BREAKING
January 9, 2025

ကံပေါက် သဘာဝဓာတ်ငွေ့စီမံကိန်းမှ ကားလေးစီး ထပ်မံအသိမ်းခံရ

May 21, 2024

ပုံစာ - ဇောတိကဓာတ်ငွေ့တိုင်းတာရေးစခန်း

ရေဖြူမြို့နယ် ကံပေါက်ဒေသအခြေစိုက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့စီမံကိန်းမှ Double cab အမျိုးအစား ကားလေးစီးကို လက်နက်ကိုင်အဖွဲ့တစ်ခုက ရေး-ထားဝယ်ကားလမ်း အနီးသိမ်းဆည်းသွားခဲ့‌‌ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။

“အသိမ်းခံရတာက စီမံကိန်းအရာရှိတွေစီးတဲ့ကားတွေ ၊ အလုပ်ဝင်ဖို့ နတ်အိမ်တောင်သွားတဲ့လမ်း မရောက်ခင် မိကျောင်းလှောင်ရွာနားမှာ သိမ်းသွားတယ်။ လူတွေကတော့ လမ်းပိုင်းမှာပဲထားခဲ့တယ်။ ကားပဲသိမ်းသွားတယ်” ဟု စီမံကိန်းဝန်ထမ်းတစ်ဦးကပြောသည်။

ယင်းကားများမှာ ကမ်းလွန်‌ရေနံစင်များမှ ဓာတ်ငွေ့ပိုက်လိုင်းများ ဖြတ်လာရာလမ်းကြောင်းရှိ ကလိန်အောင်မြို့ ၊ မိကျောင်းလှောင်ရွာ ၊ ကျောက်မတ္တပ်ဘုရားတောင်အနီးတွင် မေလ ၁၉ ရက်နေ့က အသိမ်းခံရခြင်းဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။

ယင်းအခြေအနေနှင့်ပတ်သက်၍ ဇောတိကစီမံကိန်း အရပ်ဘက်ဆက်ဆံရေးအရာရှိထံသို့ Dawei Watch က ယနေ့(မေ ၂၁)တွင် တယ်လီဖုန်းဖြင့်သုံးကြိမ်တိုင်တိုင် ဆက်သွယ်မေးမြန်းခဲ့သော်လည်း လက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

သိမ်းဆည်းသွားသည့် လက်နက်ကိုင်တပ်ဖွဲ့ဘက်ကလည်း မေလ ၂၁ ရက်ည‌နေ အထိတစ်စုံတရာ မထုတ်ပြန်သေးသဖြင့် ဖြစ်စဉ်အသေးစိတ်ကို မသိရသေးဘဲ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

ယင်းဖြစ်စဉ် ဖြစ်ပွားသည့်နေရာအနီးတွင် ပိုက်လိုင်းလုံခြုံရေးအတွက်အထိုင်ချထားသည့် စစ်ကောင်စီ ၏ ခလရ ၂၈၂ တပ်ရင်းလည်း တည်ရှိသည်။

ဧပြီလ နောက်ဆုံးအပတ်ကလည်း ယင်းစီမံကိန်းမှ ပိုက်လိုင်းလုံခြုံရေးနှင့် အစားအသောက် သယ်ယူရေးတွင် သုံးသည့် ကား၃စီးကို နတ်အိမ်တောင်ဒေသရှိ ဇောတိကဓာတ်ငွေ့တိုင်းတာရေးစခန်းသို့ သွားရောက်စဉ် လက်နက်ကိုင်အဖွဲ့တစ်ခုက ဖမ်းဆီးခဲ့ပြီး ရက်ပိုင်းအကြာတွင် ကားများကိုကုမ္ပဏီဘက်က ပြန်လက်ခံရရှိခဲ့ကြောင်း စီမံကိန်းဝန်ထမ်းများထံကသိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍လည်း ကုမ္ပဏီဘက်ကရော လက်နက်ကိုင်တပ်ဖွဲ့ဘက်ကပါ ဖြေရှင်းခဲ့ခြင်းမရှိကြပေ။

ကံပေါက်ဒေသတွင် အခြေစိုက်သည့် မြန်မာ့ရေနံနှင့်သဘာဝဓာတ်ငွေ့လုပ်ငန်း ၏ မိတ်ဖက် ဇောတိက-ရတနာ သဘာဝဓာတ်ငွေ့ပိုက်လိုင်းများသည် ကံပေါက်ဒေသ မော်ကြီးရွာမှတဆင့် နတ်အိမ်တောင်ဒေသ ဓာတ်ငွေ့တိုင်းတာရေးစခန်းသို့ပို့ကာ ထိုင်းနိုင်ငံပြန်လည်ပို့ဆောင်နေခြင်းဖြစ်သည်။