BREAKING
September 19, 2024

မြောက်အမေရိကရဲ့ ပထမဆုံးအမျိုးသမီးသမ္မတ

June 21, 2024

ဖိုဝါဒကြီးစိုးလွှမ်းမိုးတဲ့ မက္ကဆီကိုနိုင်ငံမှာ ၂၀၂၄ ရွေးကောက်ပွဲရလဒ်အပေါ် အသက် ၉၀ ဝန်းကျင် အဘွားအိုတစ်ယောက် အတွက် တသက်မှာ တစ်ခါသာ တွေ့လိုက်ရမဲ့ အပြောင်းအလဲမျိုးပါ။ မက္ကဆီကိုနိုင်ငံမှာ ၁၉၅၃ ခုနှစ်မတိုင်ခင်အထိ အမျိုးသမီးတွေဟာ မဲပေးခွင့်မရခဲ့ကြပါဘူး။ အခုတော့ မက္ကဆီကိုမှာ ပထမဆုံး အမျိုးသမီး သမ္မတ ရှိလာပါပြီ။

“အရင်ကဆို အဘွားတို့ မဲတောင်ပေးလို့မရဘူး။ မဲပေးလို့ရတဲ့အချိန်ရောက်လာတော့လည်း အဘွားတို့အမျိုးသမီးတွေခမျာ ကိုယ့်လင်သားက မဲထည့်ခိုင်းတဲ့ လူကိုပဲ မဲထည့်ရတယ်။ အခုလို ပြောင်းလဲသွားတာ ဘုရားသခင်ကို ကျေးဇူးတင်တယ်။ ဒီပြောင်းလဲမှုကို အဘွားမှီလိုက်ရတဲ့အတွက် ဘုရားသခင်ကို ကျေးဇူးတယ်ကွယ်”လို့ အဘွားအိုက ဆိုပါတယ်။

ကမ္ဘာပေါ်မှာ လူသတ်မှုအဖြစ်များဆုံးတိုင်းပြည်တွေထဲက တစ်ခု။ လူပေါင်းတစ်သိန်းကျော် အစအနရှာမရ ပျောက်ဆုံးနေတဲ့ နိုင်ငံ။

မြောက်အမေရိကတိုက်တောင်ပိုင်းမှာရှိတဲ့ ဒီနိုင်ငံဟာ ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းဖက်လိုစိတ် အနံဆိုးတွေက တထောင်းထောင်းထ ပုပ်ပွနေတယ်။ နေ့တိုင်း အမျိုးသမီး ၁၁ ယောက်နှုန်း အကြမ်းဖက်သတ်ဖြတ်ခံနေရတယ်။ တစ်နာရီမှာ အနည်းဆုံးအမျိုးသမီးတစ်ယောက်နှုန်း အစဖျောက်ခံနေရတယ်။

အမျိုးသမီးတစ်ယောက်အဖြစ် ရှင်သန်ရတာ အင်မတန်ခက်ခဲကြမ်းတမ်းလွန်းတဲ့ နိုင်ငံ။ ဒီနိုင်ငံမှာ အမျိုးသမီးတစ်ယောက် ဖြစ်လာရတာ အန္တရာယ်များတယ်လို့တောင် ပြောကြတဲ့ နိုင်ငံ။ ဒီလို ဝိသေသတွေနဲ့ ရစ်ပတ်ထားတဲ့ မက္ကဆီကိုလို နေရာမျိုးမှာ နိုင်ငံ့သမိုင်းရဲ့ ပထမဆုံး အမျိုးသမီးသမ္မတတစ်ယောက်ကတော့ ပေါ်ထွက်လို့ လာခဲ့ပါပြီ။

သူမဟာ မြောက်အမေရိကတတိုက်လုံးမှာ ပထမဆုံးပေါ်ထွက်လာခဲ့တဲ့ အမျိုးသမီးသမ္မတတစ်ယောက်အဖြစ် ဂုဏ်ယူစရာမော်ကွန်းတစ်ခု ပိုင်ဆိုင်သွားခဲ့ပါတယ်။

သူမရဲ့ နာမည်ကတော့ ကလောင်ဒီယာရှိန်းဘောင်(Claudia Sheinbaum)။

၂၀၂၄ မက္ကဆီကို ရွေးကောက်ပွဲဟာ ဇွန်လ ၂ ရက်နေ့က ပြီးဆုံးသွားခဲ့ပါတယ်။ စပိန်ကိုလိုနီနယ်ချဲ့ကို ခုခံတော်လှန်စစ် အနိုင်ရပြီး လွတ်လပ်ရေးရလာတဲ့ ၁၈၂၁ ခုနှစ်ကနေစတင်ခဲ့တဲ့ ခေတ်သစ်မက္ကဆီကိုရဲ့ နှစ် ၂၀၀ သမိုင်းမှာ ဒီရွေးကောက်ပွဲဟာ မဲပေးသူအများဆုံးနဲ့ အကြီးဆုံးရွေးကောက်ပွဲ ဖြစ်ခဲ့ပါတယ်။ မက္ကဆီကိုလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းက အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်အပေါ် အဆိုးမြင်စိတ်ထားရှိကြပါတယ်။

လက်တင်အမေရိကနိုင်ငံတွေထဲမှာ လုပ်ငန်းခွင် ကျား-မအချိုးအစားကွာဟချက်အကြီးဆုံးနိုင်ငံတွေထဲမှာ မက္ကဆီကိုနိုင်ငံလည်း ပါဝင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးနိုင်ငံရေးသမားတွေအပေါ် လူဦးရေရဲ့ ၅၈ ရာခိုင်နှုန်းက အဖျက်မြင်သဘောထား ရှိကြပါတယ်။ ၂၀၂၄ မက္ကဆီကိုရွေးကောက်ပွဲမှာတော့ သမ္မတဖြစ်ရေးအဓိကယှဉ်ပြိုင်ကြသူနှစ်ယောက်စလုံးက အမျိုးသမီးတွေ ဖြစ်နေခဲ့ပါတယ်။

ဒီရွေးကောက်ပွဲမှာ အတိုက်အခံကွန်ဆားဗေးတစ်ညွန့်ပေါင်းအဖွဲ့ကို လက်ရှိအာဏာရနေတဲ့ လက်ဝဲယိမ်း Morena ပါတီဦးဆောင်တဲ့ ညွန့်ပေါင်းအဖွဲ့က အသာရခဲ့ပါတယ်။ လက်ရှိအာဏာရ Morena ပါတီဝင် Claudia Sheinbaum က ရွေးကောက်ပွဲသမိုင်းတလျှောက် မဲအများဆုံးရခဲ့ပြီး တိုင်းပြည်ရဲ့ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာခဲ့ပါတယ်။ မဲဆွယ်စည်းရုံးရေးကာလမှာ ကလောင်ဒီယာရှိန်းဘောင်က အခုလို ပြောခဲ့ပါတယ်။

“ဒီနိုင်ငံမှာ နှစ်ပေါင်း ၂၀၀ အတွင်း ပထမဆုံးအကြိမ်အနေနဲ့ ကျွန်မက မက္ကဆီကို နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီး သမ္မတဖြစ်လာလိမ့်မယ်”

အမျိုးသမီးသမ္မတလောင်းနှစ်ယောက်ပေါ်ထွက်လာခဲ့တဲ့ ဒီရွေးကောက်ပွဲဟာ မက္ကဆီကိုအမျိုးသမီးထုအတွက် အောင်ပွဲခံစရာ သမိုင်းဝင်အခိုက်အတန့် ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒီရွေးကောက်ပွဲဟာ မက္ကဆီကိုနိုင်ငံ ရုန်းမထွက်နိုင်သေးတဲ့ ဒုစရိုက်ဂိုဏ်းအကြမ်းဖက်မှုသံသရာကြောင့် သွေးစွန်းခဲ့ရပါတယ်။ မျက်မှောက်ခေတ် မက္ကဆီကိုနိုင်ငံဟာ ကမ္ဘာပေါ်မှာ လူသတ်မှုအဖြစ်များဆုံး တိုင်းပြည်တွေစာရင်းမှာ ပါဝင်ပါတယ်။

လူပေါင်းတစ်သိန်းကျော်ဟာ အစအနရှာမရဘဲ ပျောက်ဆုံးနေပါတယ်။ ၂၀၂၄ မက္ကဆီကိုရွေးကောက်ပွဲကာလအတွင်းမှာတောင် အကြမ်းဖက်မှုတွေ မီးခိုးကြွက်လျှောက် ဖြစ်ပွားခဲ့ပါတယ်။ ဒုစရိုက်ဂိုဏ်းတွေရဲ့ သတ်ဖြတ်မှုကြောင့် ဒါဇင်နဲ့ချီတဲ့ ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်တွေ အသက်ဆုံးရှုံးခဲ့ရပြီး နိုင်ငံ့သမိုင်းမှာ သွေးထွက်သံယိုအများဆုံး ရွေးကောက်ပွဲအဖြစ် စံချိန်တင်ခဲ့ပါတယ်။

ဗြိတိန်ဝန်ကြီးချုပ်ဟောင်း မာဂရက်သက်ချာ ၊ ဂျာမနီအဓိပတိဟောင်း အန်ဂျလာမာကဲလ်နဲ့ လက်ရှိမက္ကဆီကိုသမ္မတ ကလောင်ဒီယာရှိန်းဘောင်တို့ သုံးဦးဟာ မိမိရဲ့ မိခင်နိုင်ငံမှာ နိုင်ငံ့အကြီးအကဲအဖြစ် ပထမဆုံး ရွေးကောက်တင်မြှောက်ခံလိုက်ရတဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။ ဒီအမျိုးသမီးသုံးယောက်စလုံးမှာ တူညီတဲ့အချက်ကတော့ သူတို့ဟာ သိပ္ပံပညာရပ်ဆိုင်ရာနယ်ပယ်မှာ ကျွမ်းကျင်သူဘဝကနေ နိုင်ငံရေးထဲ ဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

၂၀၀၀ ပြည့်နှစ်က ညစာစားပွဲတစ်ခုမှာ လူတစ်ယောက်က ကလောင်ဒီယာရှိန်းဘောင်ကို မေးခွန်တစ်ခု မေးခဲ့ပါတယ်။ ဒီမေးခွန်းကို ခေါင်းညိတ်လိုက်ရာကနေ ကလောင်ဒီယာရှိန်းဘောင်ဟာ မက္ကဆီကိုနိုင်ငံရေးလောကထဲကို နိဒါန်းချီ ဝင်ရောက်လာခဲ့တယ်လို့ ဆိုရမှာပါ။ မေးတဲ့သူက တချိန်မှာ မက္ကဆီကို သမ္မတဖြစ်လာမယ့် မက္ကဆီကိုမြို့တော်ဝန် လိုပက်အော်ဘရာဒေါ် ။ “လေထုညစ်ညမ်းမှုကို လျှော့ချချင်တယ်။ အဲဒါကို ဘယ်လိုလုပ်ရမလဲဆိုတာ ခင်ဗျား သိလား” ဆိုတဲ့ မေးခွန်းကို လိုပက်အော်ဘရာဒေါက ကလောင်ဒီယာရှိန်းဘောင်ကို မေးခဲ့ပါတယ်။

စွမ်းအင်သုံးစွဲမှုနဲ့ ကာဗွန်ထုတ်လွှတ်မှုအကြောင်း အစီရင်ခံစာပေါင်း တစ်ဒါဇင်ကျော်ကို အဲဒီအချိန်ကတည်းက ရေးသားခဲ့ပြီးသားဖြစ်တဲ့ ရာသီဥတုသိပ္ပံပညာရှင် သူမက ဒီမေးခွန်းကို ချက်ချင်းခေါင်းညိတ်လိုက်ပါတယ်။ ဒီလိုနဲ့ သူမဟာ မက္ကဆီကိုမြို့တော်ဝန်လိုပက်ရဲ့ ပတ်ဝန်းကျင်ရေးရာဌာန အကြီးအကဲဖြစ်လာခဲ့ပါတယ်။ ဒါဟာ သူမရဲ့ အာဏာနိုင်ငံရေးဘဝ အစပါပဲ။ လိုပက်တစ်ယောက် မက္ကဆီကိုစီးတီး မြို့တော်ဝန်ဘဝကနေ အနားယူသွားပြီး နောက်ပိုင်းနှစ်တွေမှာ သူမက ပညာရပ်လောကနဲ့ နိုင်ငံရေးလောကထဲ ခွပြီး ကူးလူးကျင်လည်နေခဲ့ပေမယ့် လိုပက်နဲ့ သူမအကြား နိုင်ငံရေးအရ အမြဲတမ်း နီးနီးကပ်ကပ် ရှိနေခဲ့ပါတယ်။

လူအများစုက ကက်သလစ်ဘာသာကို ကိုးကွယ်တဲ့ မက္ကဆီကိုနိုင်ငံမှာ သူမဟာ ဂျူးအနွယ်ကနေ ဆင်းသက်လာတဲ့ ပထမဆုံးအမျိုးသမီးသမ္မတတစ်ယောက်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ သူမရဲ့ မိခင်ဘက်က အဘိုးအဘွားဖြစ်တဲ့ ဂျူးလင်မယားဟာ နာဇီဂျာမန်တွေ လက်ကနေ လွတ်မြောက်ဖို့ ဥရောပကနေ မက္ကဆီကိုနိုင်ငံကို ထွက်ပြေးလာခဲ့ပါတယ်။ သူမရဲ့ ဖခင်ဘက်က အဘိုးအဘွားတွေကတော့ လက်ရှိကမ္ဘာပေါ်မှာ နေပျော်စရာအကောင်းဆုံးနိုင်ငံစာရင်းမှာ ပါနေတဲ့ လစ်သူယေးနီးယားနိုင်ငံဖွားတွေ ဖြစ်ကြပါတယ်။

၁၉၆၂ ခုနှစ် နေ့တနေ့မှာ မက္ကဆီကိုစီးတီးမြို့တော်မှာ သိပ္ပံပညာရှင်မိဘနှစ်ပါးကနေ သူမကို ဖွားမြင်ခဲ့ပါတယ်။ ခမ်းနားတောက်ပတဲ့ ပညာရပ်နယ်ပယ်အောင်မြင်မှုတွေကြောင့် “La Doctora” လို့ လူသိများတဲ့ ကလောင်ဒီယာရှိန်းဘောင်ဟာ မက္ကဆီကိုအမျိုးသားကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတက္ကသိုလ်(UNAM)မှာ ရူပဗေဒဘာသာရပ်ကို လေ့လာလိုက်စားခဲ့ပါတယ်။

တက္ကသိုလ်တက်နေစဉ်မှာပဲ လက်ရှိမက္ကဆီကိုဗဟိုဘဏ်ရဲ့ ဘဏ္ဍာရေးကျွမ်းကျင်ပညာရှင်ဖြစ်နေတဲ့ သူမရဲ့ ခင်ပွန်းနဲ့ တွေ့ဆုံပြီး ချစ်ကြိုးသွယ်ခဲ့ပါတယ်။ နောက်တော့ သူမဟာ Energy Engineering ဘာသာရပ်နဲ့ ဒေါက်တာဘွဲ့ယူခဲ့ပါတယ်။ ကျောင်းသူဘဝမှာကတည်းက ကျောင်းသားနိုင်ငံရေးတက်ကြွလှုပ်ရှားသူတစ်ဦး ဖြစ်ခဲ့တဲ့ သူမဟာ ကျောင်းသားတွေ ဦးဆောင်တဲ့ Revolutionary Democratic Party ကို တည်ထောင်ရာမှာ ပါဝင်ကူညီပေးခဲ့ပါတယ်။

ကလောင်ဒီယာရှိန်းဘောင်ဟာ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်က နာမည်ကျော် သိပ္ပံဓာတ်ခွဲခန်းတစ်ခုမှာ မက္ကဆီကိုနိုင်ငံသားတွေရဲ့ စွမ်းအင်သုံးစွဲမှုအလေ့အထတွေကို နှစ်နဲ့ချီ လေ့လာခဲ့ပြီး ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုရေးရာနယ်ပယ်မှာ ကျွမ်းကျင်ပညာရှင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ သူမကိုယ်တိုင် ပါဝင်ရေးသားခဲ့တဲ့ အစီရင်ခံတစ်စောင်ကြောင့် ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ ကုလသမဂ္ဂပညာရှင်အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ IPCC ဟာ ၂၀၀၇ ခုနှစ်မှာ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ခံခဲ့ရပါတယ်။

သူမရဲ့ ပညာရပ်ဆိုင်ရာကျွမ်းကျင်မှုနဲ့ ကျောင်းသူဘဝ နိုင်ငံရေးတက်ကြွလှုပ်ရှားမှုအတွေ့အကြုံတွေက မြို့တော်ဝန် လိုပက်လက်ထက်မှာ မက္ကဆီကိုစီးတီးမြို့ရဲ့ ပတ်ဝန်းကျင်ဆိုင်ရာဌာနအကြီးအကဲဖြစ်လာဖို့ အထောက်အကူဖြစ်စေတယ်လို့ ပြောရင် မမှားပါဘူး။

၂၀၁၈ ခုနှစ်မှာ ကလောင်ဒီယာရှိန်းဘောင်ဟာ ကမ္ဘာပေါ်က လူဦးရေအထူထပ်ဆုံးမြို့တွေထဲမှာ ပါဝင်တဲ့ မက္ကဆီကိုစီးတီးမြို့တော်ရဲ့ ပထမဆုံးအမျိုးသမီးမြို့တော်ဝန် ဖြစ်လာခဲ့ပါတယ်။ ဒီမတိုင်ခင်က မက္ကဆီကိုစီးတီးမြို့တော် နယ်နိမိတ်ထဲက Tlalpan ခရိုင်မြို့ရဲ့ မြို့တော်ဝန်အဖြစ် တာဝန်ယူခဲ့ပါသေးတယ်။

၂၀၂၃ ခုနှစ်အရောက်မှာတော့ သမ္မတအဖြစ် ဝင်အရွေးခံဖို့အတွက် မက္ကဆီကိုစီးတီးမြို့တော်ဝန်ရာထူးကနေ အနားယူလိုက်ပါတယ်။

၂၀၂၄ မက္ကဆီကို ရွေးကောက်ပွဲမှာ သမိုင်းတလျှောက် မဲအများဆုံးရပြီး သမ္မတဖြစ်လာတဲ့ သူမဟာ ပြဿနာပေါင်းသောင်းခြောက်ထောက်ကို ရင်ဆိုင်ဖြေရှင်းရတော့မှာ ဖြစ်ပါတယ်။ မက္ကဆီကိုရဲ့ နိုင်ငံပိုင်ရေနံကုမ္ပဏီဟာ အကြွေးဒဏ်ပိနေပါတယ်။

မက္ကဆီကိုနယ်စပ်ကို ဖြတ်ပြီး အမေရိကန်ပြည်ထောင်စုကို ခိုးဝင်နေကြတဲ့ နယ်စပ်ဖြတ်ကျော်ပြဿနာနဲ့ စံချိန်တင်မြင့်တက်နေတဲ့ ဒုစရိုက်ဂိုဏ်းတွေရဲ့ အကြမ်းဖက်မှုတွေကလည်း တိုင်းပြည်ကို ခြောက်လှန့်နေပါတယ်။

သမ္မတဟောင်း လိုပက်အိုဘရာဒေါလက်ထက်က မူဝါဒအတိုင်း အကြမ်းဖက်မှုတွေရဲ့ အရင်းခံပြဿနာတွေကို ဦးတည်ဖြေရှင်းဖို့ မူဝါဒကို ဆက်လက်ကိုင်စွဲသွားမယ်လို့ သူမက ပြောပါတယ်။ ဒုစရိုက်ဂိုဏ်းတွေအပေါ် စစ်ဆင်ရေး ပြုလုပ်မယ့်အစား ဒုစရိုက်ဂိုဏ်းတွေရဲ့ ရာဇဝတ်ဘေး ကင်းလွတ်ခွင့်ရနေတဲ့နှုန်းကို လျှော့ချမယ်လို့ သူမက ဆိုထားပါတယ်။

အာဏာရှင်ဆန်တဲ့ဘက်ယိမ်းတဲ့ မူဝါဒတွေ အကောင်အထည်ဖော်ခဲ့သူ၊ တိုင်းပြည်ရဲ့ ဒီမိုကရက်တစ်အခြေခံအဆောက်အအုံတွေကို ချည့်နဲ့စေခဲ့သူအဖြစ် အဝေဖန်ခံခဲ့ရပေမယ့် တိုင်းပြည်ရဲ့ ဆင်းရဲမွဲတေမှုရာခိုင်နှုန်းကို လျှော့ချနိုင်ခဲ့တဲ့ စွမ်းဆောင်မှုတွေကြောင့် လူထုထောက်ခံမှုအခိုင်အမာရရှိခဲ့တဲ့ သမ္မတဟောင်းလိုပက်အော်ဘရာဒေါ်ကတော့ နိုင်ငံရေးလောကထဲ သူ လက်တွဲခေါ်လာတဲ့ အမျိုးသမီးသမ္မတသစ်ကို ဂုဏ်ပြုပြုခဲ့ပါတယ်။

သမ္မတဟောင်းလိုပက်အော်ဘရာဒေါနဲ့ သူမအကြားက နီးစပ်မှုကြောင့် မက္ကဆီကိုသားတော်တော်များများက ကလောင်ဒီယာရှိန်းဘောင်တစ်ယောက် သမ္မတဟောင်းရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်နိုင်ပါ့မလားဆိုတာ သံသယဝင်နေကြပါတယ်။

ကလောင်ဒီယာရှိန်းဘောင်က သူမဟာ သမ္မတဟောင်းရဲ့ လောင်းရိပ်မမိခံဘဲ လွတ်လပ်စွာ အုပ်ချုပ်သွားမယ်လို့ အခိုင်အမာပြောခဲ့ပါတယ်။

မက္ကဆီကိုနိုင်ငံသား နိုင်ငံရေးလေ့လာသုံးသပ်သူတစ်ယောက်ကတော့ အခုလို ပြောပါတယ်။

“ကျွန်တော်တို့အနေနဲ့ ရှိန်းဘောင်လက်ထက်မှာ လိုပက်အော်ပရာဒေါလက်ထက်တုန်းကထက် ပိုစည်းကမ်းစနစ်တကျရှိတဲ့ သမ္မတအုပ်ချုပ်မှုမျိုးကို မျှော်လင့်နိုင်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်”

ကလောင်ဒီယာရှိန်းဘောင်ဟာ သမ္မတဟောင်းလိုပက်အော်ဘရာဒေါရဲ့ မူဝါဒတွေကို ဆက်လက်အကောင်အထည်ဖော်မယ်လို့ ကြွေးကြော်ရင်း ရွေးကောက်ပွဲအကြိုကာလမှာ မဲဆွယ်စည်းရုံးခဲ့ပါတယ်။ ဥပမာအနေနဲ့ပြရရင် သမ္မတဟောင်း လိုပက်အော်ဘရာဒေါဟာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအမြင်ဘက်က ကြည့်ရင် အငြင်းပွားဖွယ်ရာဖြစ်နေတဲ့ စီမံကိန်းတွေမှာ အကြီးအကျယ်ရင်းနှီးမြှုပ်နှံခဲ့ပါတယ်။

ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုဆိုင်ရာ သိပ္ပံပညာရှင်တစ်ယောက်ဖြစ်တဲ့ သူမက သမ္မတဟောင်းရဲ့ အမျိုးသားရေနံကုမ္ပဏီစီမံကိန်းကို ထောက်ခံခဲ့တာမျိုးဖြစ်ပါတယ်။ ဒီမိုကရေစီစံနှုန်းတွေနဲ့ ဆန့်ကျင်နေတယ်လို့ ဝေဖန်သူတွေက ပြောတဲ့ အခြေခံဥပဒေပြင်ဆင်ရေးကိုပါ သူမက ထောက်ခံခဲ့ပါတယ်။

မက္ကဆီကို ပြည်သူအတော်များများအတွက်ကတော့ သူမရဲ့ ခေါင်းဆောင်မှုပုံစံက ဘယ်လိုလာမလဲဆိုတာက ပဟေဠိတစ်ခု ဖြစ်နေဆဲပါပဲ။ ရွေးကောက်ပွဲအကြို မဲဆွယ်ကမ်ပိန်းနောက်ဆုံးနေ့မှာ သူမက အခုလို ပြောခဲ့ပါတယ်။

“ကျွန်မရဲ့ ဝိညာဉ် ၊ ကျွန်မဘဝနဲ့ ကျွန်မရဲ့ အကောင်းဆုံးကြိုးစားအားထုတ်မှုတွေကို မက္ကဆီကိုနိုင်ငံနဲ့ နိုင်ငံသူနိုင်ငံသားတွေအကျိုးအတွက် ပေးအပ်ပါ့မယ်လို့ ကျွန်မ ကတိပေးပါတယ်”

ဒါပေမယ့် မက္ကဆီကို နိုင်ငံရဲ့ အမျိုးသမီးရေးရာတက်ကြွလှုပ်ရှားသူတွေကတော့ တိုင်းပြည်ရဲ့ ပထမဆုံးအမျိုးသမီးသမ္မတဖြစ်သူကို မနှစ်မြို့ကြပါဘူး။ အကြောင်းကတော့ မက္ကဆီကိုစီးတီးမြို့တော်ဝန်ဘဝမှာ ကလောင်ဒီယာရှိန်းဘောင်က အမျိုးသမီးအရေး ဆန္ဒပြပွဲတွေကို ရဲတပ်ဖွဲ့သုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းခဲ့တဲ့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။

Ref: CNN, Reuters, BBC, Time Magazine

ဈာန်ဟိန်း