သရက်ချောင်းမြို့နယ်ရှိ ကျေးရွာ ၁၀ ရွာခန့်မှ နေရပ်မပြန်နိုင်သေးသည့် စစ်ဘေးရှောင်များအတွက် စားနပ်ရိက္ခာနှင့် ဆေးဝါးအကူအညီများ လိုအပ်နေဆဲဖြစ်ကြောင်း စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့ထံက သိရသည်။
ဇွန်လ ၈ ရက်နံနက်ပိုင်းမှစပြီး စစ်ကောင်စီတပ်ဖွဲ့က သရက်ချောင်းမြို့နယ်တွင် စစ်ကြောင်းထိုးနေပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ နေအိမ်များကို မီးရှို့ခြင်း၊ နေရပ်ပြန်သူများ ဖမ်းဆီးခြင်း၊ ပစ်ခတ်ခြင်းများ ရှိနေ၍ကျေးရွာ ၁၁ ရွာခန့်က ဒေသခံတစ်သောင်းခန့် နေအိမ်စွန့်ခွာထွက်ပြေးနေကြရသည်။
စစ်တပ်က ယနေ့အထိရငဲရွာမှပြန်မထွက်သေးခြင်းကြောင့် ကျေးရွာ ၁၀ ရွာခန့်က ဒေသခံများ နေရပ်ပြန်မရဘဲ စစ်ဘေးရှောင်နေကြရဆဲဖြစ်သည်ဟု ၎င်းတို့က ပြောသည်။
စစ်ဘေးရှောင်များမှာ နီးစပ်ရာ ကျေးရွာများရှိ အသိမိတ်ဆွေများ၊ ဆွေမျိုးအိမ်များနှင့် ဘုန်းကြီးကျောင်းများ၊ ဥယာဉ်ခြံများတွင် အဆင်ပြေသလို နေထိုင်နေကြရသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးနှင် စစ်ဘေးရှောင်အချို့က ပြောသည်။
ဇွန်လ ၂၀ ရက် မနေ့မနက်ပိုင်းက နေရပ်ပြန်သည့် ရငဲရွာက စစ်ဘေးရှောင်အချို့ကို ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတပ်သားများက ချောင်းမြောင်း ဖမ်းဆီးကာ ရငဲရွာမြွေတောင်တွင် စခန်းချတပ်စွဲထားသည့် ကာကင်းစခန်းအတွက် သဲအိတ်များထမ်းခိုင်းသည်ဟု ဒေသခံအချို့က ဆိုသည်။
အလုပ်ခိုင်းပြီးနောက် ညနေပိုင်းတွင် ပြန်လွှတ်ပေးခဲ့သည်ဟုလည်း သိရသည်။
နေ့လယ်ပိုင်းတွင်လည်း ရငဲရွာက အသက် ၅၀ ခန့်ရှိ အမျိုးသားတစ်ဦး ပစ်ခတ်ခံရသော်လည်း ရှပ်ထိရုံသာထိပြီး ထွက်ပြေးလွတ်မြောက်ခဲ့သည်ဟု ရငဲရွာဒေသခံအချို့က ပြောသည်။
“ကျွန်တော်တို့နဲ့အဆက်သွယ်ရှိတာ နှစ်ထောင်ကျော်လောက်ရှိတယ်၊ ထပ်ရွေ့လာတဲ့သူတွေနဲ့ဆို ထပ်တိုးလာဖို့ပဲရှိတယ်၊ ကျွန်တော်တို့မှာလည်း ထောက်ပံ့နိုင်စွမ်းအားက အရမ်းကျလာပြီ၊ ကူညီပေးနေတဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ထားတာကလည်း ပစ္စည်းတွေပို့ရခက်နေတော့ အရမ်းခက်ခဲနေတယ်” ဟု စစ်ဘေးရှောင်များကို ကူညီပေးနေသည့်အဖွဲ့တစ်ခုမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
၎င်းတို့အဖွဲ့နှင့် ချိတ်ဆက်မိသည့် စစ်ဘေးရှောင်များကို အမိုးအကာလုံခြုံသည့်နေရာများကို ရွှေ့ပေးထားကြောင်း သို့သော်ရက်ရှည်ကြာလာချိန်တွင် စားနပ်ရိက္ခာနှင့် ဆေးဝါးလိုအပ်မှုများရှိလာကြောင်း ၎င်းက ပြောသည်။
ရငဲကျေးရွာမှာ တစ်ရွာလုံးထွက်ပြေးလာကြရပြီး ကျန်သည့်ကျေးရွာများမှာ ရွာလုံးကျွတ်နီးပါး ထွက်ပြေးနေကြရသည်ဟု ဒေသခံများက ပြောသည်။
စစ်ဘေးရှောင်များတွင် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများပါဝင်ပြီး ရာသီတုပ်ကွေးဖြစ်သူ၊ အအေးမိပြီး ဖျားနာသူ၊ ပြေးလွှားရင်း အသေးစား ထိခိုက်ရှနာ ဒဏ်ရာရသူများနှင့် ဝမ်းပျက်၊ ဝမ်းလျော စသဖြင့် နာမကျန်းသူ တစ်ရာကျော်ခန့်ရှိသည်ဟု စစ်ဘေးရှောင်များကို ကူညီနေသည့် တာဝန်ရှိသူက ပြောသည်။
“နေရေးထိုင်ရေးက အဆင်ပြေတယ်ဆိုပေမယ့် စားရေးသောက်ရေးက အခက်အခဲရှိလာတာပေါ့။ သူများအိမ်မှာ ခိုလုံနေသူတွေဆိုလည်း ရက်ရှည်လာတော့ စားရေးသောက်ရေး ဘယ်အဆင်ပြေတော့မလဲ။ ရွာကလူတွေကတော့ စားစရာသောက်စရာတွေ လာပေးကြ လှူကြပါတယ်” ဟု စစ်ဘေးရှောင်နေသည့် ရငဲရွာက ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။
ရငဲရွာအပြင်ဘက်ရှိ မြွေတောင်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ပစ်ခတ်လေ့ရှိသည်ဟု ဒေသခံအချို့က ဆိုသည်။