BREAKING
January 9, 2025

တနင်္သာရီကမ်းရိုးတန်း မိုးကြီးနိုင်ပြီး ရေကြီးရေလျှံနှင့် မြေပြိုမှုများဖြစ်နိုင်ဟု သတိပေး

May 21, 2024

တနင်္သာရီကမ်းရိုးတန်း၊ မွန်ကမ်းရိုးတန်း ၊ ကမ်းလွန်ပင်လယ်ပြင်နှင့် မုတ္တမပင်လယ်ကွေ့တို့တွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်အတွင်း မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့်ဇလေဗဒညွှန်ကြားမှုဦးစီးဌာနက ယနေ့ (မေ ၂၁) သတိပေးချက် ထုတ်ပြန်လိုက်သည်။

ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် မုတ်သုံလေဝင်ရောက်လာပြီး မြန်မာနိုင်ငံဒေသအနှံအပြားတွင် မိုးထစ်ချုန်းရွာကာ နေရာကွက်၍မိုးကြီးခြင်း၊ လေပြင်းတိုက်ခြင်းတို့ဖြစ်နိုင်သည်ဟု ထုတ်ပြန်ချက်ကဆိုသည်။

မိုးသည်းထန်စွာရွာသွန်းခြင်းကြောင့် ရုတ်တရက်ရေကြီးခြင်းနှင့် မြေပြိုခြင်းများဖြစ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများနှင့်မြစ်ငယ်၊ ချောင်းငယ်ဘေးနေထိုင်သူများ ကြိုတင်သတိပြု ကာကွယ်ရန်လိုအပ်သည်။

ပင်လယ်ပြင်တွင်လည်း လှိုင်းအမြင့် ၉ ပေ မှ ၁၂ ပေအထိ ရှိနိုင်ပြီး မိုးသက်လေပြင်းကျစဥ် ရေပြင်မြေပြင် တစ်နာရီလေတိုက်နှုန်းမိုင် ၄၀ ခန့် တိုက်ခတ်နိုင်သဖြင့် ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းနီးကမ်းဝေး ငါးဖမ်းလှေများကြိုတင်သတိပြုနိုင်ရန်လည်း သတိပေးထားသည်။

ဘင်္ဂလားပင်လယ်အော် အနောက်တောင်ဘက်တွင်ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်း သည် အရှေ့မြောက်ဘက်သို့ ကနဦးရွေ့လျားနေပြီး မေလ ၂၄ ရက်တွင် ဘင်္ဂလားပင်လယ်အလယ်ပိုင်း၌ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးဇလက ခန့်မှန်းထားသည်။

ယမန်နစ် မိုးရာသီတွင် တနင်္သာရီတိုင်းအတွင်း ရေကြီးရေလျှံမှု များအပြင် မြေပြိုမှုများဖြစ်ပေါ်ခဲ့ပြီး ထားဝယ်ခရိုင်တွင် တံတားငယ် ၂ စီးကျိုးခဲ့သည်။