ထားဝယ်မြို့အဝင်ရှိ အိမ်ရှေ့ပြင်ရပ်ကွက်တွင် ယနေ့(ဇွန် ၂၁) နေ့လယ်ပိုင်းက ဗုံးသီးနှစ်လုံး တွေ့ရှိသဖြင့် စစ်ကောင်စီ၏ BE တပ်ကလာရောက် ရှင်းလင်းခဲ့ကြောင်း ခရီးသွားပြည်သူများနှင့် မြို့ခံများထံမှသိရသည်။
အသစ်ဆောက်လုပ်လျက်ရှိသည့် မြို့အဝင်ဘန်ကာသစ်အနီး လမ်းဘေးတစ်နေရာတွင် တွေ့ရှိ ရခြင်းဖြစ်ကြောင်းမြို့ခံတို့ကပြောသည်။
“နှစ်လုံးစလုံးကိုဖောက်ခွဲလိုက်တယ်။ တစ်လုံးက ပေါက်ကွဲသံ နည်းနည်းကြမ်းတယ်” ဟု ၎င်းကပြောသည်။
ဗုံးသီးရှင်းလင်းနေသည့် နေ့လယ် ၁၂ နာရီ ခန့်မှ ၁ နာရီအထိ မြို့အဝင်အထွက် အိမ်ရှေ့ပြင်ဂိတ်ကို ပိတ်ထားကြောင်းသိရသည်။
တွေ့ရှိရသည့်ဗုံးသီးအမျိုးအစားမှာ ၄၀ မမ ဗုံးသီးအမျိုးအစားဖြစ်ပြီး အဆိုပါဗုံးသီးအမျိုးအစားကို စစ်ကောင်စီတပ်ရော၊ တော်လှန်ရေးတပ်ဖွဲ့ဝင်များပါ အသုံးပြုလေ့ရှိကြောင်း သိရသည်။
ဗုံးသီးတွေ့သည့်နေရာအနီးရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်သစ်ကို ပြီးခဲ့သည့် ဇွန်လ ၁၂ ရက်နေ့ ညနေ့ပိုင်း က ပြည်သူကာကွယ်ရေး တပ်ဖွဲ့များပူးပေါင်း၍ သွားရောက်တိုက်ခိုက်ခဲ့သေးသည်။
အဆိုပါ အိမ်ရှေ့ပြင်စစ်ဆေးရေးဂိတ်အနီးတွင် စစ်ကျန်စစ်လက်နက်ပစ္စည်းများ မကြာခဏတွေ့ရလေ့ရှိသည်။
ပြီးခဲ့သည့် ဇွန်လ ၄ ရက်နေ့က အိမ်ရှေ့ပြင် စာသင်ကကျောင်းတွင် ကျောင်းသား တစ်ဦးမှ စစ်ကျန်လက်နက်ပစ္စည်းကို ယူဆော့မိရာမှာ ပေါက်ကွဲမှုဖြစ်ပြီး ကျောင်းသားတစ်ဦးသေဆုံးကာ ၂၀ ကျော်ဒဏ်ရာရရှိခဲ့သေးသည်။