BREAKING
December 27, 2024

စီစဉ်ထားသည့်အတိုင်း ထောက်လှမ်းရေးဂြိုဟ်တု လွှတ်တင်ရန် မြောက်ကိုရီးယားခေါင်းဆောင် အမိန့်ပေး

April 21, 2023

စစ်ရေးထောက်လှမ်းနိုင်စွမ်း မြှင့်တင်ရန်အတွက် ထောက်လှမ်းရေးဂြိုဟ်တုကို စီစဉ်ထားသည့်အတိုင်း ပစ်လွှတ်ရန် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်က တာဝန်ရှိသူများကို အမိန့်ပေးလိုက်သည်။

ယင်းမှာ အမေရိကန်နှင့် တောင်ကိုရီးယားတို့၏ ခြိမ်းခြောက်မှုများကို တန်ပြန်ရေးအတွက် ဦးစားပေးလုပ်ငန်း ဖြစ်သည်ဟု မြောက်ကိုရီးယား နိုင်ငံပိုင်မီဒီယာက ဧပြီလ ၁၉ ရက်နေ့ တွင် ဖော်ပြခဲ့သည်။

မြောက်ကိုရီးယားသည် ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာလတွင် အဆိုပါ ဂြိုဟ်တုအတွက် အရေးကြီးသော နောက်ဆုံးအဆင့် စမ်းသပ်မှုကို လုပ်ဆောင်ခဲ့ပြီးနောက် ၂၀၂၃ခုနှစ်၊ ဧပြီလတွင် ပြင်ဆင်မှုများ အပြီးသတ်မည်ဟု ပြောကြားခဲ့သည်။

အမျိုးသား အာကာသ ဖွံ့ဖြိုးတိုးတက်ရေး ဌာနသို့ ဧပြီလ ၁၈ ရက်နေ့က သွားရောက်လည်ပတ်စဉ်တွင် ကင်မ်ဂျုံအန်းသည် ယင်းဂြိုဟ်တုအား စီစဉ်ထားသည့်အတိုင်း လွှတ်တင်ရန် တိုက်တွန်းခဲ့ပြီး နိုင်ငံ၏ ထောက်လှမ်းမှုစွမ်းရည်ကို မြှင့်တင်ရန်အတွက် မတူညီသော ပတ်လမ်းများတွင် ကင်းထောက်ဂြိုဟ်တု အများအပြား ချထားရန် အမိန့်ပေးခဲ့ကြောင်း နိုင်ငံပိုင်သတင်းအေဂျင်စီ ကေစီအန်အေ က ပြောကြားခဲ့သည်။

ကေစီအန်အေသတင်းတွင် အဆိုပါ ဂြိုဟ်တု၏ ထုတ်လုပ်တပ်ဆင်မှု ပြီးစီးပြီဖြစ်ကြောင်း ဖော်ပြထားသော်လည်း လွှတ်တင်မည့်ရက်ကိုမူ အတိအကျ မဖော်ပြထားပေ။

အဆိုပါ ဂြိုဟ်တုကို ပိုင်ဆိုင်ခြင်းမှာ မြောက်ကိုရီးယား၏ လက်နက်ကိုင်တပ်ဖွဲ့များ အားကောင်းလာစေရန် မရှိမဖြစ် ဖြည့်ဆည်းရမည့် အဓိကတာဝန်ဖြစ်သည်ဟု ကင်မ်က ပြောကြားခဲ့ကြောင်း ကေစီအန်အေ က ဖော်ပြခဲ့သည်။

နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်ခဲ့သည့် ဓာတ်ပုံတစ်ခုတွင် ကင်မ်သည် ၎င်း၏သမီးနှင့်အတူ ဂြိုဟ်တုတစ်ခု၏ မှုန်ဝါးဝါးပုံရိပ်တစ်ခုရှေ့တွင် တာဝန်ရှိသူများနှင့် စကားပြောနေသည်ကို ပြသခဲ့သည်။

မြောက်ကိုရီးယားမှ လောင်စာဆီ တိုက်လုံးပစ်ဒုံးကျည်အသစ်ကို စမ်းသပ်ပြီးနောက် ရက်ပိုင်းအကြာတွင် ယခုလို ကင်မ်ဂျုံအန်၏ အာကာသအေဂျင်စီသို့ လာရောက်လည်ပတ်မှုကို ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ဤသို့ ထုတ်ပြန်ချက်ကြောင့် မြောက်ကိုရီးယားအနေနှင့် ဒုံးကျည်ပစ်လွှတ်မှုများကို ဆောင်ရွက်ရာတွင် သတိပေးချက်အနည်းငယ်ဖြင့် လွယ်ကူချောမွေ့စေမည်ဟု ကျွမ်းကျင်သူများက သုံးသပ်ခဲ့သည်။

Reference ● Reuters ● Thai PBS World