BREAKING
April 21, 2025

မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်အဖြစ် တပ်ဖွဲ့ တပ်ရင်း ခြောက်ခုပူးပေါင်း

April 21, 2025

ပုံစာ - ဧပြီ ၁၇ ရက် တွေ့ဆုံခဲ့ကြသည့် မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်တပ်ဖွဲ့ တာဝန်ရှိသူအချို့အားတွေ့ရစဥ်။ Photo - KBDF

မွန်၊ ကရင်၊ ထားဝယ် စစ်ရေးမဟာမိတ်အဖြစ် အဆိုပါဒေသတို့တွင် စစ်ရေးလှုပ်ရှားနေသည့် တပ်ရင်း၊ တပ်ဖွဲ့ ခြောက်ခု ပူးပေါင်းရန် သဘောတူကြောင်း ဧပြီလ ၂၁ရက်တွင် ယင်းစစ်ရေးမဟာမိတ်တွင်ပါဝင်သည့် ကံပေါက်ဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ရေး မဟာမိတ်အဖြစ်ပူးပေါင်းသည့် တပ်ဖွဲ့များမှာ ဒေါနစစ်ကြောင်း ၃ (တပ်ခွဲ ၄ ၊ ၆၊ ၇) ၊ ကေအဲန်ယူ တပ်မဟာ ၆ ၏ တပ်ရင်း ၂၇ ၊ မွန်ပြည်သစ်ပါတီ (AD) ၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ၊ ABSDF တပ်ရင်း – ၁ ၊ ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) တို့ ဖြစ်သည်။

မြန်မာနှစ်ဆန်းတစ်ရက် ဧပြီလ ၁၇ ရက်တွင် အဆိုပါ တပ်ရင်း၊ တပ်ဖွဲ့ ခြောက်ခုက တာဝန်ရှိသူများ မြေပြင်တွင် တွေ့ဆုံဆွေးနွေးကာ သဘောတူညီခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

“ပူးပေါင်းဆောင်ရွက်မှု ရရှိဖို့အတွက်ကတော့ အစကတည်းက အွန်လိုင်းကနေ၊ တယ်လီဖုန်းကနေ ပြောဆိုဆက်ဆံ နေကြတာရှိတယ်။ အခုက မြေပြင်မှာ တစ်ခါတည်း မျက်နှာစုံညီတွေ့ဆုံလိုက်တော့ ယုံကြည်မှု ပိုအားကောင်းပြီး မဟာမိတ်တစ်ခုတည်ဆောက်နိုင်ခဲ့တာပါ” ဟု ဒေါနတပ်ရင်း၏ တပ်ခွဲ (၄) ဖြစ်သည့် ကံပေါက်ဒေသပြည်သူကာကွယ်တပ်ဖွဲ့ ၏ တာဝန်ခံ ရဲဘော်အောင်ပန်းက ပြောသည်။

မွန်နှင့် တနင်္သာရီအစပ်ရှိ ရေဖြူမြို့နယ်အတွင်းဝင်ရောက်နေသည့် စစ်ကောင်စီတပ် စစ်ကြောင်းများကို ဟန့်တားနိုင်ရေး၊ စစ်ရေးအရ အချိတ်အဆက်မိကာ အရှိန်မြှင့်ပူပေါင်းဆောင်ရွက်နိုင်ရေး၊ တပ်ဖွဲ့များအကြား အပြန်အလှန်ထိန်းကျောင်းနိုင် ရေးနှင့် အပြန်အလှန်အကူအညီများပေးနိုင်ရေးတို့ကို ရည်ရွယ်ပူးပေါင်းခြင်းဖြစ်ကြောင်း ဒေါနတပ်ခွဲ ၄ က ထုတ်ပြန်သည်။

ယခု မဟာမိတ်တည်ဆောက်မှုသည် တိုင်းရင်းသားလက်နက်ကိုင်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား ယုံကြည်မှု ပိုမိုတည်ဆောက်လာနိုင်ပြီး ယခင်ကတည်းက မျှော်လင့်နေသည့် မဟာမိတ်ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ခဲ့သလို နောက်ထပ်တပ်ဖွဲ့များ ပူးပေါင်းနိုင်ရန်လည်း ဆောင်ရွက်လျက်ရှိကြောင်း ရဲဘော်အောင်ပန်းက ပြောဆိုသည်။

မွန်နှင့် တနင်္သာရီ တော်လှန်ရေးအင်အားစုများအနေဖြင့် မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် တနင်္သာရီတိုင်းတို့တွင် ၂၀၂၃ ခုနှစ် ကတည်းက ပူးပေါင်းစစ်ဆင်ရေးများကို ဆောင်ရွက်နေကြောင်း မွန်နှင့် တနင်္သာရီ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးမှတ်တမ်းအရ သိရသည်။

ယခု ဧပြီလတတိယအပတ်တွင်လည်း ကေအဲန်ယူတပ်မဟာ ၄ ၏ ဦးဆောင်မှု ဖြင့် တနင်္သာရီတိုင်းက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၊ တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်း၍ ထိုင်း၊ မြန်မာနယ်စပ်အနီးရှိ ထီးထဗျူဟာ စခန်းကို တိုက်ခိုက်သိမ်းပိုက် နိုင်ခဲ့သည်။