မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၁) ထိန်းချုပ်နယ်မြေ၊ မင်းစောကျေးရွာ ဘုန်းတော်ကြီးကျောင်း လေကြောင်းတိုက်ခိုက်ခံရပြီး ကိုရင်တစ်ပါးနှင့် သက်ကြီးပိုင်း အမျိုးသမီးနှစ်ဦး သေဆုံးကြောင်း KNU သထုံခရိုင်ထံမှ သိရသည်။
ဧပြီလ ၁၉ရက် နံနက် ၁၁နာရီကျော်တွင် စစ်ကောင်စီတပ်က ဂျက်တိုက်လေယာဉ်ဖြင့် ဘုန်းကြီးကျောင်းဝင်းထဲကို ပေါင် ၅၀၀ ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ဆွမ်းစားကျောင်းဆောင်ပေါ် ကျရောက်ပေါက်ကွဲကြောင်း KNU ထံမှ သိရသည်။
ဆွမ်းစားကျောင်းဆောင်တွင် ဆွမ်းစားနေသည့် အသက် ၁၀နှစ်အရွယ် ကိုရင်တစ်ပါးနှင့် အသက် ၆၅ နှစ်အရွယ် နော်လှမြင့်၊ အသက် ၆၀ နှစ်အရွယ် နော်မဝဲတို့ သုံးဦးသေဆုံးကြောင်း KNU သထုံခရိုင်၏ အချက်အလက်များအရ သိရသည်။
၎င်းအပြင် ကိုရင်ကြီးတစ်ပါး၊ ရဟန်းနှစ်ပါးနှင့် အသက် ၂၆ နှစ်အရွယ် နော်မုကို့၊ အသက် ၂၇ နှစ်အရွယ် နော်မမိုး၊ အသက် ၇၀ နှစ်အရွယ် စောမောင်ရွှေ၊ အသက် ၆၂ နှစ်အရွယ် စောဂွတို၊ အသက် ၂၈ နှစ်အရွယ် စောမောင်နူ၊ အသက် ၄၄ နှစ်အရွယ် စောကျော်ကေ့တို့ ထိခိုက်ဒဏ်ရာရကြောင်း ဆိုသည်။
“ဆွမ်းစားကျောင်းဆောင်ပေါ် တည့်တည့်ကို ပစ်ချသွားတယ်။ ဆွမ်းစားချိန်လည်း ဖြစ်နေတော့ အဲဒီမှာ ဘုန်းကြီးတွေရော၊ လူတွေရော ထိသွားတယ်။ မင်းစောရွာဘက်မှာတော့ ဘာတိုက်ပွဲမှ မရှိပါဘူး။ တမင်သက်သက်ကို ဗုံးလာကြဲသွားတာ” ဟု ဒေသခံတစ်ဦးက ပြောသည်။
လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် မင်းစောရွာဘုန်းကြီးကျောင်း ဆွမ်းစားကျောင်းဆောင်၊ ဓမ္မာရုံနှင့် ကျောင်းစောင်းတန်းလည်း ပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
စစ်ကောင်စီက အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ ဘုရားကျောင်းများနှင့် စစ်ရှောင်ပြည်သူများ နေထိုင်ရာ နေရာတို့ကို လက်နက်ကြီးများ၊ လေယာဉ်များဖြင့် ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း KNU (ဗဟို) က ထုတ်ပြန်ထားသည်။
ထိုကြောင့် အရပ်သားပြည်သူများအနေဖြင့် စစ်ကောင်စီတပ် ပစ်မှတ်ထားတိုက်ခိုက်နိုင်သည့် အဆောက်အအုံများနှင့် ဝေးရာတွင် နေထိုင်ကြရန်၊ တိုက်ပွဲဖြစ်ပွားရာ ဒေသများသို့ အရေးပေါ် အကြောင်းကိစ္စမရှိဘဲ မသွားကြရန် တိုက်တွန်းထားသည်။
လတ်တလောတွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ အကြား တိုက်ပွဲပြင်းထန်လျက်ရှိပြီး စစ်ကောင်စီဘက်က လေကြောင်းတိုက်ခိုက်မှု ဆက်တိုက်ပြုလုပ်နေသည်။