ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းရှိ သိန်ခွန်းရွာတွင် တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုများခဲ့သလို ကော်သူးလေတပ်ဖွဲ့ဝင်တစ်ဦးလည်း သေဆုံးခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဝင်အချို့ထံမှ သိရသည်။
ဧပြီလ ၁၉ ရက်နေ့ နံနက် ၉ နာရီခန့်တွင် သိန်ခွန်းကျေးရွာ၌ တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားရာ KTLA-tcjf(ကော်သူးလေတပ်-ထီးဆဲ့မယ့်ရွာတပ်ရင်း)မှ တပ်ဖွဲ့ဝင်တစ်ဦးသေဆုံးခဲ့ကြောင်း တပ်ဖွဲ့ဝင်တစ်ဦးက ဆိုသည်။
“နယ်မြေရှင်းလင်းရေးသွားရင်း ဖြစ်ကြပြီး ထိသွားကြတယ်။ နှစ်ယောက်ထိပြီး တစ်ယောက်က ပွဲချင်းပြီး သေသွားတယ်” ဟု အထက်ပါ တပ်ဖွဲ့ဝင်က ပြောသည်။
အနီးကပ်တိုက်ပွဲဖြစ်သဖြင့် တပ်ဖွဲ့ဝင်တစ်ဦး၏ ရင်ဘတ်တွင် ကျည်ထိမှန်ပြီး နေရာတွင်ပင် သေဆုံးကာ အခြားတပ်ဖွဲ့ဝင်တစ်ဦးမှာ ဒဏ်ရာအနည်းငယ်ရသွားကြောင်း အသက် ၂၈ နှစ်အရွယ် တော်လှန်ရေးတပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။
”တိုက်ပွဲအတွင်း ၄၀ မမ လက်နက်ကြီးနဲ့ပစ်တယ်။ သူတို့ဘက်ကလည်း အထိတော်တော်နာတယ်။ အသေးစိတ်တော့ မသိရသေးဘူး” ဟု ၎င်းက ပြောသည်။
ထိုင်း-မြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ရန် စစ်ကောင်စီတပ်က အင်အားရာချီသုံးပြီး စစ်ကြောင်းထိုးနေသဖြင့် သိန်ခွန်းကျေးရွာနှင့်အနီးဝန်းကျင်ကျေးရွာများတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ လေးလကျော်လာပြီဖြစ်သည်။
ထိုသို့ တိုက်ပွဲများ တောက်လျှောက်ဖြစ်ပွားနေသဖြင့် သယ်ယူပို့ဆောင်ရေးလမ်းများ ပိတ်နေပြီး ထိုင်းနယ်စပ်ဖြစ်သည့် မောတောင်မြို့တွင် ပြည်တွင်းထုတ်စားနပ်ရိက္ခာများ ဝယ်ယူရန်ခက်ခဲနေသည်။