ့ ဝင်းနိမ္မိတာရုံဆရာတော်နဲ့ ကန်သုံးဆင့် ဆရာတော်တို့ဟာ လိုက်ပါလာတဲ့ကား ပစ်ခတ်ခံရတဲ့ ဖြစ်စဉ်ကို PDF တွေ လက်ချက်ဆိုပြီး စစ်ကောင်စီက တော်လှန်ရေးအဖွဲ့တွေကို ပုံဖျက်ဖို့ ကြိုးပမ်းတာ၊ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ကျူးလွန်တာကို ဖုံးကွယ်ဖို့ ကြိုးပမ်းခဲ့တာတွေ့ရပါတယ်။ ဒီလို လုပ်ရာမှာ စစ်ကောင်စီ ဝါဒဖြန့် ယန္တရားတွေကလည်း အင်နဲ့အားနဲ့ ပါဝင်ခဲ့တာ တွေ့ရပါတယ်။

ဝင်းနိမ္မိတာရုံဆရာတော် ပစ်ခတ်ခံရမှုဖြစ်ရပ်အပေါ် အခြေပြုပြီး သတင်းတု၊သတင်းမှားနဲ့ လှုံ့ဆော်မှုများစွာ ပေါ်ပေါက်နေပါတယ်။ ဒါကြောင့် အကြောင်းအရာတစ်ခုခု ဆိုရှယ်မီဒီယာပေါ်မှာ ပျံ့နှံ့လာရင် အလွယ်တကူမယုံကြဖို့နဲ့ အလွယ်တကူ ပြန်လည်မျှဝေတာမျိုး မလုပ်ကြဘဲ သေချာစိစစ်ဖို့ လိုအပ်ပါတယ်။ 

ယုံကြည်ရတဲ့ သတင်းဌာနတွေ၊ Fact Check ဌာနတွေက စစ်ဆေးပေးတာတွေကို

စောင့်ကြည့်စုံစမ်းဖတ်ရှုပြီးမှ ယုံကြည်မျှဝေကြဖို့လည်း အကြံပြုလိုပါတယ်။

သတင်းတု၊ သတင်းမှား၊ ဝါဒဖြန့်ချိမှု၊ လိမ်လည်တာတွေနဲ့ ပတ်သက်လို့ Dawei Watch က အချက်အလက် စိစစ်ထား တာကို Fact Check ကဏ္ဍမှာ ဝင်ရောက်ဖတ်ရှုနိုင်သလို သတင်းမှားလို့ သံသယရှိတာတွေ တွေ့လာရင် လည်း Dawei Watch သတင်းဌာနရဲ့ Facebook မက်ဆင်ဂျာကနေ ဆက်သွယ်အကြောင်းကြားပေးဖို့ ဖိတ်ခေါ်ပါတယ်။