ထားဝယ်မြို့၊ ဝဲကျွန်းညောင်ရမ်းရပ်ကွက် ကုသိနာရုံလမ်းတွင် ယနေ့ မေလ ၂၁ ရက် နံနက်ပိုင်းတွင် ရေတွင်းထဲခုန်ချသည့် အမျိုးသားတစ်ဦးကို အသက်ရှင်လျက် ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှ သိရသည်။
နံနက် ၁၀ နာရီတွင် အဆိုပါအမျိုးသား၏ ဖခင်ဖြစ်သူ၏ ဖုန်းဆက်အကြောင်းကြားချက်အရ ထားဝယ်မြို့နယ်မီးသတ်စခန်းက ဒုမီးသတ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်ခုနစ်ဦးတို့ သွားရောက်ပြီး ကယ်ဆယ်ရေးဆောင်ရွက်ခဲ့ကြောင်း ထားဝယ်ခရိုင် မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
ရေတွင်းထဲခုန်ချသူမှာ အသက် ၃၅ နှစ်အရွယ်ရှိ ဦးနေဝင်းဌေးဖြစ်ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
အဆိုပါအမျိုးသားသည် အရက်သောက်စားပြီး စိတ်ကယောင်ကတမ်းဖြစ်ကာ နေအိမ်ရှိ ပေ ၄၀ အနက်ရှိသော ရေတွင်းထဲသို့ ခုန်ချခဲ့ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆိုသည်။
“စိုးရိမ်ရတဲ့ ဒဏ်ရာတော့ မရှိဘူး။ ခုန်ချတယ်လို့ သိရတယ်” ဟု ၎င်းက ပြောဆိုသည်။








ရေတွင်းထဲတွင် ရေမှာ ခါးအထိရှိသဖြင့် ရေနစ်ခြင်းမရှိသလို ဒဏ်ရာလည်း ကြီးကြီးမားမား မရဘဲ ပွန်းပဲ့ဒဏ်ရာသာ ရရှိကြောင်း ကူညီကယ်ဆယ်ရေးတွင် ပါဝင်သူတစ်ဦးက ပြောသည်။
ဦးနေဝင်းဌေးကို နံနက် ၁၀ နာရီ ၁၅ မိနစ်အချိန်တွင် မီးသတ်တပ်ဖွဲ့ဝင်များအပါဝင် ဇမ္ဗူသီရိအဖွဲ့နှင့် ရပ်ကွက်နေ ပြည်သူများပူးပေါင်း၍ အသက်ရှင်လျက်ကယ်ဆယ်နိုင်ခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
ယင်းနောက် ဇမ္ဗူသီရိအဖွဲ့၏ အရေးပေါ်လူနာတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံးကြီးသို့ ပို့ဆောင်ထားကြောင်း အထက်ပါအဖွဲ့ထံမှသိရသည်။