BREAKING
October 19, 2024

မဲဆောက်တွင် သုံးဘီးဆိုင်ကယ်ဖြင့် ပစ္စည်းပို့နေသည်ဟုဆိုကာ မြန်မာငါးဦး ဖမ်းဆီးခံရ

June 21, 2024

ပုံစာ - သုံးဘီးဆိုင်ကယ်၊ ဘေးတွဲတို့ဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်နေသူများကို ထိုင်း လဝက ရဲများက စစ်ဆေးနေစဉ်။ ဓာတ်ပုံ - တာ့ခ်ခရိုင် လဝက

ထိုင်း-မြန်မာနယ်စပ် တာခ့်ခရိုင် မဲဆောက်မြို့တွင် သုံးဘီးဆိုင်ကယ်၊ ဘေးတွဲတို့ဖြင့် ပစ္စည်းများသယ်ယူပို့ဆောင်နေသည် ဟုဆိုကာ မြန်မာနိုင်ငံသား ငါဦး ဇွန်လ ၁၉ ရက်က ဖမ်းဆီးခံရသည်။

နိုင်ငံခြားသား အလုပ်သမားများက ၎င်းတို့အား တားမြစ်ထားသော အလုပ်များကို လုပ်ကိုင်နေပြီး သုံးဘီးယာဉ်များကိုလည်း တရားမဝင် မောင်းနှင်နေကြောင်း တိုင်ကြားချက်ရရှိသဖြင့် ရှောင်တခင်စစ်ဆေးပြီး ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း တာခ့်ခရိုင် လဝက ရုံးက ထုတ်ပြန်သည်။

ထိုင်းနိုင်ငံတွင် ရွှေ့ပြောင်းအလုပ်သမားများက သုံးဘီးဆိုင်ကယ်များမောင်း၍ ပစ္စည်းများကို သယ်ယူပို့ဆောင်ခြင်း၊ ကားဖြင့် ခရီးသည် ပို့ဆောင်ရေးလုပ်ငန်းများတွင် လုပ်ပိုင်ခွင့်မရှိကြောင်း တင်းတင်းကျပ်ကျပ် တားမြစ်ထားသည်။

အကယ်၍ ဝင်ရောက်လုပ်ကိုင်နေသည်ကို တွေ့ရှိပါက တရားမဝင် ဝင်ရောက်လုပ်ကိုင်မှုများဖြင့် အရေးယူခံရနိုင်ကြောင်း Labour Rights Foundation အဖွဲ့က ကိုဇော်က ဆိုသည်။

“သူဌေးက သုံးဘီးနဲ့ ပစ္စည်းပို့ခိုင်းတာမျိုးဆို လုပ်လို့ရတယ်။ ကိုယ်တိုင်သုံးဘီးမောင်းအလုပ်လုပ်ပြီး ပစ္စည်းတွေ ပို့ပေးလို့ မရဘူး။ ကားဆိုရင်လည်း ကိုယ်ပိုင်ကား မောင်းလို့ရတယ်။ ဒါပေမဲ့ ကားနဲ့ လူတွေပို့တာ ပစ္စည်းတွေပို့တာမျိုး စီးပွားရေး လုပ်လို့မရဘူး” ဟု ၎င်းက ပြောသည်။

ဖမ်းဆီးခံရသူများကို ဥပဒေအရ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း တာ့ခ်ခရိုင်လဝက၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထိုင်းနိုင်ငံအတွင်း တရားမဝင် နိုင်ငံခြားသားအလုပ်သမားများကို ဖမ်းဆီးနိုင်ရေး စီမံချက်ဖြင့် ယခုရက်ပိုင်းအတွင်း လုပ်ဆောင်နေပြီး စက်ရုံအလုပ်ရုံများ၊ ဆောက်လုပ်ရေးလုပ်ငန်းများအပြင် နေထိုင်ရာ တိုက်ခန်းများ၊ တန်းလျားများအထိပါ ဝင်ရောက်စစ်ဆေးပြီး ဖမ်းဆီးခံရမှုများ မြင့်တက်နေသည်။