BREAKING
March 1, 2025

တနင်္သာရီ စစ်ရှောင်များအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာ အရေးတကြီးလိုအပ်

April 21, 2023

ဓာတ်ပုံ - နွေဦးမေတ္တာ စစ်ဘေးရှောင်ကူညီပံ့ပိုးရေးအဖွဲ့

မြိတ်ခရိုင်၊တနင်္သာရီမြို့နယ်မှ စစ်ဘေးရှောင်လာသူများအတွက် စားနပ်ရိက္ခာနှင့် အမိုးအကာများ အရေးတကြီး လိုအပ်နေကြောင်း စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးနေသည့် နွေဦးမေတ္တာ-စစ်ရှောင်ကူညီရေးအဖွဲ့မှ သိရသည်။

မတ်လ ၂၈ ရက်နေ့မှ ဧပြီလ ၁၄ ရက်နေ့အထိ တနင်္သာရီမြို့နယ်အတွင်း တိုက်ပွဲများပြင်းထန်ခဲ့ပြီး အနည်းဆုံးကျေးရွာ ဆယ်ရွာမှ ဒေသခံတစ်သောင်းဝန်းကျင် တောတောင်များအတွင်း ထွက်ပြေးတိမ်းရှောင် နေရခြင်းဖြစ်သည်။

“ကျွန်တော်တို့မှာရှိတဲ့ ရိက္ခာတွေနဲ့ အခြားတစ်ဖွဲ့မှာရှိတဲ့ ရိက္ခာတွေပေါင်းပြီး သုံးရက်တစ်ကြိမ် ငါးရက်တစ်ကြိမ် ရိက္ခာတွေဖြန့်ဝေပေးနေတယ် ဆိုပေမယ့် လက်ရှိမှာ အလှူရှင်တွေက နည်းသေးတော့ လုံလောက်မှုက မရှိသေးဘူးပေါ့။ အဓိကတော့ စားနပ်ရိက္ခာနဲ့ ဆေးဝါးလိုအပ်နေပါတယ်”ဟု နွေဦးမေတ္တာ စစ်ရှောင်ကူညီရေးအဖွဲ့မှ ပြောခွင့်ရသူကပြောသည်။

အလှူရှင်နည်းသေးသည့်အတွက်လည်း အရန်ထားရှိသည့် ရိက္ခာများကို ထုတ်သုံးခွဲဝေပေးနေရသည်ဟု ၎င်းကပြောသည်။

လတ်တလောတွင် မိုးရွာသွန်းမှုအချို့ စတင်ရှိနေပြီး မကြာမီမိုးရာသီရောက်လာတော့မည် ဖြစ်သည့်အတွက် အမိုးအကာ တာလပတ်များလည်း လိုအပ်နေကြောင်း သိရသည်။

“လက်ရှိကတော့ လူမရှိတဲ့နေအိမ်တွေမှာ ပေးနေထားတာရှိသလို တောတောင်ဥယျာဥ်တွေအတွင်းမှာ အခင်းခင်းပြီးနေကြသူတွေလည်း အများကြီးရှိတယ်။ မိုးရာသီရောက်ရင်တော့ သူတို့အတွက် အမိုးအကာတွေ လိုအပ်လာပြီပေါ့”ဟု အထက်ပါ ပြောရေးဆိုခွင့်ရှိသူကပြောသည်။

လက်ရှိ ၎င်းတို့ထွက်ပြေးလာကြသည့် ကျေးရွာအုပ်စုများအတွင်း နှစ်ဖက်စစ်ရေးတင်းမာနေဆဲ အခြေအနေဖြစ်နေပြီး တိုက်ပွဲများလည်း အချိန်မရွေးဖြစ်ပွါးလာနိုင်သဖြင့် ထွက်ပြေးလာကြသူများမှာ နေရပ်မပြန်ရဲကြသေးကြောင်း နွေဦးမေတ္တာအဖွဲ့ တာဝန်ရှိသူကပြောသည်။

ထွက်ပြေးလာကြသူများမှာ ဘန်းလမွတ်ကျေးရွာအုပ်စုမှ ဘန်းလမွတ်၊ရမ်းဖို၊ကမ်းတို၊ ညောင်ပင်ကုန်း၊ အနောက်မော်တုန်းနှင့် သိန်ခွန်းကျေးရွာအုပ်စုမှ သိန်ခွန်း၊သဲဖြူ၊ချောင်းနှစ်ပေါက်၊ ကြိမ်ချောင်းတို့မှဖြစ်ကြောင်း သိရသည်။

၎င်းကျေးရွာအုပ်စုများတွင် မတ်လကုန်ခါနီးမှ ဧပြီလလယ်အထိ ရက်ဆက်တိုက်ပွဲများဖြစ်ပွါးခဲ့သည်။

တနင်္သာရီမြို့နယ်အတွင်း နွေဦးမေတ္တာ စစ်ရှောင်ကူညီရေးအဖွဲ့နှင့် တွဲလက်ညီညီ စစ်ရှောင်ကူညီရေးအဖွဲ့တို့ ပူးပေါင်းအကူအညီပေးလျက်ရှိပြီး အလှူရှင်များလည်း ၎င်းတို့၏ ဖေ့စ်ဘွတ်မက်ဆင်ဂျာမှတစ်ဆင့် ဆက်သွယ်ကာ လှူဒါန်းကြပါရန်လည်း တိုက်တွန်းထားသည်။