BREAKING
October 19, 2024

ဆယ်နှစ်ကြာ အလုပ်လုပ်ပေးသော မြန်မာအိမ်ဖော်အတွက် ထိုင်းအလုပ်ရှင်က အိမ်ဆောက်ပေး

May 21, 2024

Photo - ธีรพงศ์ เธียรพัฒนพล

ထိုင်းနိုင်ငံတွင် အလုပ်ရှင်တစ်ဦးက အိမ်တွင် ဆယ်နှစ်ကြာ အိမ်ဖော်အဖြစ်အလုပ်လုပ်ပေးသော မြန်မာအမျိုးသမီးအတွက် နေအိမ်တစ်လုံးဆောက်ပေးကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဖွန်ဟုခေါ်သော မြန်မာအမျိုးသမီးသည် လွန်ခဲ့သော ၁၀ နှစ်ကျော်က အိမ်ဖော်အဖြစ် ဝင်လုပ်ခဲ့ပြီး ၎င်း၏ ရိုးသားကြိုးစားမှုနှင့် အလုပ်ကို တန်ဖိုးထားမှုတို့ကြောင့် အိမ်ဆောက်ပေးခြင်းဖြစ်ကြောင်း အလုပ်ရှင်ဖြစ်သူက မေလ ၁၈ ရက်တွင် အင်တာနက် လူမှုကွန်ရက်၌ ရေးသားခဲ့သည်။

မြန်မာအမျိုးသမီးသည် ခင်ပွန်းနှင့်အတူ သူဌေးအိမ်နှင့် ၂၀ ကီလိုမီတာခန့်အကွာ အလုပ်သမားများ နေထိုင်ကြသော အခန်းများတွင် နေထိုင်ကြပြီး ရိုးရိုးသားသား လုပ်ကိုင်စားသောက်သူများဖြစ်ကြကြောင်း သတင်းတွင် ဖော်ပြသည်။

ခင်ပွန်းဖြစ်သူမှာ အခန်းအနီးရှိ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ပန်းရံလုပ်ကိုင်နေသူတစ်ဦးဖြစ်သည်။

မြန်မာအမျိုးသမီးသည် နေ့စဉ် နံနက် ၈ နာရီခွဲတွင် သူဌေးအိမ်သို့ အချိန်မီ အလုပ်လာလေ့ရှိပြီး အိမ်သန့်ရှင်းရေးနှင့် အခြားအိမ်အလုပ်များကို ဝိုင်းကူလုပ်ကိုင်လေ့ရှိကြောင်း အလုပ်ရှင်က ဆိုသည်။

မြန်မာအမျိုးသမီးသည် အလုပ်နားရက်နှင့် နေမကောင်းခွင့်ရက်များမှလွဲ၍ အလုပ်နောက်ကျတတ်သူမဟုတ်ကြောင်း အလုပ်ရှင်က ချီးကျူးခဲ့သည်။

သူသည် ရိုးသားကြိုးစား၍ အလုပ်ကို တန်ဖိုးထားလုပ်ကိုင်တတ်သူဖြစ်ပြီး သူဌေးဖြစ်သူအိမ်တွင် မရှိပါက သီချင်းဆိုကာ အလုပ်ကို ပျော်ပျော်ပါးပါးလုပ်ကိုင်လေ့ရှိသည်ကို CCTV က အမြဲတွေ့မြင်နေရကြောင်း အလုပ်ရှင်က ရေးသားထားသည်။

အိမ်တွင် ပစ္စည်းများ ပျောက်လျှင်ပင်ဖြစ်စေ အလုပ်ရှင်က မေ့ကျန်ပြီးထားခဲ့လျှင်ပင်ဖြစ်စေ အမြဲမြန်မြန်ရှာဖွေပေးတတ်သူ ဖြစ်နေသည်မှာ အံ့ဩမိကြောင်း ၎င်းက ဆိုသည်။

အလုပ်ရှင်၏ အခြားကုမ္ပဏီဝန်ထမ်းများ အိမ်လာလည်လျှင်ဖြစ်စေ၊ သားဖြစ်သူ အိမ်ပြန်လာလျှင်ဖြစ်စေ မြန်မာအမျိုးသမီးကို တွေ့လျှင် တလေးတစား လက်အုပ်ချီနှုတ်ဆက်လေ့ရှိကြပြီး တစ်ဦးနှင့်တစ်ဦး အပြန်အလှန်လေးစားမှုရှိကြောင်းလည်း ဆိုသည်။

မြန်မာအမျိုးသမီးနေထိုင်သော အလုပ်သမားအခန်းသည် ကျဉ်းမြောင်းပြီး အလုပ်နှင့် ဝေးကွာနေသည့်အတွက် အလုပ်ရှင်က ပြီးခဲ့သောနှစ်မှစ၍ အိမ်တစ်လုံး ဆောက်ပေးရန်စီစဉ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းများတွင် ဖော်ပြသည်။

အိမ်ဆောက်ခါနီးတွင် မြန်မာအမျိုးသမီးဖြစ်သူကို နေရာနှင့် အိမ်ပုံစံရွေးခိုင်းသော်လည်း နေစရာအိမ်ရှိလျှင် ရပြီဟု ဆိုကြောင်း အလုပ်ရှင်က ဆိုသည်။

ယခုဆောက်ပေးသောအိမ်သည် ဖွန်၏ ချွေးနည်းစာမှ ရလာသော အိမ်ဖြစ်ပြီး ဖွန်၏ ရိုးသားကြိုးစားမှု၊ အလုပ်အပေါ် တန်ဖိုးထားမှုတို့၏ ရလဒ်ဖြစ်ကြောင်း အလုပ်ရှင်က ရေးသားထားသည်။

အလုပ်ရှင်သည် ထိုင်းနိုင်ငံတွင် နာမည်ကြီး စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်ပြီး သူနှင့် မြန်မာအမျိုးသမီး၏ နေရပ်လိပ်စာများကို ထိုင်းသတင်းဌာနများတွင် ဖော်ပြခဲ့ခြင်းမရှိသဖြင့် မသိရှိရပေ။

Ref: Khaosod Online, Daily News, Sanook