BREAKING
April 21, 2025

ဘန်ကောက်အဆောက်အအုံ ပြိုကျမှုအတွက် တရုတ်နိုင်ငံသားတစ်ဦးကို ဖမ်းဆီး

April 21, 2025

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ငလျင်ဒဏ်ကြောင့် ပြိုကျသွားသော စာရင်းစစ်ချုပ်ရုံးအဆောက်အအုံ စီမံကိန်းနှင့် ပတ်သက်၍ တရုတ်နိုင်ငံသား အမှုဆောင်တစ်ဦးကို ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများတွင် ဖော်ပြသည်။

ဧပြီလ ၁၉ ရက်နေ့က ဘန်ကောက်မြို့ ရက်ချဒါဖီးဆက်နေရာရှိ ဟိုတယ်တစ်ခုတွင် တရုတ်နိုင်ငံသား Chuanling Zhang ကို စီမံကိန်းအရ ဆောက်လုပ်နေသော အထပ်မြင့်အဆောက်အအုံပြိုကျမှုနှင့် ပတ်သက်၍ ဝရမ်းထုတ်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော Chuanling Zhang ကို အထူးစုံစမ်းရေးဌာန (DSI) သို့ ခေါ်ဆောင်၍ မေးမြန်းစစ်ဆေးပြီးနောက် တရားရုံးမှ ရမန်ရယူ၍ အချုပ်ထဲ ထိန်းသိမ်းထားကြောင်း သိရသည်။

Chuanling Zhang ကို နိုင်ငံခြားစီးပွားရေးလုပ်ငန်းအက်ဥပဒေအောက်က တရားစွဲထားပြီး ၎င်းက စွပ်စွဲချက်အားလုံးကို ငြင်းဆိုထားကြောင်း ထိုင်းသတင်းများတွင်ဖော်ပြသည်။

ငလျင်ကြောင့် ပြိုကျခဲ့သော အဆောက်အအုံကို တည်ဆောက်ရန် တာဝန်ယူထားသော တရုတ် ကုမ္ပဏီ China Railway No.10 ၏ အမှုဆောင်အဖွဲ့ဝင်များဖြစ်သော Chuanling Zhang နှင့်အတူ ထိုင်းနိုင်ငံသား သုံးဦးကို ထိုင်းတရားရုံးက ဧပြီလ ၁၉ ရက်နေ့က ဖမ်းဝရမ်းထုတ်လိုက်ခြင်းဖြစ်သည်။

လက်ရှိတွင် ကျန်ထိုင်းနိုင်ငံသားသုံးဦးမှာ ထွက်ပြေးလွတ်မြောက်နေဆဲဖြစ်သဖြင့် ထိုင်းစုံစမ်းစစ်ဆေးရေးဌာနက ရှာဖွေနေဆဲဖြစ်ကြောင်း ဖော်ပြသည်။

ပြိုကျခဲ့သော စာရင်းချုပ်ရုံးအဆောက်အအုံကို China Railway No.10 ကုမ္ပဏီနှင့်အတူ အီတာလျံ-ထိုင်း ကုမ္ပဏီတို့က ပူးပေါင်းဆောက်လုပ်နေခြင်းဖြစ်သည်။

ဖမ်းဆီးခံရသော တရုတ်နိုင်ငံသားမှာ Chuanling Zhang က China Railway No.10 ကုမ္ပဏီ၏ ရှယ်ယာ ၄၉ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားပြီး ကျန်ဝရမ်းထုတ်ထားသူ ထိုင်းသုံးဦးက ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်ကြကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက် အရသိရသည်။

နောက်ဆုံးအချက်အလက်များအရ အဆောက်အအုံ ပြိုကျမှုကြောင့် သေဆုံးသူ ၄၇ ဦးအထိ ရှိလာပြီး ပျောက်ဆုံးနေသူ ၄၇ ဦး ရှိနေဆဲဖြစ်ကြောင်း သတင်းများအရသိရသည်။

သေဆုံးသူများထဲတွင် မြန်မာအလုပ်သမား ၁၀ ဦးကျော်အထိ ပါဝင်သည်။

ပြိုကျအဆောက်အအုံတွင် အသုံးပြုထားသော သံချောင်းများကလည်း အရည်အသွေး စံချိန်မမီသည်ကို စစ်ဆေးတွေ့ရှိခဲ့သဖြင့် ပြီးခဲ့သော ဧပြီလ ၁၁ ရက်နေ့က ရယွန်ခရိုင်ရှိ တရုတ်လုပ်ငန်းရှင် Xin Ke Yuan ပိုင် စက်ရုံက ထိုင်းအာဏာပိုင်များက ဝင်ရောက်စီးနင်းခဲ့သေးသည်။

Ref: Bangkok Post, The Nation Thailand, The Strait Times