BREAKING
April 21, 2025

ကမ္ဘာ့ပထမဆုံး လက်တင်အမေရိကနွယ်ဖွား ပုပ်ရဟန်းမင်းကြီး ကွယ်လွန်

April 21, 2025

ကမ္ဘာ့ပထမဆုံး လက်တင်အမေရိကနွယ်ဖွား ပုပ်ရဟန်းမင်းကြီးဖြစ်သည့် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ယနေ့ ဧပြီလ ၂၁ ရက် ဒေသစံတော်ချိန် နံနက် ၇ နာရီ ၃၅ မိနစ်တွင် ကွယ်လွန်သွားခဲ့ပြီ ဖြစ်ကြောင်း ဗာတီကန်ကျောင်းတော်က ထုတ်ပြန်လိုက်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် ကွယ်လွန်ချိန်တွင် သက်တော် ၈၈ နှစ်အရွယ် ရှိနေပြီဖြစ်သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် အာဂျင်တီးနားနိုင်ငံသားဖြစ်ပြီး အမည်ရင်းမှာ Jeorge Mario Bergoglio ဖြစ်သည်။ ၎င်းသည် ၂၀၁၃ ခုနှစ် မတ်လ ၁၃ ရက်နေ့တွင် လက်တင်အမေရိကနွယ်ဖွား ကမ္ဘာ့ပထမဆုံး ပုပ်ရဟန်းမင်းကြီး ဖြစ်လာခဲ့သည်။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်သည် နှိမ့်ချတတ်ပြီး ဆင်းရဲသားများအပေါ် စာနာထောက်ထားသည်ဟု လူသိများကျော်ကြားသည်။

နှစ်ပေါင်း၂၀၀၀ သက်တမ်းရှိသည့် ကက်သလစ်ကျောင်းတော်အတွက် ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က အားအင်အသစ်နှင့် မျှော်လင့်ချက်အသစ်များ ယူဆောင်လာခဲ့သည်ဟု AP သတင်းဌာနက ယနေ့ ဖော်ပြထားသည်။

သို့သော်လည်း အရင်းရှင်စနစ်ကို ဆန့်ကျင်ပြောဆိုမှု၊ ရာသီဥတုဖောက်ပြန်မှုအန္တရာယ်ကို သတိပေးမှုတို့ကြောင့် ပုပ်ရဟန်းမင်းကြီးဖရန်စစ်ကို ရှေးရိုးစွဲကွန်ဆာဗေးတစ်သမားအချို့က မနှစ်မြို့ကြပေ။

ပုပ်ရဟန်းမင်းကြီး ဖရန်စစ်နေရာကို ဆက်ခံနိုင်မည့် ကမ္ဘာတစ်ဝန်းက ဆရာတော်ကြီး ၁၂ ပါးတွင် မြန်မာနိုင်ငံက ကာဒီနယ် ချားလ်စ်မောင်ဘို ပါဝင်ကြောင်း အမေရိကန်အခြေစိုက် ကက်သလစ်သတင်းစာတစ်စောင်ဖြစ်သည့် The Remnant က ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ရေးသားဖော်ပြခဲ့သည်။