BREAKING
September 7, 2024

ပြန်မလာတော့ဘူး ဆိုပေမဲ့

June 21, 2024

ပင်လယ်ပြင်ကို ငေးရင်း ‘ဟင်း’ခနဲ ချလိုက်တဲ့ သက်ပြင်းနဲ့အတူ ဇာတိကိုလွမ်းစိတ်ဟာ သူ့ရင်ဘက်ထဲမှာ ငြိမ်ကျသွားပါတယ်။ ပင်လယ်သားတစ်ယောက် ပင်လယ်ကို အချိန်ကြာကြာ ငေးကြည့်နေတာက ကမ်းခြေကို အပန်းဖြေလာကြတဲ့ အရပ်တစ်ပါးကလူတွေနဲ့ မတူတဲ့ ခံစားမှုနဲ့ပါ။ စိတ်တွေဟာ လွန်ခဲ့တဲ့ ၂၅ နှစ်၊ ပင်လယ်ထဲက သူ့အတိတ်ဆီ။

အခု သူရောက်နေတာက ထိုင်းနိုင်ငံတောင်ပိုင်းက ပင်လယ်ပြင်။ နောက်တစ်မျိုးပြောရရင် တစ်ချိန်က မုန်းတီးစွာ ‘တာ့တာ’ပြခဲ့တဲ့ ပင်လယ်ပြင်။ ဒီနေရာမှာ သူ့ခြေရာတွေကို သူ ပြန်တွေ့နေရတယ်။ တချို့အရာတွေက ခေတ်စနစ်တွေနဲ့အတူ ပြောင်းလဲသွားကြပြီ။ တချို့နေရာတွေကတော့ အတိတ်ပုံရိပ်တွေ ထင်ကျန်နေဆဲ။ အဲဒါတွေကိုမြင်တိုင်း ‘အဲဒီတုန်းကပေါ့’ ဆိုတဲ့ ခံစားမှုဟာ သူ့စိတ်ထဲကို ဝင်လာစမြဲ။

“ခါးသီးမှုတွေ၊ အနိုင်ကျင့်မှုတွေ အများကြီးကြုံခဲ့ရတယ်” လို့ ပြောရင်း ဘီယာဘူးကို နှုတ်ခမ်းမှာ တေ့လိုက်ပါတယ်။

စစ်အာဏာသိမ်းမှုက သူ့ဆုံးဖြတ်ချက်ကို အသက်မဲ့သွားစေသလို သူ့ကံကြမ္မာလည်း အလှည့်အပြောင်းဖြစ်ခဲ့ရပါတယ်။

လွန်ခဲ့တဲ့ နှစ်အစိတ်လောက်က ဒီပင်လယ်ထဲက ပင်လယ်ငါးဖမ်းလှေတစ်စီးမှာ သူ့ဘဝကို လွင့်မျောခဲ့ရတာပါ။ သူ့နာမည်က ကိုထွန်း။ ထားဝယ်ဇာတိ။ ဒေါင်ကောင်းကောင်း၊ အသားဖြူဖြူ၊ အမြဲလိုလို ပြုံးရွှင်ရယ်မောနေတတ်ပြီး အပေါင်းအသင်းမိတ်ဆွေ ပေါများတယ်။ စူးစမ်းလေ့လာရတာကို ဝါသနာထုံတယ်။ စွန့်စားရတာကို ကြိုက်တယ်။

သူ့အသက် ၁၄-၅ နှစ်။ လူပျိုပေါက်အရွယ်။ ချစ်သူနဲ့ ခွဲပစ်ကြခဲ့ကြတဲ့ မိဘတွေကို စိတ်ဆိုးပြီး သူ ထိုင်းနိုင်ငံကို ထွက်လာခဲ့ပါတယ်။ အဲဒီခေတ်ကာလက ထုံးစံအတိုင်း တရားမဝင်လမ်းကြောင်း အောက်လမ်းကနေပါပဲ။

ထားဝယ်သားမိတ်ဆွေတစ်ယောက်ရဲ့ အချိတ်အဆက်နဲ့ပဲ ထိုင်းနိုင်ငံ အနောက်ပင်လယ်ပြင်ထဲက ငါးဖမ်းလှေတစ်စီးမှာ လှေသားအဖြစ် အလုပ်ရခဲ့ပါတယ်။

ကမ္ဘာ့မြေပုံကို ကြည့်လိုက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ အမြီးဖျားနဲ့ဆက်နေတဲ့ ရှည်သွယ်သွယ် ကုန်းမြေဟာ ထိုင်းနိုင်ငံရဲ့ နယ်မြေတွေဖြစ်ပါတယ်။ ပင်လယ်ပြင်ကို အရှေ့ဘက်၊ အနောက်ဘက် နှစ်ပိုင်း ပိုင်းထားသလိုပါပဲ။ အနောက်ဘက်ပင်လယ်မှာ တစ်နှစ်လောက်လုပ်ပြီးတဲ့အခါ အရှေ့ဘက်ပင်လယ်ပြင်ကို သူတို့ ရွှေ့ခဲ့ကြရပါတယ်။ အခု သူငေးကြည့်နေတဲ့ ပင်လယ်ပြင်ပါပဲ။

ကုန်းပေါ်ကနေ ကားနဲ့သွားရင် လေးနာရီပဲ ကြာမယ့်ခရီးဆိုပေမဲ့ ငါးဖမ်းလှေကိုပါ ရွှေ့ကြရတာမို့ မလက္ကာရေလက်ကြားဆီကနေ တစ်ကွေ့တစ်ပတ်သွားကြရတာကြောင့် ၁၀ ရက်ကြာခဲ့တယ်။

အရှေ့ပင်လယ်ကိုရောက်တော့ အတတ်ကောင်းတွေ တတ်မြောက်ခဲ့ရသလို ကြောက်လန့်မှုတွေ၊ စိတ်နာမှုတွေကိုလည်း သူ ကြုံခဲ့ရတယ်။ တစ်လှေတည်းအတူ အလုပ်လုပ်ရင်း ရင်းနှီးလာတဲ့ ထိုင်းတစ်ယောက်ရဲ့ လက်ဝေခံ မူးယစ်ဆေးအရောင်းသမား ဖြစ်လာတော့တာပါပဲ။

“ကျားလေးတဲ့။ သူ့နာမည်ကို အခုအချိန်အထိ မမေ့သေးဘူး”လို့ ကိုထွန်းက ပြောပါတယ်။

ဆေးခြောက်၊ ဘိန်း၊ ရာဘဆေးပြား အစုံ သူရောင်းတယ်။ ရောင်းတယ်ဆိုပေမဲ့ ကျားလေး ဝယ်လာပေးတဲ့ ဆေးတွေကို သူက လက်လီစိတ်ပြန်ရောင်းတာ။ သူက မြန်မာဖြစ်တာကြောင့် သူ့ဖောက်သည်တွေဟာလည်း မြန်မာတွေ အများစု။ တစ်ဆင့်ခံရောင်းရတာမို့ အမြတ်အစွန်းအများကြီးတော့ မရ။ ဒါပေမဲ့ တွက်ခြေကိုက်တယ်။ တစ်လကို ဘတ်နှစ်ထောင်လောက်ဆိုလည်း မနည်းဘူးမဟုတ်လား။ လှေလိုက်ရင်းနဲ့ အပိုဝင်ငွေရတာပေါ့။ လှေလိုက်တာက တစ်လကို ဘတ် ၄၅၀၀ ကနေ ရှစ်ထောင်၊ တစ်သောင်း။ ဖမ်းမိတဲ့ ငါးပမာဏအပေါ်မူတည်ပြီး လစာဝင်ငွေက အတက်အကျတွေ ရှိတယ်။

တစ်ရက်တော့ လှေကို ကမ်းကပ်ပြီး ငါးဖမ်းပိုက်တွေကို သူတို့ ဖာနေခဲ့ကြတယ်။ အဲဒီအချိန်မှာပဲ ရဲကားတွေရောက်လာပြီး သူတို့လှေကို ဝိုင်းလိုက်ပါတော့တယ်။ သူ့ကို ဂုတ်ကနေ ဆွဲချုပ်ပြီး ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို ချွတ်ချလိုက်ကြပါတယ်။ ရဲတွေဟာ သူ့တစ်ကိုယ်လုံးအနှံ့ ရှာဖွေကြပါတယ်။ ဘာမှတော့ မတွေ့ဘူး။ ဒါပေမဲ့ လှေသားတွေနေတဲ့ အခန်းထဲက ကျားလေးရဲ့ အဝတ်အိတ်ထဲမှာ ထိုင်းပိုက်ဆံ ၂၀၀ ကို ရဲတွေက တွေ့သွားကြတယ်။ ၁၀၀ တန်နှစ်ရွက်ပဲ။

အဲဒီပိုက်ဆံတွေဟာ စောစောတုန်းကမှ လူတစ်ယောက်က သူ့ဆီကနေ ဆေးလာဝယ်သွားခဲ့တာ။ အဲဒီလူဟာ အရင်ကလည်း သူ့ဆီကနေ လာဝယ်နေကျမို့ လူချင်းသိနေခဲ့တယ်။ မြန်မာပဲ။ ဒါပေမဲ့ သတင်းပေး ဖြစ်နေခဲ့တာကိုတော့ အဲဒီတော့မှ သူ သိလိုက်ရတာ။ ထိုင်းရဲတွေဟာ အဲဒီပိုက်ဆံပေါ်မှာ အမှတ်အသားလုပ်ထားပြီး မူးယစ်ဆေးဝယ်ဟန်ဆောင်ဖို့ အဲဒီလူကို စေလွှတ်လိုက်ကြတာ။ ထောင်ဖမ်းလိုက်ကြတာပေါ့။

ကျားလေးဟာ မူးယစ်ဆေးအရောင်းအဝယ်နဲ့ပတ်သက်ပြီး သူတစ်ယောက်တည်းပဲ ဒိုင်ခံသွားတာမို့ ကိုထွန်းကတော့ အမှုကနေ လွတ်ခဲ့တယ်။ ဘယ်လိုဘယ်လို လုပ်ခဲ့တယ်တော့ မသိရဘူး။ နှစ်ရက်လောက်နေတော့ ကျားလေးလည်း ပြန်လွတ်လာခဲ့တယ်။ ကျားလေးဟာ သူ့ဆီကို ရောက်လာခဲ့ပါတယ်။ ဆေးလာဝယ်တဲ့ သတင်းပေးဆိုတဲ့ကောင် ဘယ်သူလဲဆိုတာကို မေးတဲ့အခါ သူပြောပြလိုက်ပါတယ်။ ကျားလေးဟာ အဲဒီသတင်းပေးကို သတ်ဖို့ လိုက်ရှာပေမဲ့ ရှာလို့ မတွေ့ခဲ့ဘူး။

တစ်ခါမှာ သူတို့ လှေပေါ်မှာ ဖဲရိုက်ကြရင်း ခိုက်ရန်ဖြစ်ကြပါတယ်။ ပြီးတော့မှ သူ သတိရလိုက်တာက သူနဲ့ ရန်ဖြစ်တဲ့သူဟာ နောက်ခံအုပ်စုတောင့်တယ်ဆိုတာပဲ။ အဲဒီညမှာပဲ ကိုထွန်းဟာ သူ့ကိုယ်သူ စိတ်မချဖြစ်လာခဲ့တယ်။

မူးယစ်ဆေးနဲ့ပတ်သက်ပြီး အချိန်မရွေး ပြန်လည်ဖမ်းဆီးခံရနိုင်သလို သူနဲ့ ရန်ဖြစ်တဲ့သူဘက်က အညှိုးထားမှာကိုလည်း ကြောက်နေမိတယ်။ တစ်ဖက်မှာလည်း လှေလုပ်သားအလုပ်ကို သူစိတ်ကုန်ခန်းနေခဲ့တာ။ လှေပေါ်က လူတွေက ကြမ်းတယ်၊ ရမ်းတယ်။ အနေအထိုင်၊ အပြောအဆိုမှားလို့ ရိုက်နှက်ခံရတာ၊ ပစ္စည်းပျောက်လို့ အသက်အန္တရယ်ခြိမ်းခြောက်ခံရတာကို သူ ထပ်မကြုံချင်တော့ဘူး။ လှေသားတွေရဲ့ အသက်တစ်ချောင်းဟာ သိပ်ပြီး ဈေးပေါတာ။

“ဆေးလိပ်တစ်ဘူးအတွက်နဲ့ လူတွေကို သေနတ်နဲ့ ချိန်ချင် ချိန်တတ်ကြတယ်” လို့ သူက ပြောပါတယ်။ လှေလုပ်သားတွေ၊ လှေခေါင်းတွေဟာ သေနတ်ကို မှောင်ခိုကိုင်ကြတယ်လို့ ဆိုပါတယ်။

ညတွင်းချင်းပဲ သူ လမ်းပြတစ်ယောက်ငှား၊ တောတွေကိုဖြတ်ပြီး မြန်မာဘက် ကော့သောင်းကို ပြန်ဖို့ ထွက်ပြေးလာခဲ့ပါတယ်။ နယ်ခြားမြို့ ရနောင်းမှာ လူတစ်စုက တားပါတယ်။ သူ့မှာပါလာတဲ့ ငွေတွေကို အနုကြမ်းစီးကြပါတော့တယ်။

ရှေ့ခရီးဆက်ဖို့ သူ ခက်ရပြီ။ ရနောင်းမှာရှိတဲ့ ထားဝယ်သား အသိမိတ်ဆွေကို သူ စုံစမ်းတယ်။ ရှာတယ်။ တစ်ယောက်နဲ့ တွေ့လို့ သူ ပိုက်ဆံနည်းနည်း ချေးနိုင်ခဲ့တယ်။ အကြွေးကိုတော့ အိမ်ပြန်ရောက်မှ မိဘတွေပိုက်ဆံနဲ့ ပြန်ဆပ်။

သူ့ချစ်သူနဲ့ အိမ်ထောင်ပြုတယ်။ ကလေးသုံးယောက် ရတယ်။ ရေခဲချောင်းလုပ်တဲ့ အလုပ်ကလေး ထူထောင်တယ်။ အကြွေးယူလုပ်တာမို့ အတိုးပိ၊ မီတာခက တစ်ယူနစ် ၁၀၀၀ ပေးနေရလို့ လုပ်ငန်းက လစဉ်အရှုံးပေါ်တယ်။ ဆိုင်ကယ်ကို ရောင်းပြီး မလေးရှားကို ထွက်သွားခဲ့ပြန်တယ်။ ပင်လယ်ငါးမွေးလုပ်ငန်းတစ်ခုမှာ ငါးစာကျွေးတဲ့ အလုပ်ရတယ်။ နောက် ဆိုင်တစ်ခုမှာ စာဖိုမှူးလုပ်တယ်။ ပြီးတော့ ပလတ်စတစ်စက်ရုံမှာ ဝင်လုပ်ပြန်တယ်။ ဘယ်အလုပ်ကမှ သူ့ကို စိတ်တိုင်းမကျစေဘူး။ မနက် လေးနာရီလောက်ထရတယ်၊ ည ၁၀ နာရီအထိ အလုပ်လုပ်ရတယ်။ အဖမ်းအဆီးခံရမှာစိုးလို့ ရဲမြင်တိုင်းလည်း ကြောက်ရတယ်။

တစ်နှစ်လောက် ကြာတော့ သူ အိမ်ပြန်လာခဲ့တော့တယ်။ ဆိုင်ကယ်ကယ်ရီဆွဲတယ်။ ဆိုင်ကယ်ပွဲစားလည်း လုပ်တယ်။ လူပေါင်းစုံနဲ့ သူ ဆက်ဆံလာရတယ်။ သုံးဘီးတွေ ခေတ်စားလာတဲ့အခါ သုံးဘီးထောင်တယ်။ အကြီးဆုံးသားလည်း အရွယ်ရောက်လာပြီမို့ အဖေတစ်စီး၊ သားတစ်စီး။

ဒီကာလတွေထဲမှာ နိုင်ငံကလည်း လင်းပွင့်စအရုဏ်ဦးအချိန်မို့ လုပ်လို့ ကိုင်လို့ ကောင်းတယ်။ မိတ်ဆွေပေါများသလို ပေါင်းတတ်သင်းတတ်သူလည်း ဖြစ်တာကြောင့် အတိုင်းအတာတစ်ခုအထိ အဆင်ပြေခဲ့တယ်။ ဇနီးဖြစ်သူကလည်း အစိုးရဌာနတစ်ခုမှာ ဝန်ထမ်း။ သူတို့မိသားစုဟာ အေးအေးဆေးအေးပဲ။

ကိုထွန်းအနေနဲ့ သူကိုယ်တိုင်က ၁၀ တန်းအထိ မရောက်ခဲ့ဘူး။ သားသမီးတွေကို ပညာရေးခရီးလမ်းဆုံးအထိ လျှောက်စေချင်တယ်။ ဒါပေမဲ့ အကြီးဆုံးသားဟာ ၁၀ စာမေးပွဲမဖြေဘဲ ကျောင်းထွက်ခဲ့တယ်။ အလတ်တစ်ယောက်ကတော့ တက္ကသိုလ်ပထမနှစ်ကို ရောက်လာခဲ့ပြီ။ အငယ်ဆုံးကလေးက ငါးတန်း။

ဒါပေမဲ့ အဲဒီအချိန်မှာပဲ ကိုဗစ်တွေဖြစ်လို့ ကျောင်းတွေပိတ်လိုက်တယ်။ ပြီးတော့ စစ်တပ်က အာဏာသိမ်းလိုက်တတယ်။ ကလေးနှစ်ယောက်ရဲ့ ပညာရေးလမ်းဟာ အဲဒီမှာတင် ခါးကျိုးသွားတော့တာ။ သူ့ဇနီးကလည်း ဝန်ထမ်းအဖြစ်ကနေ ထွက်လိုက်တယ်။ မိသားစုအနေနဲ့ ပြည်တွင်းမှာ ဆက်ရပ်တည်ဖို့က ပိုခက်လာတယ်။ သားအလတ်ကို အလုပ်လုပ်ဖို့ ထိုင်းနိုင်ငံကို စေလွှတ်လိုက်ရတယ်။ အောက်လမ်းကနေပဲ။

အာဏာသိမ်းထားတာ ပိုကြာလာတာနဲ့အမျှ တခြားမိသားစုတွေနည်းတူပါပဲ၊ သူတို့လည်း ပိုပြီးကျပ်တည်းလာခဲ့တာပါ။ တစ်ချိန်တည်းမှာပဲ စစ်တပ်ဟာ အဖမ်းအဆီးတွေ သောင်းကျန်းလာခဲ့တယ်။ စစ်အာဏာရှင်ဆန့်ကျင်ရေးမှာ တစ်ထောင့်တစ်နေရာကနေ ပါဝင်နေသူဖြစ်တာကြောင့် သူ့ရဲ့လုံခြုံရေးကိုလည်း စိုးရိမ်လာရတယ်။ ဒီလိုနဲ့ ဇနီးနဲ့ ကျန်တဲ့ ကလေးနှစ်ယောက်ကို ထားခဲ့ပြီး သူကိုယ်တိုင်လည်း ထိုင်းကို ထွက်လာခဲ့တော့တယ်။ သူ့မှာက နိုင်ငံကူးလက်မှတ်ရှိလို့ အပေါ်လမ်းကနေပဲ ထွက်လာနိုင်ခဲ့တယ်။

ထိုင်းနိုင်ငံမှာ အလုပ်အကိုင်အခြေတကျဖြစ်ပြီဆိုတဲ့အခါ အိမ်မှာကျန်ခဲ့တဲ့ ဇနီးနဲ့ ကလေးတွေကို လှမ်းခေါ်တယ်။

သူတို့မိသားစု ထိုင်းနိုင်ငံကို ပြောင်းရွှေ့လာရတဲ့ ခရီးကတော့ မလွယ်ဘူး။ လူပို့ပေးတဲ့ ပွဲစားတွေနဲ့ ချိတ်ဆက်ရတယ်။ တစ်ယောက်ကို ကျပ်သိန်း ဆယ်ချီကုန်ကျသလို လမ်းခရီးမှာ ပင်ပန်းဆင်းရဲခံရတယ်။ အစဦးမှာ တနင်္သာရီနဲ့ ထိုင်းနိုင်ငံနယ်စပ်က မြို့ကလေးတစ်ခုမှာ အိမ်တစ်လုံးငှားပြီး သူ့မိသားစုကို ထားတယ်။ သူကတော့ အလုပ်ရှိရာ ချင်းမိုင်မြို့မှာ နေတယ်။ ချင်းမိုင်မှာ အထောက်အထားမဲ့နေထိုင်ဖို့ စိတ်မချသေးတာရော၊ ခေါ်ဖို့ရာ လမ်းစရိတ်အတွက် ငွေကြေးမတတ်နိုင်သေးတာကြောင့်ရောပဲ။ ဒါပေမဲ့ အငယ်ဆုံးကလေးရဲ့ ပညာရေးကလည်း ရှိနေပြန်ပါတယ်။ ကလေးကို ကျောင်းပြန်ထားချင်တယ်။

လုံလောက်တဲ့ ပိုက်ဆံရပြီဆိုမှ မိသားစုကို ချင်းမိုင်ကို ခေါ်ခဲ့တယ်။ ဒီလိုခေါ်ဖို့လည်း ပွဲစားတွေနဲ့ ချိတ်ဆက်ရတာပါပဲ။ ချင်းမိုင်မှာ မိသားစုနေဖို့ အိမ်ရှာရခက်တယ်။ မိသားစုဝင်တွေမှာက ဘာအထောက်အထားမှ ရှိမနေဘူးမဟုတ်လား။

အိမ်ရှာရတာ ခက်တဲ့အကြောင်း သူက အခုလို ပြောပါတယ်။ “မင်းမှာ ဘာမှမရှိရင် ငါတို့ မငှားဘူးဆိုပြီး ပြောကြတာ”

တစ်လလောက်ရှာပြီးတော့မှပဲ သူ့ကိုငှားမယ့်အိမ်တစ်လုံးကို သူရှာတွေ့နိုင်ခဲ့တယ်။ ပြီးတဲ့အခါ ကလေးအတွက် ကျောင်းရှာတယ်။ နိုင်ငံတကာကျောင်းတွေကိုထားဖို့တော့ သူမတတ်နိုင်။ ထိုင်းကျောင်းတွေမှာထားဖို့ဆိုပြန်လည်း ကလေးက ထိုင်းစကားမတတ်၊ ထားရင်လည်း အစကနေ ပြန်ထားရမယ်။ ဒီတော့ အဆင်မပြေ။ အွန်လိုင်းကျောင်းတစ်ခုမှာ အပ်လိုက်တယ်။ ဒါပေမဲ့ အွန်လိုင်းကျောင်းကို သူ သဘောမကျဘူး။ ကျောင်းအပ်နောက်ကျတာမို့ ကလေးအနေနဲ့ စာတွေကို လိုက်မမီခဲ့ဘူး။ ဒါကို ကျောင်းဘက်က ဂရုမစိုက်ခဲ့ကြဘူး။ ဒါ့အပြင် မြေပြင်ကကျောင်းတွေမှာတက်သလို အဖော်တွေနဲ့ ဆော့ကစားရတာမျိုးမရှိဘဲ ကွန်ပျူတာရှေ့မှာပဲ အချိန်ကုန်နေရတာကလည်း ကလေးအတွက် ငြီးငွေ့စရာပါပဲ။

“တငိုငို၊ တရီရီဖြစ်လာတယ်ဗျာ၊ ကလေးက” လို့ သူက ပြောပါတယ်။

နောက်ထပ်ပြဿနာတစ်ခုက သူ့မိသားစုမှာ သူတစ်ယောက်ပဲ ဝင်ငွေရှိတာပဲ။ ဒီဝင်ငွေနဲ့ ရေရှည်ရပ်တည်ဖို့ ခက်မယ်။ အိမ်ငှားခ၊ စားသောက်စရိတ်၊ ကလေးကျောင်းစရိတ်၊ ပြီးတော့ သူ့အတွက် တစ်နှစ်စာ ဗီဇာကြေး။

တရားမဝင်နေထိုင်နေရတာရော၊ အလုပ်မရှိဘဲ အိမ်ထဲမှာပဲ အမြဲလိုအောင်းနေရတာကြောင့်ရော ဇနီးဖြစ်သူဟာလည်း စိတ်ကျ၊ စိတ်လေတာမျိုးတွေ ဖြစ်လာတယ်လို့ ဆိုပါတယ်။ ဒီပြဿနာတွေက မြန်မြန်ဖြေရှင်းဖို့ လိုတဲ့ကိစ္စတွေ။ အဖြေကို ထိုင်းနိုင်ငံတောင်ပိုင်းဆီမှာ သူ တွေ့တယ်။

အဲဒီဘက်က မြို့တွေမှာ အစဉ်အဆက်ကိုက တနင်္သာရီတိုင်းဘက်လာရောက်အခြေချနေထိုင်သူတွေ များပြားပါတယ်။ ကိုယ့်ဒေသကလူတွေရှိတဲ့ ပတ်ဝန်းကျင်မှာ နေထိုင်ရတာဟာ စိတ်ခံစားမှုကို ပိုပြီး လုံခြုံစေပါတယ်။ စက်ရုံတွေ၊ ဟိုတယ်တွေ၊ ရေလုပ်ငန်းတွေ ရှိတာမို့ ဇနီးဖြစ်သူအတွက် အလုပ်အကိုင်လည်း ပေါလိမ့်မယ်။ ပြီးတော့ မြန်မာကျောင်းတွေ။ ထိုင်းတောင်ပိုင်းမှာ မြန်မာတွေဖွင့်လှစ်ပြီး မြန်မာသင်ရိုးအတိုင်းသင်တဲ့ကျောင်းတွေ ပေါတယ်။ ဒါက ကလေးအတွက် အဆင်ပြေတယ်။

သူကလွဲပြီး အကုန်လုံးက အထောက်အထားမရှိသူတွေမို့ မှောင်ခိုလမ်းကြောင်းကိုပဲ သူရွေးချယ်ခဲ့ရတယ်။ ထိုင်းမြောက်ပိုင်းကနေ တောင်ပိုင်းကို ရွှေ့ပြောင်းတဲ့လမ်းဟာ မြန်မာပြည်ကနေ ခိုးဝင်လာတာထက်ကို ပိုကျပ်တည်းပါတယ်။ ပုံမှန်အားဖြင့် ထိုင်းနိုင်ငံအတွင်း ရွှေ့ပြောင်းအချေချတဲ့ မြန်မာတွေအတွက် မှောင်ခိုသယ်ပေးကြသူတွေက မြန်မာပွဲစားတွေ ဖြစ်လေ့ရှိပေမဲ့ အခုခရီးက ထိုင်းနိုင်ငံတစ်ကြောလုံးကို ဖြတ်သန်းရမှာမို့ သူတို့အနေနဲ့ လက်မခံရဲကြတာပါ။ လမ်းကြောင်းကို သူတို့ မပိုင်ဘူးပေါ့။ ဒီတော့ ထိုင်းနိုင်ငံသားပွဲစားတွေနဲ့ပဲ အလုပ်လုပ်ရပါတယ်။ ဒီအတွက်လည်း အကုန်အကျလည်း ပိုများပါတယ်။

“အဓိကကတော့ ကလေးပညာရေးကို ရင်းချင်တာ” လို့ သူက ပြောလေရဲ့။

ဒီလိုနဲ့ပဲ ထိုင်းနိုင်ငံ ပင်လယ်ဆိပ်ကမ်းမြို့တစ်မြို့ဖြစ်တဲ့ စူရတ်ဌာနီဆိုတဲ့ မြို့ကို သူ ရောက်လာခဲ့ပါတယ်။ ဒါဟာ သူတစ်ချိန်က စိတ်နာခဲ့ရာ ရပ်ဝန်းပါပဲ။ အရှေ့ဘက်ပင်လယ်ပြင်ရှိရာ မြို့ပါပဲ။

စစ်အာဏာသိမ်းမှုဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်တွေကို မြောင်းထဲပို့ပစ်လိုက်တာပါ။ ကိုထွန်းရဲ့ စိတ်ကူးတွေလည်း တစ်စစီ ကျိုးပျက်ခဲ့ရပါတယ်။

ပင်လယ်ပြင်ကို ငေးကြည့်နေတဲ့ ကိုထွန်းရဲ့ မျက်နှာမှာ ခါးသီးမှုတွေအပြင် လွန်ခဲ့တဲ့ နှစ်များစွာက လှေသမားကလေးကိုလည်း ပြန်အမှတ်ရမိနေပါတယ်။ တစ်ချိန်တည်းမှာပဲ စစ်အာဏာသိမ်းမှုကို သူ နာကြည်းမိနေပါတယ်။ သူဟာ ဘီယာဘူးကို နောက်တစ်ကြိမ် မော့လိုက်ပြန်ပါတယ်။ ပြီးတော့မှ ဆွေးဆွေးမြည့်မြည့် စကားဆိုပါတယ်။

“ဒီတစ်သက် ပြန်မလာတော့ဘူးလို့ ဆုံးဖြတ်ခဲ့တာ”

ငြိမ့်လွင့်