စစ်ကောင်စီရဟတ်ယာဉ်က ထိုင်း-မြန်မာနယ်စပ် ကန်ချနဘူရီလေပိုင်နက်ကို ကျော်ဖြတ်၍ မြန်မာဘက်ခြမ်းရှိ ထီးခီးဒေသကို ဗုံးကြဲတိုက်ခိုက်နေကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြနေကြသည်။
ယနေ့ နေ့လယ် ၁၂ နာရီခန့်က ကန်ချနဘူရီလေပိုင်နက်ထဲသို့ စစ်ကောင်စီရဟတ်ယာဉ်က ကျူးကျော်ပျံသန်းခဲ့ပြီး ထီးခီနယ်စပ်ဘက်က တိုက်ပွဲဖြစ်ပွားနေသော နေရာများသို့ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ပြီးခဲ့သော ဧပြီလ ၂၀ ရက်နေ့က ထိုင်း-မြန်မာနယ်စပ်အနီးတွင် ဗုံးမကြဲရန် ထိုင်းစစ်တပ်ဘက်က မြန်မာစစ်ကောင်စီထံ သတိပေးအကြောင်းကြားထားကြောင်း၊ ယခုလုပ်ရပ် ထိုင်းအစိုးရ၏ သတိပေးချက်များကို စစ်ကောင်စီဘက်က လိုက်နာခြင်းမရှိဘဲ ချိုးဖျက်လိုက်ခြင်းဖြစ်ကြောင်း သတင်းတွင် ရေးသားထားသည်။
ယနေ့နေ့လယ်ပိုင်းက မြန်မာစစ်ကောင်စီဘက်က ထိုင်းလေပိုင်နက်သို့ ကျူးကျော်ဝင်ရောက်လာပြီး မြန်မာဖက်အခြမ်းရှိ ထီးခီးနယ်စပ်ဘက်သို့ ဗုံး ၁၀ လုံးကျော် ကြဲချခဲ့သည့် အသံကို ဒေသခံများက ကြားခဲ့ရကြောင်း သတင်းတွင် ဖော်ပြထားသည်။
လက်ရှိတွင် လေပိုင်နက်ကျူးကျော်ဝင်ရောက်မှုများကို ကာကွယ်နိုင်ရေး ထိုင်းဘက်ခြမ်း ကန်ချနဘူရီဒေသသို့ လေယာဉ်ပစ်လက်နက်များကို ရွှေ့ပြောင်းနေပြီဖြစ်ကြောင်း သတင်းများအရ သိရသည်။
စစ်ကောင်စီဘက်က ကျူးကျော်ဝင်ရောက်သော နေရာသည် ကန်ချနဘူရီခရိုင်ရှိ ဖူနမ်ရွန်ဒေသဖြစ်ပြီး မြန်မာဘက်က ထီးခီးနယ်စပ်စခန်းနှင့် ဆက်စပ်နေသော နေရာဖြစ်သည်။
ပြီးခဲ့သော ဧပြီလ ၁၉ ရက်နေ့က ထီးထဗျူဟာစခန်းကုန်းကို KNU တပ်မဟာ (၄) တပ်မဟာမှူး စောဖိုးလေးဦးဆောင်သည့် KNLA နှင့် PDF ပူးပေါင်းတပ်များက သိမ်းယူနိုင်ခဲ့သည်။
ထီးထဗျူဟာစခန်းကုန်းသည် ထိုင်း-မြန်မာ ထီးခီးနယ်စပ်စခန်းနှင့် ထားဝယ်-ထီးခီးနယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကို စိုးမိုးထိန်းချုပ်ရန် အရေးပါသည့်စခန်းတစ်ခုဖြစ်သည်။
ယနေ့ နံနက်ပိုင်းမှစ၍ ယင်းစခန်းကုန်းအနီးတွင် တိုက်ပွဲများ ပြန်လည်ပြင်းထန်လာနေပြီးနောက် စစ်ကောင်စီဘက်က ထိုင်းလေပိုင်နက်ထဲ ကျူးကျော်ပြီး ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
Ref: Khoasod English, kanchanaburi News, Thairath