ရေဖြူမြို့နယ်ရှိ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းထိုးဝင်လာသည့် စစ်ကောင်စီတပ်စစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ မူးဒူးရွာအနီးတိုက်ပွဲဖြစ်ပွားရာ အရပ်သားတစ်ဦးသေဆုံးပြီး ပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးလည်း ပြင်းထန်ဒဏ်ရာရကြောင်း ဒေသခံများ၊ ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ဇွန်လ ၁၉ ရက်က အနောက်မူးဒူးရွာကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီစစ်ကြောင်းနှင့် PDF ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
ထိုတိုက်ပွဲတွင် နှစ်ဖက်ထိခိုက်မှုရှိပြီး PDF တပ်ဖွဲ့ ဝင်တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း PDF ပူးပေါင်းတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်သည် လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် မူးဒူးရွာအတွင်းသို့ ပစ်ခတ် ဝင်ရောက်လာခဲ့ရာ အသက် ၃၆နှစ်အရွယ် အမျိုးသားတစ်ဦး ကျဉ်ထိမှန်သေဆုံးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။
“သူ့က မွေးရာပါ ဆွံအ နားမကြားသူပါ။ (ကျည်ထိမှန် ဒဏ်ရာကို) ဆေးကုနေတုန်းပဲ ဆုံးသွားတယ်” ဟု ၎င်းက ပြောသည်။
ယင်းအပြင် လက်နက်ကြီးထိမှန်သောကြောင့် နေအိမ်သုံးဆောင်ထက်မနည်း မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။
စစ်ကောင်စီတပ်သည် မူးဒူးရွာ ရောက်ရှိသည့်နေ့ ညနေတွင်ပင် နေအိမ်အချို့ကို ဖောက်ထွင်းခဲ့ကြောင်းလည်း အဆိုပါဒေသခံအမျိုးသမီးက ပြောဆိုသည်။
“ဘာတွေ ယူသွားလည်းဆိုရင် ရိက္ခာတွေယူသွားတယ်၊ စားလို့သောက်လို့ရတဲ့ အရာတွေ အကုန်ယူသွားတယ်” ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
တိုက်ပွဲတွင် စစ်ကောင်စီဘက်ကလည်း ထိခိုက်မှုရှိကြောင်း ပြောဆိုမှုများရှိပြီး မည်မျှထိခိုက်ခဲ့သည်ကိုမှု အတည်မပြုနိုင်သေးပေ။
ဇွန်လ ၂၀ ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ် စစ်ကြောင်းသည် မူးဒူးရွာမှ ထားဝယ်ရေနက်ဆိပ်ကမ်း ယာယီစခန်းသို့ ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။
စစ်ကြောင်းထိုးလာသောကြောင့် မူးဒူးရွာသားအချို့ တိမ်းရှောင်နေရာမှ ဇွန်လ ၂၀ ရက်ကစပြီး ရွာအတွင်း ပြန်လည် နေထိုင်ကြသော်လည်း အခြားနဘုလယ်ဒေသခံများမှာ စစ်ကြောင်းရှိနေသေးသည့်အတွက်ကြောင့် အခြေအနေ စောင့်ကြည့်နေကြရကြောင်း နဘုလယ်ဒေသခံတစ်ဦးက ဆိုသည်။
“သတင်းတွေက အမျိုးမျိုးထွက်နေတယ်။ ဟိုပဲ သွားမလိုလို ဒီပဲလာမလိုလို ညကလည်း ဆိပ်ကမ်းထဲက လက်နက်ကြီး ပစ်သေးတယ်” ဟု ၎င်းကပြောသည်။
စစ်ကောင်စီတပ် ပြီးခဲ့သည့်နှစ် အောက်တိုဘာလက မူးဒူးရွာသို့ စစ်ကြောင်းထိုးဝင်ရောက်လာစဉ် နေအိမ် ၂၀ ကျော် မီးရှို့ခံရပြီး အရပ်သားတစ်ဦးလည်း ပစ်သတ်ခံခဲ့ရသေးသည်။