BREAKING
April 21, 2025

ရေဖြူ မင်းသားရွာအုပ်စုတွင် စစ်ရေးတင်းမာနေဆဲ၊ လက်နက်ကြီးကြောင့် အိမ်မီးလောင်ပြီး လူငယ်တစ်ဦးဒဏ်ရာရ

April 21, 2025

ပုံစာ - ထွက်ပြေးတိမ်းရှောင်နေသည့် မင်းသား ဒေသခံများအား ယနေ့ ဧပြီလ ၂၁ ရက်တွင် တွေ့ရစဥ် ။ ဓာတ်ပုံ - ဒေသခံတစ်ဦး ။

ရေဖြူမြို့နယ်၊ မင်းသားကျေးရွာအုပ်စုတွင် စစ်ရေးတင်းမာနေဆဲဖြစ်ပြီး လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် စိန်ဘုံရွာတွင် နေအိမ်တစ်လုံးမီးလောင်ကာ လူငယ်တစ်ဦး ကျည်စထိမှန် ဒဏ်ရာရကြောင်း ဒေသခံများက ပြောသည်။

ဧပြီလ ၂၀ရက် နံနက်ပိုင်းတွင် စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ စစ်ကောင်စီတပ်ဘက်က စစ်အင်အားဖြည့်တင်းလျက်ရှိပြီး ယနေ့ ဧပြီလ ၂၁ ရက်အထိ စစ်ရေးတင်းမာနေကြောင်း တော်လှန်ရေးအင်အားစုများနှင့် ဒေသခံများက ဆိုသည်။

စစ်ကောင်စီတပ်က ဧပြီလ ၂၀ ရက်တိုက်ပွဲပြီးနောက် နေ့လယ်ပိုင်းတွင် မင်းသားရွာသို့ မောရဝတီရေတပ်ဘက်မှ ရေလမ်းဖြင့် အင်အားဖြည့်ခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

ယင်းအပြင် ညနေပိုင်းတွင်လည်း မင်းသားရွာအနီး လယ်ကြီးရွာဘူတာရုံအထိ စစ်ကားများဖြင့် စစ်ကောင်စီတပ်သားများ ရောက်လာပြီး ခြေလျင်စစ်ကြောင်းဖြင့် အင်အားထပ်ဖြည့်ထားကြောင်း မျက်မြင်တွေ့ရသည့် ဒေသခံများက ဆိုသည်။

“တိုက်ပွဲကတော့ အချိန်မရွေးပြန်ဖြစ်လာနိုင်တယ်။ စစ်ဆိုင်ပြီး စစ်ရေးတင်းမာနေတဲ့ အခြေအနေမှာရှိနေတယ်။ မနေ့ (ဧပြီ ၂၀) က ဖြစ်ခဲ့တဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာတာရှိသလို မဟာမိတ်ဘက်က မွန်တပ်ဖွဲ့တစ်ခုနဲ့ ဒေါနစစ်ကြောင်း က ရဲဘော်သုံးယောက် ထိခိုက်ဒဏ်ရာရထားတာရှိတယ်။ လေယာဥ်ကတော့ တိုက်ပွဲ မဖြစ်ခင်ရော၊ ဖြစ်နေတုန်းရောအပြင် ဒီနေ့အထိ ဝဲနေသေးတယ်။ ကြဲတာတော့ မရှိသေးဘူး” ဟု တိုက်ပွဲတွင် ပါဝင်သည့် ကံပေါက်ဒေသပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ တာဝန်ခံက ပြောသည်။

ဧပြီလ ၂၀ ရက် ညတွင် လက်နက်ကြီးပစ်ခတ်သံအချို့ကြားရကြောင်း ဒေသခံများက ဆိုသည်။

လက်နက်ကြီးကျည်ပေါက်ကွဲမှုကြောင့် မင်းသားကျေးရွာအုပ်စု၊ စိန်ဘုံရွာတွင် နေအိမ် တစ်လုံး မီးလောင်ခဲ့ပြီး မင်သားကျေးရွာအုပ်စုမှ အသက် ၁၈ နှစ်အောက် လူငယ်တစ်ဦး ဒဏ်ရာရခဲ့ကြောင်း ဒေသခံများက ပြောဆိုသည်။

“ရွာသားတွေ စစ်တပ်က မထွက်ခိုင်းလို့ ပိတ်မိနေသူတွေလည်း ရှိသေးတယ်။ ထွက်ပြေးလို့ရတဲ့သူတွေတော့ ထွက်ပြေးလာကြပြီ။ လက်နက်ကြီးအစ ဒဏ်ရာရထားတဲ့ကလေးလည်း ဆေးခန်းပြလို့ရမယ့်နေရာရောက်နေပြီ” ဟု မင်းသားအုပ်စုမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

မင်းသားကျေးရွာ အုပ်စုတွင် စစ်ကောင်စီဘက်က အင်အားဖြည့်တင်းထား၍ တော်လှန်ရေးအင်အားစုများနှင့် စစ်ရေးတင်းမာနေသဖြင့် မင်းသားအုပ်စုအတွင်းရှိ ကျေးရွာ ငါးရွာထက်မနည်းက ဒေသခံများ တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။